သစ်တော
From Wikipedia, the free encyclopedia
cleanup|datNamakabrood င်ကြီးငယ် အများအပြား စုရုံးပေါက်ရောက်နေသော တောကို သဈေတာ ဟု ခေါ်သည်။ သစ်တောဟုဆိုလိုက်လျှင် ယေဘုယျအားဖြင့် လူသူမနီးသည့် တောကြီးမျက်မည်း ဟူ၍သာ ထင်မြင်ဖွယ်ရာ အကြောင်းရှိသော်လည်း လူသည် သစ်တောနှင့်ကင်းကွာ၍ မရနိုင်အောင် နီးကပ် ဆက်စပ်လျက် ရှိလေသည်။ သစ်တောများသာ မရှိခဲ့လျှင် ကမ္ဘာမြေပြင်နှင့်ရာသီဥတု၊ လူနေမှုစနစ် တို့သည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားဖွယ်ရာ ရှိပေသည်။ များစွာသော တိုင်းပြည်နိုင်ငံတို့၏ ဧရိယာ အများအပြားသည် စိမ်းလန်း မှိုင်းညို့သော သစ်တောများဖြစ်ကြရာ သစ်နှင့် သစ်တောထွက် ပစ္စည်း များကို ရောင်းချခြင်းဖြင့် တိုင်းပြည်၏ဘဏ္ဍာတော်ကို များစွာ ဖြည့်တင်းနိုင်သည်ကား မှန်ပေသည်။ သို့သော် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း သစ်တောများ၏ ကျေးဇူးပြုပုံ အခြားအချက် အလက်များလည်း ရှိသေးကြောင်းကိုမူ စိစစ် စဉ်းစားမိသူ နည်းပါးပေလိမ့်မည်။
ထိုအချက်အလက်များကား သစ်တောများသည် ရာသီဥတုကို မျှတစေခြင်း၊ မြေဆီလွှာ မပျက်မ ယွင်းရအောင် ကာကွယ်ပေးခြင်း၊ စိမ့်စမ်းအင်းအိုင်တို့၌ အနည်အနှစ်ပို့ချမှု နည်းပါးစေခြင်း၊ တိုင်းပြည် ၏ သယံဇာတဖြစ်သော တောရိုင်း သားငှက် တိရစ္ဆာန်တို့၏ ခိုအောင်းရာနေရာဖြစ်ခြင်း၊ လူသားတို့၏ စိတ်ကြည်နူးဖွယ် အပန်းဖြေရာ နေရာဖြစ်ခြင်း စသည်တို့ ဖြစ်ကြပေသည်။
သစ်တောများသည် နေနှင့်လေကို ကာကွယ်သဖြင့် သစ်တောရှိသောအရပ်ဒေသသည် ရာသီဥတု မျှတသည်။ ရာသီဥတုသင့်တင့်မျှတမှလည်း ကောက်ပဲသီးနှံတို့ ဖြစ်ထွန်းနိုင်ပေသည်။ တောင်ကုန်း များ၌ သစ်တောရှိလျှင် ထိုဒေသများ၌ မိုး ပိုမိုရွာသွန်းသည်။ အကြောင်းမှာ သစ်တောအပေါ်တွင် လေသည် အေးနေရာ လေထဲတွင် ပါလာသော ရေခိုးရေငွေ့များသည် လေအေးနှင့် တွေ့သောအခါ မိုးအဖြစ် ရွာချသဖြင့် သစ်တောများရှိရာ အရပ်တို့တွင် မိုးပိုမို ရွာခြင်းဖြစ်လေသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း၌ ရေရှားရခြင်း၏ အကြောင်းများတွင် ထိုဒေသ၌ သစ်တောနည်းပါးခြင်းသည် အဓိက အကြောင်းတစ်ရပ် အဖြစ် ပါဝင်လေသည်။
