ရသ
ဟာသ / From Wikipedia, the free encyclopedia
ပျို့၊ လင်္ကာ၊ ကဗျာနှင့် ဇာတ်တို့ကို အလင်္ကာနည်းများနှင့် ညီညွတ်အောင် ဖွဲ့နွဲ့ စီကုံးထားလျှင် ထိုပျို့၊ လင်္ကာ၊ ကဗျာနှင့် ဇာတ်တို့၏သဘောအနက်ကို ဆင်ခြင်အောက်မေ့သောအခါတို့၌ နှစ်သက်အပ်သော သဘောမျိုး ဖြစ်ပေါ်လာတတ်လေသည်။ ထိုသဘောမျိုး ဖြစ်ပေါ်လာခြင်းကို ရသ ဟူ၍ ခေါ်သည်။ တစ်နည်း ဆိုလျှင် ပျို့၊ ကဗျာ၊ လင်္ကာနှင့် ဇာတ်တို့ကို အလင်္ကာနည်းများနှင့် ညီညွတ်အောင် ဖွဲ့နွဲ့စီကုံးထားလျှင် ထို ကဗျာလင်္ကာ စသည်တို့ကို ဖတ်ရှုတွေ့မြင်၊ ဆင်ခြင်အောက်မေ့ နားထောင်ကုန်သော သူတို့၏အတွင်း စိတ်ဓာတ်၌ တဖျတ်ဖျတ် ဖြစ်ပေါ်၍လာသော ပြုံးရွှင်ခြင်း၊ ရယ်မောခြင်း၊ ချစ်ကြိုက်ခြင်း၊ သနားကြင်နာခြင်း၊ လွမ်းဆွတ်ခြင်း၊ ကြေကွဲခြင်း၊ အံ့ဩခြင်း စသည့် အကျိုးတရားများကို ရသဟု ခေါ်သည်။ ကဗျာ၊ လင်္ကာ စသည်တို့၏ အရသာဟု ဆိုလိုလေသည်။ ကဗျာ၊ လင်္ကာ၊ သီချင်း စသည်တို့ကို ရေးသားရာ၌
- ဘာဝ၊
- ဝိဘာဝနှင့်
- အနုဘာဝ ဟူသော အချက်ကြီး သုံးချက် ပါရှိအောင် ရေးသားရလေသည်။
- ဘာဝ ဆိုသည်မှာ ချစ်ခင်စုံမက်ခြင်း စသည်ဖြင့် သာယာအပ်သော စိတ်မျိုးတို့ကို ဆိုလိုသည်။
- ဝိဘာဝဆိုသည်မှာ ဘာဝဖြစ်ခြင်း၌ ထင်ရှားစွာ ဖြစ်ပေါ်လာခြင်းအကြောင်းကို ဆိုလိုသည်။ ထိုဝိဘာဝ၌ အာလမ္ဗဏ-အာရုံပြုရန်အကြောင်းရင်းနှင့် ဥဒ္ဒီပန-အကြောင်းရင်း၏ အခြံအရံဖြစ်သော အကြောင်းများ ဟူ၍ နှစ်မျိုးရှိသည်ကို သတိပြုရပေမည်။
- အနုဘာဝဆိုသည်မှာ ဝိဘာဝကို သိစေတတ်သော ဘာဝ၏အကျိုးကို ဆိုလိုသည်။ တစ်ဖန် ဘာဝသည် မောဟဟူသော သတွဂုဏ်၊ ရာဂ ဟူသော ရဇဂုဏ်၊ ဒေါသဟူသော ဘမဂုဏ်တို့ကို အစွဲပြု၍ ဖြစ်သဖြင့် ဘာဝကို မဖျက်ဆီးဘဲ ပကတိသဘောအတိုင်း တည်တတ်သည်ကို ဌာယီဘာဝဟု ခေါ်ပြန်သည်။