အလောင်းမင်းတရား
ကုန်းဘောင်အင်ပါယာတည်ထောင်သူ / From Wikipedia, the free encyclopedia
အလောင်းမင်းတရား (ဝါ) အလောင်းဘုရား; (ခရစ်နှစ် ၂၄ ဩဂုတ် ၁၇၁၄ - ၁၁ မေ ၁၇၆၀) ၏ အမည်ရင်းမှာ ဦးအောင်ဇေယျ ဖြစ်သည်။ ထီးနန်းမစိုးစံခင်အချိန်က မုဆိုးဖိုရွာ၏ ရွာသူကြီးဖြစ်ပြီး ကုန်းဘောင်မင်းဆက် တတိယမြန်မာဧကရာဇ်နိုင်ငံတော် ကို စည်းရုံးထူထောင်သောမင်း ဖြစ်သည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
အလောင်းဘုရား | |
(၁၇၁၄-၁၇၆၀) | |
နန်းသက် | ၁၇၅၂ ဖေဖော်ဝါရီလ ၂၉ရက် - ၁၇၆၀ မေလ ၁၁ရက် |
အမည်အပြည့်အစုံ | အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ |
ငယ်မည် | အောင်ဇေယျ |
ဘွဲ့အမည် | သီရိ ပဝရ ဝိဇယ နန္ဒ ဇဌ မဟာ ဓမ္မရာဇ အလောင်းမင်းတရားကြီး |
အမည်ကွဲ | |
နံတော် | သောကြာ |
မွေးဖွားသည့်နေ့ | ၂၄ ဩဂုတ် ၁၇၁၄ ( တော်သလင်းလပြည့်ကျော် ၁ ရက် ၁၀၇၆ ) |
မွေးရာဇာတိ | ရွှေဘို |
ဖခမည်းတော် | မင်းညိုစံ |
မယ်တော် | စောငြိမ်းဦး |
ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
ကြင်ရာတော် | ခင်ယွန်းစံ |
နန်းစံရာ နေပြည်တော် | ရွှေဘို |
နတ်ရွာစံသည့်နေ့ | ၁၁ မေ ၁၇၆၀ |
နတ်ရွာစံသည့်နေရာ | ဘီးလင်းမြို့နယ်၊ မွန်ပြည်နယ်။ |
မြှုပ်နှံရာနေရာ | ရွှေဘို |
ဆက်ခံခဲ့သောမင်း | မဟာဓမ္မရာဇာဓိပတိ (ခ) ဟံသာဝတီပါမင်း |
ဆက်ခံမည့်မင်း | နောင်တော်ကြီးမင်း |
မင်းဆက် | ကုန်းဘောင်မင်းဆက် ပထမဧကရာဇ် |
အလောင်းမင်းတရားသည် ရွှေဘိုမြို့မှအစပြုပြီး မြန်မာတနိုင်ငံလုံး သိမ်းပိုက်မင်းပြုခဲ့သည်။ ယခင်က ယိုးဒယားနိုင်ငံ၊ အယုဒ္ဓယကို သိမ်းယူရန်ချီတက်ခဲ့သော်လည်း မအောင်မြင်ဘဲ အပြန်ခရီးတွင် ကျောက်ရောဂါ (သို့) ဝမ်းရောဂါဖြင့် နတ်ရွာစံကွယ်လွန်ခဲ့သည်။
အလောင်းမင်းတရား ကွယ်လွန်ချိန်တွင် သားတော်ကြီး နောင်တော်ကြီးမင်းက ထီးနန်းအရိုက်အရာ ဆက်ခံခဲ့သည်။ ဦးအောင်ဇေယျကို အင်းဝမြို့ ၏ အနောက်-မြောက်ဘက် မိုင် ၅၀ ခန့်ကွာဝေးသော မုဆိုးဖိုရွာငယ်လေးတွင် ခရစ်နှစ်၂၄ ဩဂုတ် ၁၇၁၄ တွင် ဖွားမြင်ခဲ့သည်။ သူ၏ ဘဝသည် ပထမတွင် ရိုးရိုးသာမန်အရပ်သားဘဝမှ ဇာတိရွာ၏ အကြီးအကဲဖြစ်လာပြီး ခရစ်နှစ်၁၇၅၂ ခုနှစ် ပဲခူး၊ နေပြည်တော်မှ မွန် များ ဗမာတို့ကို ချီတက်တိုက်ခိုက်သောအခါ သူ၏ ကျော်ကြားမှုကို အမြင့်ဆုံးသို့ရောက်စေရန် အခွင့်အရေးပေးရာ ရောက်ခဲ့သည်။ တစ်နိုင်ငံလုံး မွန်တို့ လက်အောက် ကျရောက်ပြီးနောက် ခေါင်းဆောင်များသည် သစ္စာတော်ခံ (သစ္စာရေသောက်) ခဲ့ကြသည်။ မည်သို့ပင် ဖြစ်စေ အလောင်းဘုရားသည် ပိုမို၍ လွတ်လပ်သော စိတ်ဓာတ်ဖြင့် သူ၏ရွာအား ပြန်လည် ရယူနိုင်ခဲ့သည့်အပြင် စစ်ဆင်ရေးအတွက် ဖွဲ့စည်းစေလွှတ်လိုက်သော ပဲခူးတပ်များကို အောင်မြင်စွာ တိုက်ထုတ်ချေမှုန်းခဲ့သည်။ ဤအပေါ်တွင်မူတည်၍ ထောင်ပေါင်းများစွာသော ဗမာတို့သည် သူ၏ အောင်လံတော်အောက်တွင် စုဝေးပြီး သူနှင့်အတူ အင်းဝသို့ ချီတက်ခဲ့ကြသည်။ ထိုနောက် အင်းဝအား ကျူးကျော်ဝင်ရောက်တိုက်ခိုက်သော လူများလက်မှ ၃ ဇန်နဝါရီ ၁၇၅၄ ခုနှစ် အချိန်တွင် ပြန်လည်ရယူခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာတိုင်အောင် သူသည် ထိုစစ်ပွဲအား တူညီသော အောင်မြင်မှုဖြင့် ဆက်လက်ဆောင်ရွက်ခဲ့သည်။ အလောင်းမင်းတရားကြီးဦးအောင်ဇေယျကို ခမည်းတော် မင်းညိုစံနှင့် မယ်တော်မဟာဒေဝီ စောညိမ်းဦးတို့မှ သက္ကရာဇ် ၁၀၇၆-ခုနှစ်တော်သလင်းလပြည့်ကျော်(၁)ရက် သောကြာနေ့ ညဉ့် တစ်ချက်တီးကျော် ဓနသိဒ္ဓိနက္ခတ် မွန်းတည့်မတ်ချိန်တွင် ဖွားမြင်သည်။ ပျိုရွယ်စဉ်က သုံးကြိမ်တိုင်တိုင် လက်ရုံးတော်မှ မီးတောက်ခဲ့သည်။ မြန်မာ သက္ကရာဇ် ၁၁၁၃-ခုနှစ် မွန်တို့လက်ချက်ဖြင့် အင်းဝပြည်ကြီး ပျက်စီးသောအခါ ဇာတိ မုဆိုးဘိုရွာမှနေပြီး မွန်တို့ရန်ကို တွန်းလှန်ကာ မြို့တည်၍ ၁၁၁၄-ခုနှစ်တွင် မင်းပြုသည်။ ဘုန်းကြီးသောမင်းယောက်ျားဖြစ်သည့်အပြင် ကြံရည်ဖန်ရည်လည်း ကောင်းလှသဖြင့် အင်အားအဆမတန်များပြားသော ရန်သူ့စစ်တပ်ကြီးများကိုပင် အံ့ဩလောက်အောင် ချေဖျက်သုတ်သင် ပစ်နိုင်ခဲ့သည်။
ဘုရင့်နောင်ကဲ့သို့ပင် အလောင်းမင်းတရားက လည်း …”..စစ်တို့၏ သဘောမှာ အင်အားကြီးသည် ငယ်သည် ပဓာနမဟုတ်၊ သူရသတ္တိနှင့် စစ်ပရိယာယ် ကြွယ်၀မှုသာ ပဓာနဖြစ်သည်..” ဟူသော သဘောမျိုးကိုပင် မိန့်ကြားတော်မူခဲ့သည်။ ရန်သူအများအပြားကို သုတ်သင်ရှင်းလင်းပြီးနောက် မုဆိုးဘိုကို “ရွှေဘို”ဟု သမုတ်ကာ ထီးနန်းစိုက် တော်မူသည်။ “…. အမယ်ကြီးနှင့် ဘကြီးတား၍ လားလားမနိုင် သောကြာသားက စကားခိုင်၊ သံတိုင်ကျောက်ခဲ လူပျိုချင်းတွင် ပိုလို့ကဲ။ ပဲ နှင့် ပျောင်းကို ဟောင်းလျှင် ပစ်၍ အသစ်ရှာ အောင်ပါစေ သား သောကြာသား….” ဟူသော တဘောင်ဆန်ဆန် သီချင်းကို ပြည်သူတို့ ထပ်မနား ရွတ်ဆိုနေချိန်မှာပင် အလောင်းမင်းတရားကလည်း အောင်ပွဲများ တစ်ခုပြီးတစ်ခု ရရှိခဲ့သည်။ ရွှေဘိုမြို့တော်ကြီးမှာ အလောင်းမင်းတရား၏ ဘုန်းရိပ် ကံရိပ်အောက်တွင် သာယာစည်ကားပြီး ဘေးရန်အန္တရာယ်လည်း လုံခြံစိတ်ချရသဖြင့် ”..ဒို့မေလေး မကြေဖျက်၊ မြောက်ဘက်ကယ်တဲ့ ဟိုတခို၊ ပြေးစို့ နှစ်ကိုယ်၊ ဆိုင်းစိုစို ရန်လုံးပြိုပါတဲ့၊ ပြည့်ရွှေဘို ထိုမြို့မှာ မိုးခိုစို့လေး..” ဟူသောသီချင်းများ ပေါ်လာသည်။ အလောင်းမင်းတရားသည် မြန်မာ သက္ကရာဇ် ၁၁၁၇-ခုနှစ်တွင် ဒဂုံကို အောင်မြင်ပြီးနောက် ” ရန်အပေါင်းကို ကုန်စင်အောင် လုပ်ကြံတော်မူမည်”ဟု အမိန့်ရှိ၍ “ရန်ကုန်”ဟု သမုတ်တော်မူသည်။
