နေအဖွဲ့အစည်း
နေ၏ ဂြိုဟ်စနစ် / From Wikipedia, the free encyclopedia
နေအဖွဲ့အစည်း (အင်္ဂလိပ်: Solar System) ဆိုသည်မှာ နက္ခတ္တဗေဒ အခေါ်အဝေါ်ဖြစ်ပြီး နေ အပါအဝင် ဂြိုဟ်များ၊ဂြိုဟ်ရံလများ၊ ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် အခြားသောရွှေ့လျားနေသည့် အရာဝတ္တုများ၏ အစုအဝေးကြီးကို ခေါ်ဆိုခြင်းဖြစ်သည်။ ကျွန်ုတို့နေထိုင်ရာ ကမ္ဘာမြေကြီးအပါအဝင် နေအဖွဲ့အစည်းအတွင်းရှိ အားလုံးသော ဂြိုဟ်များသည် နေကို ဗဟိုပြု၍ ဘဲဥပုံလမ်းကြောင်း အတိုင်းလှည့်ပတ်သွားလာလျက်ရှိသည်။
အရွယ်အစားကြီးမားသည့် ဂြိုဟ်များကို လူသားတို့၏ နှစ်ပေါင်းများစွာ အားထုတ်ကြိုးပမ်းမှုဖြင့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုသို့ရှာဖွေရာတွင် နက္ခတာရာကြည့်မှန်ပြောင်းတီထွင်နိုင်မှုသည် အရေးပါသည့် သိပ္ပံဆိုင်ရာ တီထွင်မှုတစ်ရပ်ဖြစ်ခဲ့သည်။ ထိုသို့အရွယ်အစားကြီးမားသည့် ဂြိုဟ်များကို ထပ်မံတွေ့ရှာဖွေတွေ့ရှိခြင်းမရှိတော့သည့်တိုင် နေအဖွဲ့အစည်းအတွင်းတွင် အခြားသောသေးငယ်သည့် အရာဝတ္တုများအား နှစ်စဉ်နှင့်အမျှ ရှာဖွေတွေ့ရှိလျက်ပင်ရှိသည်။ ထိုသို့သောတွေ့ရှိမှုများအနက် သက်ဆိုင်ရာ ဂြိုဟ်များ၏ ဂြိုဟ်ရံလများလည်း အပါအဝင်ဖြစ်ပေသည်။ လက်ရှိချိန်အထိ တွေ့ရှိရသည့် ဂြိုဟ်ရံလမှာ အရေအတွက်အားဖြင့် ၄၆၈ စင်းထိပင်ရှိနေပြီဖြစ်သည်။[1][2]