သစ်တောများနှင့် မြေဆီလွှာသည်ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဟူသကဲ့သို့ အပြန်အလှန် အမှီသဟဲပြုနေကြရသည်။ သစ်တောမှ သစ်ပင်များသည် ယင်းတို့၏ အစာ အာဟာရကို မြေဆီလွှာမှ ရရှိကြသည်။ လေအဟုန်ကြောင့်လည်းကောင်း၊ မိုးရေတိုက်ရိုက်ကျခြင်းကြောင့်လည်းကောင်း၊ ရေစီးခြင်းကြောင့်လည်းကောင်း မြေဆီ လွှာများ တိုက်စားခံရလေရာ ယင်းသို့ တိုက်စားခြင်းလျော့နည်းအောင် သစ်ပင် သစ်တောတို့က ထိန်းသိမ်း ပေးကြသည်။ ရွာချလိုက်သော မိုးရေသည် မြေသို့ တိုက်ရိုက်မထိဘဲ သစ်ရွက်သစ်ခက်များပေါ်မှ တဆင့်ကျရသဖြင့် အရှိန်မပြင်းတော့ချေ။ မြေပြင်ပေါ်တွင် ရေစီးခြင်းသည်လည်း ခလုတ်သဖွယ်ဖြစ်သော သစ်ပင်များရှိနေသဖြင့်လည်းကောင်း၊ သစ်ပင်အမြစ်များသို့ စီးဝင်သွားခြင်းကြောင့်လည်းကောင်း ရေစီးအရှိန် မသန်တော့ချေ။ လေပြင်းတိုက်ခတ်၍ မြူမှုန်များလွင့်ခြင်းသည်လည်း သစ်ပင်သစ်တောများရှိက လေကတုတ်သဖွယ် ကာကွယ်ထား နိုင်သဖြင့် မြေကို လေဖြင့်တိုက်စားမှုနည်းပါးလေသည်။ အိန္ဒိယနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့တွင် သစ်တောများမရှိသည့် အချို့ဒေသများ၌ မြေတိုက်စားသည့် ပြဿနာသည် အကြီးအကျယ် ဖြစ်နေသည်။ မြေတိုက်စားမှုများပြားလာက မြေဩဇာညံ့ဖျင်းကုန်ခန်း လာသဖြင့် စိုက်ပျိုးရေး မအောင်မြင် ဖြစ်ကာ အသီးအနှံထွက် ဆုတ်ယုတ်သောကြောင့် ထိုပြဿနာကို ငွေကြေး သိန်းသန်း အကုန်အကျခံလျှက် ဖြေရှင်းနေကြရသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ၌လည်း ရှမ်းပြည်နယ်တွင် ရွှေ့ပြောင်း တောင်ယာလုပ်ငန်းအတွက် သစ်တောများကို စည်းမဲ့ကမ်းမဲ့ ခုတ်ထွင်ခဲ့ကြသဖြင့် သစ်တော များ ပြုန်းခဲ့လေရာ မြေဆီလွှာတိုက်စားခြင်း များပြားလာသဖြင့် သိန်းသောင်းမကသော မြေဧကပေါင်း များစွာတို့သည် စိုက်ပျိုး၍ မဖြစ်ထွန်းနိုင်သော မြေပျက် မြေကောများ ဖြစ်သွားကြလေသည်။