မြန်မာနိုင်ငံတွင် ရန်သူ သူပုန်များ ကုန်စင်သလောက်ရှိသွားသောအခါ ထိုခေတ်စစ်ဘုရင်ကြီးများ၏ ထုံးစံအတိုင်း ယိုးဒယားသို့ပါ ချီတက်တိုက်ခိုက်ပြန်ရာ အောင်မြင်မှုအလီလီ ရရှိတော်မူခဲ့သည်။ မြန်မာ သက္ကရာဇ်၁၁၂၁-ခု၊ ဝါဆိုလဆုတ် (၁၀)ရက် ကြာသပတေးနေ့တွင် ယိုးဒယားသို့ ချီတက်တိုက်ခိုက်ရန် အလောင်းမင်းတရားသည် ကျောက်မြောင်းဆိပ်တော်မှ အောက်ပြည်သို့ စုန်တော်မူသည်။ ဝါခေါင်လဆန်း(၁၁)ရက်နေ့၌ နေပြည်တော် ရွှေဘိုမြို့ပေါ်သို့ မိုးကြိုး (၁၃)ချက် ကျသည်။ မိုးကြိုးကျရာ ဌာနများကား……….ဆင်ချည်တိုင်.မြင်း.လွှစင်.ကျုံးနင်းကြမ်း.နဘဲပင်.တမာပင်.လက်ခုပ်ပင်.ပေါက်ပန်းဖြူပင်. ညောင်ပင်.ကျောင်း.မင်းကျော်သီရိအိမ်.တပယင်းမြို့တံခါးနှင့် မြ၀တီပြအိုးတို့ဖြစ်သည်။ အလောင်းမင်းတရား ကြားသိ၍ ပညာရှိများအား ဖတ်ကြားတင်လျှောက်စေရာ စာဆိုတော်ပညာရှိ စိန္တကျော်သူက မိုးကြိုးကျခြင်းမှာ ဣဋ္ဌမင်္ဂလာများဖြစ်ကြောင်း ရတု ၆-ပုဒ်ဖြင့် မင်းတရားကြီး သဘောတော် မျှစေရန် မမှန်မကန် လျှောက်တင် လိုက်လေသည်။ စိန္တကျော်သူ၏ လျှောက်တင်ချက်ကို အဟုတ်မှတ်၍ သဘောတော်ကျကာ (ပြုသင့်သောယတြာများ မပြုဘဲ)အောက်ပြည်သို့ ဆက်လက်စုံဆင်းပြီး ယိုးဒယားကို ချီတက်တိုက်ခိုက်ရာ မအောင်မမြင်ဖြစ်ပြီးလျှင် မြန်မာ သက္ကရာဇ်၁၁၂၂-ခုနှစ် ကဆုန်လဆုတ် (၁၀)ရက် တနင်္ဂနွေနေ့တွင် မုတ္တမမြို့နယ် ကင်းရွာ၌ ရုတ်တရက်ဖျားနာ၍ နတ်ရွာစံတော်မူခဲ့ရလေသည်။ (ပထမမြန်မာနိုင်ငံတော် ပျက်စီးနေချိန်သည် နှစ်ပေါင်း ၁၈၀-ကျော်ကြာခဲ့သော်လည်း ဒုတိယမြန်မာ နိုင်ငံတော် ပျက်စီးချိန်ကမူ ၁-နှစ်သာကြာပြီး တတိယမြန်မာနိုင်ငံတော်ခေတ်သို့ ကူးပြောင်းရောက်ရှိခဲ့လေသည်။ အလောင်းမင်းတရားကြီး၏ စိတ်ဓာတ် ငါ၏ ရင်နှစ်သည်းချာ ချစ်လှစွာသော သားတော်ပင်ဖြစ်လင့်ကစား တိုင်းသူပြည်သားအကျိုး နိုင်ငံတော်အကျိုး သာသနာအကျိုးမဆောင်ရွက်လျှင် ငါ၏ အမျိုးနွယ်မဟုတ်၊၊ ငါ၏ ရင်နှစ်သည်းချာ သားသမီးလည်းမဟုတ်၊၊ မြန်မာနိုင်ငံ၌ပင် မွေးဖွားနေထိုင် ကြီးပြင်းလင့်ကစား ပြည်သူပြည်သားတို့၏ အကျိုးနှင့် မြန်မာနိုင်ငံ၏ အကျိုးအားမဆောင်ရွက်လျှင် မြန်မာနိုင်ငံသားမဟုတ်ပါ၊၊