From Wikipedia, the free encyclopedia
ဩရိဿပြည်နယ်သည် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းခြေတွင် တည်ရှိသော ပြည်နယ်တစ်နယ် ဖြစ်သည်။ မြောက်ဘက်တွင် ဗင်္ဂလားနှင့် ဗီဟားပြည်နယ်၊ တောင်ဘက်တွင် အန္ဓရ ဒေသပြည်နယ်၊ အနောက်ဘက်တွင် မဇ္ဈဒေသ ပြည်နယ်တို့ အသီးသီးတည်ရှိသည်။ ယခင်က ဩရိဿနယ်သည် ဗီဟားနယ်နှင့်တွဲလျက် ဗီဟားနှင့်ဩရိဿပြည်နယ်တွင်း ပါဝင်ခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် အိန္ဒိယအစိုးရက ဗီဟားပြည်နယ်နှင့် ဩရိဿပြည်နယ်တို့ကို သီးခြားပြည်နယ် များအဖြစ် ခွဲခြားသတ်မှတ်ခဲ့သည်။
မဟာနဒီမြစ်ဝကျွန်းပေါ်ဒေသ တောင်ဘက်တွင်ပြည်နယ်အကျယ်မှာမိုင် ၂ဝ မျှသာရှိ၍ နယ်နိမိတ်သည် ပင်လယ်ကမ်းမှ ကုန်းတွင်းပိုင်းသို့ထိုးဝင်လျက် ရှိသည်။ ထိုကဲ့သို့နယ်နိမိတ်ကို သတ်မှတ်ရခြင်းမှာ အူရီယာ ဘာသာစကားပြောဆိုသူတို့ နေထိုင်ရာဒေသများ ပါဝင်စေရန်ပင်ဖြစ်သည်။ ထို့ကြောင့် ဩရိဿပြည်နယ်တွင် အူရီယာဘာသာစကားသည် လူအများပြောဆိုသုံးစွဲသော ဘာသာစကား ဖြစ်သည်၊၊
ဩရိဿပြည်နယ်တွင် ချိုတာနဂ္ဂပူကုန်းပြင်မြင့်၊ တောင်ပိုင်းမဟာနဒီမြစ်၊ အောက်ပိုင်းမြစ်ဝှမ်းနှင့် မြစ်ဝကျွန်းပေါ် ဒေသတို့ပါဝင်၍ ပြည်နယ်၏အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၆ဝ၁၆၄ ရှိသည်။ မဟာနဒီမြစ်သည် ပြည်နယ်ကို ဖြတ်သန်း၍ စီးဆင်းသည်။ လူဦးရေ ၂၁၉၃၄၈၂၇ ယောက် (၁၉၇၁)ရှိသည့်အနက် ၈ဝ ရာခိုင်နှုန်းခန့်သည် ဆန်စပါး စိုက်ပျိုး လုပ်ကိုင်သူများဖြစ်သည်။ ဆန်စပါးစိုက်ပျိုးသော လယ်ယာဧက ငါးသိန်းကျော်ရှိရာ ရေသွင်းစိုက်ပျိုးသော လယ်ယာဧကပေါင်းမှာ တစ်သိန်းခွဲနီးပါးရှိသည်၊၊ ဂုံလျှော်ပင်၊ နှံစားပြောင်း၊ ဆေးပင်၊ ကြံ၊ မန်ကျည်းနှင့် ဆီထွက်သီးနှံပင်တို့ကိုလည်း စိုက်ပျိုးကြသည်။ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်၍ ကာလကတ္တားမြို့သို့ ငါးခြောက်များတင်ပို့ရောင်းချသည်။ စက်မှုလုပ်ငန်းဟူ၍ အကြီးအကျယ်မရှိချေ။
အိမ်တွင်းလက်မှုလုပ်ငန်းများကိုသာ များသောအားဖြင့် လုပ်ကိုင်ကြသည်။ ဩရိဿပြည်နယ်မှ နန်းကြိုးခက် ငွေထည်များမှာ ထင်ရှားသည်။ ဟိန္ဒူအယူဝါဒီ အများဆုံးနေထိုင်သော ပြည်နယ်ဖြစ်၍ မြို့တိုင်းရွာတိုင်း၌ ဟိန္ဒူဘုရားဝတ်ကျောင်းနှင့် တန်ဆောင်းပေါင်း မြောက်မြားစွာရှိသည်။ အထူးသဖြင့် ပင်လယ်ကမ်းခြေ မြို့ဖြစ်သော ပူရီမြို့တွင် တည်ရှိသည့် ဂျဂနတ် ဘုရားဝတ်ကျောင်းသည် ထင်ရှား၏။ မဟာနဒီမြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိသော ပြည်နယ်၏ မြို့တော်ဟောင်း ကတ္တက်မြို့မှ ၁၈ မိုင်ကွာဝေးသော ဘူဗန်နီဆွာမြို့သည် ပြည်နယ်၏ မြို့တော်သစ် ဖြစ်သည်။ လူဦးရေ ၁၂ဝ၅၅၁၄ ယောက်နေထိုင်လျက်ရှိသည်။
ဩရိဿပြည်နယ်တွင် မီးရထားလမ်းမိုင်ပေါင်း ၈၇၃ မိုင်မျှသာရှိသည်။ ကာလကတ္တားမြို့မှ မဒရပ်မြို့သို့သွားသော မီးရထားလမ်းသည် ပင်လယ်ကမ်းတစ်လျှောက်ကို ဖြတ်သန်းသွားသည်။ အုပ်ချုပ်မှုအတွက် ပြည်နယ်ကို ခရိုင်ပေါင်း ၁၃ ခရိုင် ခွဲခြားသတ်မှတ်ထားရှိသည်။ အိန္ဒိယအစိုးရက ခန့်အပ် သော ဘုရင်ခံနှင့် ဝန်ကြီးအဖွဲ့က ပြည်နယ်ကိုအုပ်ချုပ်သည်။ ဥပဒေပြုလွှတ်တော် တစ်ရပ်တည်းသာရှိသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.