သစ်တောများသည် ရေကိုလည်း ထိန်းသိမ်းသိုလှောင်ပေးသည်။ သစ်တောများ အကာအကွယ် ရှိသည့်အတွက် မိုးရေတို့သည် မြေပေါ်တွင် စီးသွားခြင်း နည်းပါးကာ အမြစ်များမှတစ်ဆင့် မြေထဲသို့ စိမ့်ဝင်ကြသည်။ ယင်းသို့ဖြင့် စမ်းရေပေါက်များ၊ စမ်းချောင်းများ၊ ရေတွင်းများအတွက် သစ်တောများက ရေသိုလှောင်ပေးလေသည်။ မိုးရွာစဉ်သာရေရှိ၍ မိုးကုန်လျှင် ရေပြတ်သော ချောင်းများ၊ တစ်နှစ်ပတ်လုံး ရေမပြတ်သည့် ချောင်းများသည် မိမိတို့ မြစ်ဖျားခံရာ တောတောင်များ၏ အခြေအနေကိုမှီ၍ ဖြစ်ကြရ သည်။ ထိုကြောင့် မြစ်ဖျား၊ ချောင်းဖျားရှိ သစ်တောများကို သီးသန့် ကာကွယ်ကြရသည်။ သစ်ပင် များမရှိက စိုက်ပျိုးပြုစုရသည်။ သစ်တောများကို အရမ်းမဲ့ခုတ်က ချောင်းများ စမ်းများ ခန်းခြောက် သွားသည်။ ပုပ္ပါးတောငပတ်ဝန်းကျင်တွင် ရှေးက စမ်းပေါင်း ၃ဝ မျှ ရှိခဲ့သော် လည်း တောင်စွယ်မှ သစ် တောများကို ခုတ်ထွင်ခဲ့ကြခြင်းကြောင့် ယခုအခါ စမ်းရေပေါက် ၉ခုသာ ရှိတော့ခြင်းသည် သာဓက တစ်ရပ်ဖြစ်ပေသည်။
အချို့ဒေသတွင် ယင်းသို့ စမ်းများ ချောင်းများ ခန်းခြောက်သွားသဖြင့် ရွာများပင် ရွှေ့ပြောင်းကြရလေသည်။ လေပြင်းထန်ပါက အပင်များ၏ အဖူး၊ အငုံ၊ အပွင့်၊ အသီးတို့ ကြွေကျကုန်ကြသဖြင့် အသီး တင်သင့်သလောက် မတင်နိုင်ချေ။ အနောက်နိုင်ငံသစ်သီးခြံကြီးများတွင် လေ၏ဖျက်ဆီးမှုကြောင့် အသီးများကြွေခြင်းကိုကာကွယ်ရန် သစ်ပင်ကြီးများကို သစ်သီးခြံများ၏ပတ်လည်တွင် စိုက်ပျိုးထားကြ ရသည်။ ထို့ပြင် လေသည် လဟာပြင်ကို ဖြတ်လာရလျှင် ပို၍ အရှိန်ပြင်းထန်သဖြင့် ကနေဒါနိုင်ငံ ပရယ်ရီမြက်ခင်းဒေသ၊ ဆိုဗီယက်ယူနီယံ စတက်မြက်ခင်းဒေသ တို့၌ လယ်ယာ အိမ်ခြေတို့ကို လေပြင်းဒဏ်မှ ကာကွယ်ရန် လေကတုတ်သဖွယ် လေကာ သစ်ပင်တန်းကြီးများ စိုက်ပျိုးထားကြရသည်။
