အင်တာနက်
ခေတ်သစ်နည်းပညာများ / From Wikipedia, the free encyclopedia
အင်တာနက် (အင်္ဂလိပ်: The Internet) ဆိုသည်မှာ စံနမူနာ Internet Protocol Suite (TCP/IP) ကိုသုံး၍ ကွန်ပျူတာ ကွန်ယက်များ ချိတ်ဆက်ကာ သန်းထောင်နှင့်ချီသော ကမ္ဘာအနှံ့သုံးစွဲ သူများအား ဝန်ဆောင်မှုပေးနေသော ကမ္ဘာနှင့် အဝှမ်း ချိတ်ဆက်ထားသော စနစ်တစ်ခုပင် ဖြစ်သည်။ ဒေသတွင်းမှသည် ကမ္ဘာလုံးအနှံ့ အတိုင်းအတာအထိ ကျယ်ပြန့်စွာ သွယ်တန်းထားသော အီလက်ထရွန်းနစ် အချက်အလက်တည်ဆောက်မှုနှင့် အမြင်ဆိုင်ရာ ကွန်ယက်နည်းပညာများဖြင့် ချိတ်ဆက်ထားသည့် သန်းပေါင်းများစွာသော ပုဂ္ဂလိက၊ အများပြည်သူ၊ ပညာရေး၊ စီးပွားရေးနှင့် အစိုးရပိုင်းဆိုင်ရာ ကွန်ယက်များ ပါဝင်သည့် ကွန်ယက်များ၏ ကွန်ယက် တစ်ခု ဖြစ်သည်။ ကမ္ဘာ့ပင့်ကူအိမ်ဟု တင်စားသည့် World Wide Web (WWW) ၏ အချင်းချင်း ချိတ်ဆက်နေသော ဟိုက်ပါတက်(စ်) (hypertext) စာရွက်စာတမ်းများနှင့် အီလက်ထရွန်းနစ်စာပို့စနစ် (electronic mail) ကို ပံ့ပိုးသော အခြေခံဖွဲ့စည်းတည်ဆောက်ပုံကဲ့သို့ အမျိုးအစား များပြားလှစွာသော သတင်းအချက်အလက် အရင်းအမြစ်များ နှင့် ဝန်ဆောင်မှုများကို အင်တာနက်က သယ်ဆောင်ပေးပါသည်။
တယ်လီဖုန်း၊ တေးဂီတ၊ ရုပ်ရှင် နှင့် ရုပ်မြင်သံကြားကဲ့သို့ ထုံးတမ်းစဉ်လာ လူထုဆက်သွယ်ရေးများ သည် အင်တာနက်အားဖြင့် အသွင်သဏ္ဌာန်နှင့် အနက်အဓိပ္ပာယ် တဖန်ပြောင်းလဲလာကြသည်။ သတင်းစာ၊ စာအုပ် နှင့် အခြားပုံနှိပ်လုပ်ငန်းများသည် Websites ဝက်(ဘ်)ဆိုဒ်များ Blogs ဘလော့များနှင့် ကိုက်ညီအောင် ပြုပြင်လာကြသည်။ အမြန်သတင်းပို့ဆက်သွယ်ခြင်း (instant messaging), အင်တာနက် စုပေါင်းဆွေးနွေးခန်းများ (Internet Forums) နှင့် လူမှုရေးကွန်ယက်များ (social networking) များတို့မှတစ်ဆင့် လူအချင်းချင်း အပြန်အလှန် ဆက်သွယ်ရာတွင် အသွင်သစ်များကို အင်တာနက်က စွမ်းဆောင်ပေးသည် သို့မဟုတ် အရှိန်မြှင့်တင်ပေးသည်။ အဓိက လက်လီအရောင်းဆိုင်ခွဲ များ၊ လက်လုပ်လက်စား ဈေးသည်များ၊ ကုန်သည်များ အတွက် အင်တာနက်ပေါ်တွင် ဈေးဝယ်ခြင်း (online shopping) လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးလာသည်။ အင်တာနက်ပေါ်ရှိ စီးပွားရေးလုပ်ငန်းတစ်ခုနှင့်တစ်ခု တိုက်ရိုက်ဆက်ဆံမှု နှင့် ငွေကြေး ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ က စက်မှုလုပ်ငန်းတစ်ခုလုံး ထုတ်ကုန်စီးဆင်းမှု ကို အကျိုး သက်ရောက် စေသည်။
