ဗွိုင်ယေဂျာစီမံကိန်း
From Wikipedia, the free encyclopedia
ဗွိုင်ယေဂျာ စီမံကိန်းသည် ဗွိုင်ယေဂျာ ၁ အာကာသယာဉ် နှင့် ဗွိုင်ယေဂျာ ၂ အာကာသယာဉ် များဟူသော လူမပါသောအာကာသခရီးစဉ်နှစ်ခု ပစ်လွှတ်ခဲ့သည့် အမေရိကန် သိပ္ပံစီမံကိန်းဖြစ်သည်။ ယင်းအား ၁၉၇၇ ခုနှစ်တွင် ဂြိုဟ်များ တဖြောင့်တည်းတန်းသော အချိန်ကာလကိုရွေးကာ ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။ စီမံကိန်း၏ မူလရည်ရွယ်ချက်သည် ဂျူပီတာဂြိုဟ်၊ စနေဂြိုဟ်တို့အား လေ့လာရန်ဖြစ်သော်လည်း နေအဖွဲ့အစည်း အပြင်ဘက်သို့ ခရီးဆက်နိုင်ခဲ့သည်။ ယင်းသည် အာကာသနက်နက် ဖြစ်သော ဟီလီယိုရှီးသို့ တိုးဝင်သွားမည်ဟု မျော်လင့်ရသည်။ အာကာသယာဉ်နှင့်ပတ်သက်သည့် ကိစ္စရပ်များအား ဖလော်ရီဒါပြည်နယ်ရှိ ကိတ် ကာနယ်ဗယ်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အာကာသယာဉ်နှစ်စင်းအား တောင်ကာလီဖိုးနီးယားပြည်နယ်ရှိ Jet Propulsion Laboratory တွင်တည်ဆောက်ခဲ့သည်။ ၂ဝ၁၂ ခုနှစ်တွင် ဗွိုင်ယေဂျာ ၁ အာကာသယာဉ်သည် ကမ္ဘာပေါ်မှ အဝေးဆုံးသို့ရောက်ရှိသွားသော အာကာသယာဉ်တစ်စင်း ဖြစ်လာခဲ့သည်။ ၂ဝ၁၂ ခုနှစ် ဇွန်လတွင် ဗွိုင်ယေဂျာ ၁ သည် ကြယ်တာရာကြားခံနယ်မြေသို့ တိုးဝင်ရန်နီးကပ်လာပြီး နေအဖွဲ့အစည်းအပြင်ဘက်သို့ စွန့်ခွာသွားမည့် ပထမဆုံး လူလုပ်အာကာသယာဉ် ဖြစ်လာခဲ့သည်။ ယင်းသိပ္ပံဆိုင်ရာ မက်ရှင်နှစ်ခုစလုံးသည် နေအဖွဲ့အစည်း၏ ဓာတ်ငွေ့ဂြိုဟ်ကြီးများအကြောင်း ဒေတာအချက်အလက်များ မှတ်တမ်းတင်နိုင်ခဲ့သည်။