မြစ်ချောင်းများ၏အထက်ပိုင်း ရေဆင်းဒေသများတွင် သစ်တောများရှိနေပါက ရေတိုက်စားမှု နည်းပါးသဖြင့် အင်းအိုင် ရေကန်များအတွင်းသို့ ထိုမြစ်ချောင်းများ စီးဝင်သောအခါ အနည်အနှစ် အနည်းငယ်သာ ပါလေသည်။ မြစ်ဖျား ချောင်းဖျား၌ သစ်တောမရှိလျှင် ရေတိုက်စားမှုများပြားသဖြင့် အနည်အနှစ် အများအပြား ပါလာရာ ထိုမြစ်ချောင်းများ စီးဝင်သော အင်း အိုင် ရေကန်တို့တွင် အနည်ပို့ချမှု များပြားသောကြောင့် မကြာမီ ရေတိမ်လာရာမှ တဖြည်းဖြည်း ကောလာကြသည်။ ယင်းသို့ အင်း အိုင် ရေကန်တို့တွင် အနည်ပို့ချမှု များပြား၍ ကောလာပုံကို မင်္ဂလာကန်ကြီး၌ တွေ့မြင်နိုင်ပေသည်။
မြေဆီလွှာတိုက်စားမှု များပြား၍ မြစ်ချောင်းများတွင် အနည်အနှစ်များလာလျှင် ရေစီးရေလာ လည်း မမှန်တော့ချေ။ မြစ်များတွင် သောင်ထွန်းခြင်း၊ သင်္ဘောဆိပ်များ ပျက်စီးခြင်း ဖြစ်ရသည်။ အမေရိကန်ပြည်ထောင်စု စိန်ဂျိုးဇက်မြစ်ဝတွင် တည်ရှိသော ဗင်တန် သင်္ဘောဆိပ်သည် ဤနည်းအားဖြင့် ပျက်စီးလာသောကြောင့် ငွေကြေးများစွာ အကုန်အကျခံ၍ ပြုပြင်ခဲ့ရလေသည်။
သစ်တောများ၏ ကျေးဇူးပြုပုံကား ဤမျှသာမဟုတ် သေး ချေ။ မြို့ကြီး ပြကြီးများရှိ တိုက်တာ နေအိမ်၊ မိုးမျှော်အဆောက်အအုံကြီးများမှအစ ကျေးရွာဇနပုဒ်ရှိ တဲပုတ်များတိုင်အောင် သစ်တောများမှ ထွက်သည့် သစ်၊ ဝါးတို့ မပါလျှင် မပြီးနိုင်ချေ။ လူတို့ စားသောက် သုံးဆောင်ကြသော အစာအာဟာရ များတွင်လည်းကောင်း၊ ဆေးဝါးများတွင်လည်းကောင်း သစ်သီး၊ သစ်ဥ၊ သစ်ဖု၊ သစ်ရွက်၊ သစ်မြစ်များသည် အရေးပါ သော အပိုင်းကဏ္ဍမှ ပါဝင်ကြသည်။ သစ်စေး သစ်ဆီ သစ်ရည်တို့သည်ည်း အရောင်တင်ဆီ၊ ကော် စသည့် လူ့အသုံးအဆောင်ပစ္စည်းများ လုပ်ကိုင်သည့် လုပ်ငန်းများ၌ ပဓာနထား၍ အသုံးပြုရသော သစ်တောထွက် ပစ္စည်းများ ဖြစ်ကြပေသည်။ ယခုအခါ အလွန်ခေတ်စား ထင်ရှားနေသော ပလတ်စတစ် လုပ်ငန်းတွင် ထည့်သွင်းအသုံးပြုကြရသည့် ဆဲလျူလို့သည် သစ်ပင်မှ ထုတ်ယူရရှိသော ပစ္စည်းတရပ် ဖြစ်ပေသည်။
ယဉ်ကျေးမှုသည်လည်း တစ်စိတ်တစ်ဒေသအားဖြင့် သစ်တောနှင့် ဆက်စပ်နေသည်ဆိုက မမှားနိုင် ချေ။ မြန်မာ့ယဉ်ကျေးမှုတစ်ရပ်ဖြစ်သော ပန်းပု အတတ်သည် ကျွန်းသစ် အစရှိသော သစ်ကောင်းများဖြင့် ပြုလုပ်ရသည်။ သစ်တောများမှ ထွက်ရှိသော ဝါးဖြင့်ပြုလုပ်၍ သစ်စေးသုတ်ထားသည့် ယွန်းထည် များသည်လည်း ယဉ်ကျေးမှုပစ္စည်းများ ဖြစ်ကြလေသည်။