၁၉၆၀ခုနှစ်များက ပုဂ္ဂလိကနှင့် အမေရိကန်ပြည်ထောင်စုစစ်တပ် နှစ်မျိုးလုံး၏ ကြံ့ခိုင်ပြီး တော်ရုံအမှားခံနိုင်သော၊ ဖြန့်ဝေပေးသည့် ကွန်ပျူတာ ကွန်ယက်များအကြောင်း သုတေသန ပြုခြင်းများသည် အင်တာနက်၏ မူလအစ ဖြစ်ခဲ့သည်။ အမျိုးသား သိပ္ပံရေးရာ ဖောင်ဒေးရှင်း က ပံ့ပိုးသော အမေရိကန်ပြည်ထောင်စု၏ ကွန်ယက်နောက်ကျောရိုးသစ် အတွက် ရန်ပုံငွေ နှင့် အခြားသော စီးပွားရေးကွန်ယက် နောက် ကျော ရိုးသစ် အတွက် ကိုယ်ပိုင် ရန်ပုံငွေ တို့ကို ကမ္ဘာတဝှမ်းလုံးကို ကွန်ယက်ချိတ်ဆက်မှု နည်းပညာသစ်များ နှင့် ကွန်ယက်အများအပြားကို စုပေါင်းခြင်းများ တည်ဆောက်ဖွံ့ဖြိုးမှုတွင် ပါဝင်လာစေရန် ဦးဆောင်ဦးရွက်ပြုခဲ့သည်။ ၁၉၉၀ခုနှစ်များ၏ အလယ်နှစ်များက အပြည်ပြည်ဆိုင်ရာ ကွန်ယက်ကို စီးပွားဖြစ် ပြုလုပ်ခြင်းကြောင့် အင်တာနက်သည် လူသိများလာပြီး ခေတ်သစ်လူသားဘဝ၏ အရာရာတိုင်း နီးပါးတွင် ပေါင်းစပ်ဖွဲ့စည်းခြင်း အကျိုးများရရှိခဲ့သည်။ ၂၀၀၉ခုနှစ်မှစ၍ ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံခန့်သည် အင်တာနက် ဝန်ဆောင်မှုများကို အသုံးပြုနေပြီဖြစ်သည်။
နည်းပညာဆိုင်ရာ အကောင်အထည်ဖော်ခြင်းတွင်လည်းကောင်း ရယူခြင်းနှင့် အသုံးပြုခြင်းအတွက် ပေါ်လစီများတွင်လည်းကောင်း အင်တာနက်ကို ဗဟိုမှ ထိန်းချုပ်မှုမရှိပါ၊ ပေါင်းစပ်ပါဝင်သော ကွန်ယက်တစ်ခုစီသည် ၎င်း၏ ကိုယ်ပိုင် စံချိန်စံညွှန်းများကို သတ်မှတ်သည်။ အင်တာနက်တွင် အမည်နေရာပေးခြင်းဆိုင်ရာ နိယာမနှစ်ခုဖြစ်သည့် အင်တာနက် ပရိုတိုကော(လ်) လိပ်စာ နေရာနှင့် ဒိုမိန်း အမည် စနစ် တို့၏ လှည့်စားသော အဓိပ္ပာယ်သတ်မှတ်ချက်များကိုသာ ထိန်းသိမ်းသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သော Internet Corporation for Assigned Names and Numbers (ICANN)က ညွှန်ကြားသည်။ အဓိက ပရိုတိုကော(လ်)များ(IPv4 နှင့် IPv6)၏ နည်းပညာဆိုင်ရာ နောက်မှထောက်ပံ့ခြင်းနှင့် စံချိန်စံညွှန်းသတ်မှတ်ခြင်းသည် Internet Engineering Task Force (IETF)၏ လှုပ်ရှားမှုဖြစ်သည်။ ၎င်းသည် နည်းပညာ ကျွမ်းကျင်မှုကို ထည့်ဝင်ခြင်းအားဖြင့် မည်သူမဆို ပါဝင်နိုင်သည့် အပြည်ပြည်ဆိုင်ရာ ပါဝင်သူများကို အဖွဲ့ဝင်အဖြစ် လျော့ရဲစွာ လက်ခံသော အကျိုးအမြတ် မရည်ရွယ်သော အဖွဲ့အစည်းဖြစ်သည်။