မြို့
ရွာထက် ပိုကြီးသော လူ နေထိုင်မှု စနစ် တမျိုး / From Wikipedia, the free encyclopedia
မြို့ဆိုသည်မှာ များပြားသောလူဦးရေနှင့် ကျယ်ပြန့်သော အဝိုင်းအဝန်းအတွင်း သတ်မှတ်ထားသော စံချိန်စံညွှန်းများဖြင့် တည်ဆောက်ပုံဖော်ထားသည့် လူနေမှုအသိုက်အဝန်းကို ဆိုလိုသည်။
ယေဘုယျအားဖြင့်သော်ကား မြို့ဟူသည်မှာ လူအပေါင်းတို့ အတည်တကျ အိမ်ရာများဖြင့် စုစုဝေးဝေးနေထိုင်သော စီးပွားရှာဖွေ လုပ်ကိုင်စားသောက်ရာ နေရာဖြစ်၍ ပထဝီဝင်သဘောအရ၎င်း၊ နိုင်ငံရေးသဘောအရ၎င်း မြို့ဟု အသိအမှတ်ပြုထားသည့် နေရာလည်းဖြစ်၏။ သို့ဖြစ်၍ ရွာထက်ကြီးမား၍ ပိုမိုစည်းရုံးမိကာ ပိုမိုတိုးတက်ကြီးပွားလျက်ရှိသော လူစုလူဝေး ဗဟိုဌာနဖြစ်သော်လည်း မြို့ပြကဲ့သို့ ဖွဲ့စည်းတည်ထောင်ခြင်းကား မရှိပေ။ ရှေးအခါကမူ ကမ္ဘာနှင့်အဝှန်း မြို့ဟူသည်မှာ ဘုရင်မင်းမြတ်နှင့် မင်းညီမင်းသား မှူးမတ်များ စံမြန်းနေထိုင်ရာ ဒေသများနှင့်နိုင်ငံရေးမြို့တော်များကိုသာလျှင် ခေါ်ဝေါ်ခဲ့၍၊ များသောအားဖြင့် မြို့ရိုးတွင်း၌ တည်ရှိတတ်သည်။ ဝိနည်းပိဋကတ်တော်လာ ပြည်ရွာအပြား မျိုး ၆ ပါး မှာ−
- မင်းအစိုးရတစ်ခု၏ အာဏာစက်နှံ့ရာ တိုင်းနိုင်ငံ(ရဋ္ဌ)၊
- မင်းအိမ်နန်းတော်တည်ရာ နေပြည်တော် (ပူရီ)၊
- အောက်ဆုံးမြို့အုပ် မြို့ပိုင်ရုံးရှိ၊ ဈေးရှိသောမြို့(နဂရ)၊
- ခရိုင်ဝန်မင်းတပိုင်၊ သို့မဟုတ် တိုင်းမင်းကြီး တပိုင်ခရိုင်စု၊ ဇနပုဒ်(ဇနပဒ)၊
- ဈေးရှိသောရွာကြီး(ဂါမ)၊
- ဈေးမရှိသော ရွာငယ် နိဂုံး(နိဂမ) ဟူ၍ ဖြစ်သည်။