ကိန်းစစ်
From Wikipedia, the free encyclopedia
သင်္ချာသဘောတရား အရ၊ ကိန်းစစ် (အင်္ဂလိပ်: real number) ဟူသည်မှာ - အကွာအဝေး အလျား၊ အချိန်ကုန်ဆုံးမှု၊ အပူချိန် စသည်တို့ ကဲ့သို့သော တိုင်းကြောင်း၁-ခုတည်းအားဖြင့် (1-dimensionally) ပမာဏဖြစ်နိုင်မှု တဆက်တည်းသဘော ရှိသည့် (continuous) တိုင်းဖွယ် အခြင်းအရာ (quantity) တို့၏ ပမာဏကို ကိုယ်စားပြု ဖော်ပြနိုင်သော ကိန်းတလုံးချင်းတို့ ဖြစ်၏။ ဤတွင် "(ပမာဏဖြစ်နိုင်မှု) တဆက်တည်းသဘော" ဆိုသည်မှာ - မည်သည့်ကျပန်း ပမာဏတန်ဖိုးတခုခုအဖို့ မဆို၊ ၎င်းမှ (သင်္ချာတွက်မှုအတိ၌ သုညပင် ဖြစ်သွားအောင်) သဘောအားဖြင့် သေးငယ်လွန်းလှသော ပမာဏကလေး အတိုးအလျော့ ဖြစ်ပေါ်တည်ရှိနိုင်ခြင်းကို ညွှန်းဆို၏။[မှတ်စု 1] ဒသမနေရာများ လိုသလောက် ဖော်ပြကြေးဖြင့်လျှင်၊ ရှိသမျှ ကိန်းစစ် (real number) တို့၏ ကိုယ်စီတန်ဖိုးပမာဏများသည် (အခြား ဒသမကိန်းတခုနှင့်မျှ ဂဏန်းတိုင်း ထပ်တူ မကျသော) ဒသမကိန်းများ ကိုယ်စီ ဖြစ်ရှိနေမည်။[မှတ်စု 2][1]
ကိန်းမျဉ်းဖြင့် ကိန်းစစ်တို့ကို ကိုယ်စားပြုလျှင်၊ ၎င်းပေါ်ရှိ အမှတ်တိုင်းကို ကိန်းစစ် တစ်လုံးစီ ဖြစ်နေအံ့။ (မည်မျှ သေးငယ်သော ကိန်းကိုမဆိုလည်း ကိန်းစစ်ဖြင့် ဖော်ပြနိုင်၏။)
ထို့နောက် ကိန်းမျဉ်းတစ်ခုပေါ်ရှိ ကိန်းပြည့်များနှင့် အပိုင်းကိန်းများ အားလုံး၊ ရာရှင်နယ်ကိန်း ခေါ် အတိပြကိန်း (rational number)များနှင့် အီရာရှင်နယ်ကိန်း (ခေါ်) အတိမပြကိန်းများ အားလုံးမှာလည်း ဤကိန်းစစ်များထဲ တစိတ်တပိုင်း အကျုံးဝင်သည်။
မည်သည့် ကိန်းစစ်အသီးသီးကိုမဆို အဆုံးမဲ့ဒသမကိန်းတို့ဖြင့် ဖော်ပြနိုင်သည်။[မှတ်စု 3][2]