သစ်တောများမှ လူသုံးပစ္စည်းများကို ရရှိနိုင်သဖြင့် ပြည်တွင်းသုံးပစ္စည်းများ ထုတ်လုပ်နိုင်ခြင်း၊ နိုင်ငံခြားသို့ သစ်များ တင်ပို့ရောင်းချနိုင်ခြင်းတို့ကြောင့် သစ်တောများသည် တိုင်းပြည်၏ဝင်ငွေကို တိုးတက်တောင့်တင်းစေသည်၊ သာဓကအားဖြင့် ပြရမည်ဆိုလျှင် မြန်မာနိုင်ငံ၏ အဓိက ထွက်ကုန်များတွင် သစ်သည် တစ်ခါတစ်ရံ ဒုတိယ၊ တစ်ခါတစ်ရံ တတိယ ဝင်ငွေအကောင်းဆုံးပစ္စည်း ဖြစ်လေသည်။
သစ်တောများ၏ အသုံးဝင်ပုံတစ်ရပ်မှာ မြို့ကြီးပြကြီးများ၌ နေထိုင်ကြသူများသည် မိမိတို့၏ ပတ်ဝန်းကျင်ကို ငြီးငွေ့လာသည့်အခါ သစ်တောများသည် အပန်းဖြေ အနားယူရာ စခန်းများလည်း ဖြစ်ကြပေသည်။ နိုင်ငံကြီးများ၌ သစ်တောကြီးများအတွင်းတွင် ဆိုခဲ့သော အပန်းဖြေစခန်းများ ထားရှိ ရာ သစ်တောကြီးများ၏ သာယာချမ်းမြေ့သော ရိပ်မြုံကို ကိုယ်စိတ်ပင်ပန်းလာသူများအား ခံစားစေ၍ အပန်းပြေစေလေသည်။ ရှားပါး၍အဖိုးတန်သော သားရဲတိရစ္ဆာန်နှင့် ကျေးငှက်တို့ ခိုမှီးရာဖြစ်သော သစ်တောအချို့ကို ဘေးမဲ့ကြိုးဝိုင်း သစ်တောများအဖြစ် သတ်မှတ်ပေးထားခြင်းဖြင့် ရှားပါးသော ကျေးငှက်နှင့် တိရစ္ဆာန်များ မျိုးပြုန်းခြင်းမှ ကာကွယ်ပေးသည့်ပြင် သိပ္ပံပညာဆိုင်ရာ သုတေသန လုပ်ငန်းများ အတွက်လည်း များစွာ အထောက်အကူ ပြုပေသည်။
သစ်တောများသည် ကမ္ဘာဦး ခေတ်ကပင် ရှိခဲ့၍ သမုဒ္ဒရာတို့မှလွဲလျှင် ကမ္ဘာမြေပြင်သည် ယေ ဘုယျအားဖြင့် သစ်တောများဖြင့်သာ ဖုံးလွှမ်းလျက် ရှိခဲ့သည်။ လူနေမှုအဆင့်အတန်း တိုးတက်လာ သောအခါ သစ်တောများကို တဖြည်းဖြည်း ခုတ်ထွင်ရှင်းလင်း၍ အိုးအိမ်တည်ဆောက်ကြသည်။ ထွန်ယက်စိုက်ပျိုးခြင်းကိုလည်း ပြုကြလေသည်။ သစ်တောထွက် ပစ္စည်းများ၏ အသုံးဝင်ပုံ၊ အဖိုးတန် ပုံကို တစ်စတစ်စ သိရှိလာကြ၍ သစ်တောရှိသစ်ပင်များကို ခုတ်ယူ အသုံးပြုမှုလည်း များပြား လာသဖြင့် သစ်တောများ တရွေ့ရွေ့ နည်းပါးလာလေသည်။ ထိုအခါ သစ်တောများ၏ အကျိုးပြုပုံများ ကိုလည်း သိရှိလာကြသဖြင့် သစ်တောများကို စည်းမဲ့ကမ်းမဲ့ အရမ်းခုတ်ထွင်ခြင်းမှ ကာကွယ်ထိန်းသိမ်းရေးကို လည်း ဆောင်ရွက်လာကြလေသည်။