ကလောင်ငှက်
From Wikipedia, the free encyclopedia
ငှက်လောကထဲတွင် ထူးဆန်းအံ့ဩဖွယ်ကောင်သော ငှက်တစ်မျိုးမှာ ကလောင်ငှက် (Secretary Bird)ဖြစ်သည်။ ထိုငှက်၏ ဦးခေါင်းနောက်တွင် မည်းနက်သော အတောင်ရှည်များသည် မတ်ထောင်လျက်ထွက် နေလေရာ ရှေးအခါက စာရေးတော်ကြီးများ၏နားရွက်တွင် ကြက်တောင်ကလောင်တံများ ညှပ်ထားသကဲ့သို့ ထင်ရသည်။ ထိုကြောင့်ပင်လျှင် 'ကလောင်ငှက်' ဟူသောနာမည်ထူးကို ရရှိသည်။
ကလောင်ငှက် | |
---|---|
In Serengeti National Park | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Accipitriformes |
မျိုးရင်း: | Sagittariidae |
မျိုးစု: | Sagittarius Hermann1783 |
မျိုးစိတ်: | S. serpentarius |
ဒွိနာမ | |
Sagittarius serpentarius (J. F. Miller, 1779) | |
Distribution shown in green | |
Synonyms[2] | |
List
|
ကလောင်ငှက်၏ သိပ္ပံအမည်မှာ ဆာဂစ်တာရီးယပ်စ် ဆာပန်တေးရီးယပ်စ် ဖြစ်သည်။ အရွယ်အစားကြီးမားပြီး မြေပြင်ပေါ်တွင်ပင် အများဆုံးကျက်စားသော ငှက်ရဲ တစ်မျိုး ဖြစ်သည်။ အာဖရိကတိုက်တွင်ပင် တွေ့ရပြီး ဆာဟာရ သဲကန္တာရ၏ တောင်ဘက်တွင် ရှိ သော ဆာဗားနားမြက်ခင်းပြင်များနှင့် ကွင်းခေါင်ခေါင်များတွင် ကျက်စားသည်။ သူတစ်ပါး၏အသားကို သတ်ဖြတ်စားသောက်ရာ၌ အသန်မာဆုံးသော ငှက်မျိုးဖြစ်၏။ လင်းယုန်နှင့် လင်းတငှက်မျိုးတို့နှင့် နီးစပ်သည်။
ကလောင်ငှက်တွင် အလွန်ရှည်လျားသော ခြေထောက်များရှိ၍ ၄ ပေခန့် အရပ်မြင့်သည်။ အမြီးမှာ မြေကြီးနှင့် ထိနေသည်။ နှုတ်သီးမှာ အလွန်သန်မာ၍ ငါးမျှားချိတ်ကဲ့သို့ ကောက်ချိတ်နေသည်။ မျက်လုံးပတ်လည်ရှိ အရေပြားမှာ လိမ်မော်ရောင်ထနေသည်။ ဦးခေါင်း၊ လည်ပင်းနှင့် ကျောကုန်းမှာ မွဲပြာ၍ အောက်ပိုင်းမှာ မည်းနက်သည်။
ဖား၊ ပိုးမွှား၊ အိမ်မြှောင်၊ လိပ်ကလေးများနှင့် မြွေတို့သည် ကလောင်ငှက်၏ အစာဖြစ်၏။ အလွန် အဆိပ် ပြင်းထန်သောမြွေများကိုပင် သတ်ဖြတ်စားသောက်သည်။ သူ၏ရှည်လျားသော ခြေထောက်များဖြင့် မြွေကို မပြေးနိုင်အောင် နင်းထားပြီးနောက် သန်မာသောတောင်ပံများဖြင့် ကိုယ်ကိုကာကွယ်ထားလေရာ မြွေဆိပ်မှ မစိုးရိမ်ရချေ။
ကလောင်ငှက်သည် ခြေတံရှည်သလောက် လမ်းလျှောက်မြန်၊ အပြေးမြန်သည်။ မြင်းပြေးသလောက် ပြေးနိုင်၏။ တစ်ခါတစ်ရံမှသာ ပျံသန်းသော်လည်း ကောင်းစွာ ပျံနိုင်သည်။ များသောအားဖြင့် မြေကြီးပေါ်၌သာ နေသည်။ ကြီးမားသောအသိုက်ကို သစ်ပင်ထက်၌ဖြစ်စေ၊ ချုံဖုတ်ထဲတွင်ဖြစ်စေ ပြုလုပ်လေသည်။ ဩဂုတ်လတွင် ဥများဥ၍ ဥမှာ ဖြူဖွေး၍ အညိုရောင်အစက်များ ပါရှိသည်။[3]