![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/c/c8/Common_soldier.jpg/640px-Common_soldier.jpg&w=640&q=50)
မြန်မာ့တပ်မတော် သမိုင်းကြောင်း
ဗမာ့ စစ်မက်ရေးရာ ဖြစ်စဉ် / From Wikipedia, the free encyclopedia
စစ်နှင့်ဆိုင်သော ရှေးအစဉ်အဆက် မြန်မာစာပေများ တွင် 'စစ်အင်္ဂါလေးပါး'ကို အခြေတည်၍ အမြဲဆိုလေ့ရှိသည်။ စစ်အင်္ဂါလေးပါးဟူသော်ကား 'ဆင်လည်းတစ်ပါး၊ မြင်းလည်း တစ်ပါး၊ ရထားလည်း တစ်ပါး၊ ခြေသည်လည်း တစ်ပါး' ဖြစ် သည်။ ထို စစ်အင်္ဂါလေးပါးကိုပင် 'သေနင်္ဂ'ဟူ၍လည်း ခေါ် သေးသည်။ သို့ရာတွင် ထို စစ်အင်္ဂါလေးပါးမှာ ပါဠိကျမ်းများ၊ သက္ကတကျမ်းများကို မှီး၍ ဆိုခြင်းမျှသာ ဖြစ်သည်။ ထို စစ်အင်္ဂါလေးပါးအနက် 'ရထား'မှာ ရှေးနှစ်ပေါင်း ၃ဝဝဝ ခန့်ကဖြစ်သော မဟာဘာရတ ကျမ်းကြီးတွင် ဘာရတညီနောင် စစ်ထိုးခန်း စသည်တို့၌ ပါရှိသော်လည်း မြန်မာ့သမိုင်း တစ်လျှောက်၌ 'ရထားတပ်'ဟူ၍ မရှိခဲ့။ တဖန် ပါဠိကျမ်း များ၊ သက္ကတကျမ်းများ၌ 'လှေသင်္ဘောတပ်'(ရေတပ်) ပါရှိစမြဲ ဖြစ်သည်။ ထို့ကြောင့် စစ်တပ်ဖွဲ့ပုံ၊ စစ်ချီပုံ၊ ခံမြို့တည်ပုံ စသည်တို့၌ မြန်မာစစ်ကျမ်းများက ပါဠိကျမ်းများ၊ သက္ကတ ကျမ်းများကို မှီး၍ ဆိုကြသော်လည်း ရေမြေဒေသ ခေတ် ကာလအလျှောက် လက်တွေ့ မြန်မာနည်းများကို တီထွင် ကျင့်သုံးခဲ့ကြကြောင်းဖြင့် သိရသည်။
ဤတွင် မြန်မာရာဇဝင်များ၌ ဖော်ပြထားသော တကောင်းခေတ်၊ သရေခေတ္တရာခေတ်နှင့် ပုဂံပြည် အနော် ရထာမင်းစော လက်ထက် မရောက်မီသော ခေတ်များပ မြန်မာတို့၏ စစ်ဓလေ့ထုံးစံများ မည်သို့ မည်ပုံ ရှိခဲ့ကြ သည်ကိုမူ ကောင်းစွာ မသိရ။ အနော်ရထာမင်းစော လက်ထက်လောက်မှစ၍သာ နည်းနည်းချင်း သိလာရ တော့သည်။
အနော်ရထာမင်းစော လက်ထက်မှသည် သီပေါမင်း လက်ထက်အထိ မြန်မာတို့ စစ်တပ်ဖွဲ့ပုံမှာ ရှေးပဒေသရာဇ် ပုံစံအတိုင်းပင် ဖြစ်သည်။ မင်းဧကရာဇ်တို့ စံနေရာဖြစ်သော ရာဇဌာနီ နေပြည်တော်များတွင် အရှေ့၊ အနောက်၊ တောင်၊ မြောက်တည်းဟူသော လေးပြင်လေးရပ်တို့ကို စောင့်ရှောက် ရသည့် ထောင်မှူးလေးဦး၊ သူရဲ ၄ဝဝဝ မှ တစ်ပါး အမြဲ ဖွဲ့စည်းထားသောတပ်ဟူ၍ မရှိ။ စစ်မက်အရေး ပေါ်ပေါက် လာသည့်အခါများတါင်မှ တစ်နိုင်ငံလုံးရှိ ရဲရောင်သန်မာသူ တို့ကို ဆင့်ခေါ်စုရုံး ဖွဲ့စည်းတိုက်ခိုက်စေကြသည်။ ထိုကိစ္စ အတွက်လည်း ထောင်ပြု၊ ရှစ်ရာပြု၊ လေးရာပြု၊ သုံးရာပြု၊ နှစ်ရာပြု၊ တစ်ရာပြု၊ ရှစ်ဆယ်ပြု၊ ငါးဆယ်ပြု၊ သုံးဆယ်ပြု၊ နှစ်ဆယ်ပြုအထိ အသီးအသီး မြို့ပြတည်ရသည်။ ထောင်ပြု မြို့ ဆိုသည်မှာ စစ်မက်အရေးပေါ်ပေါက်လာခဲ့သော် စစ်တပ် အတွက် ရဲမက်တစ်ထောင်ပေးရသည်။ ရှစ်ရာပြုမြို့က ရဲမက် ရှစ်ရာပေးရသည်။ ဤသို့အားဖြင့် သုံးဆယ်ပြု မြို့ကလည်း ရဲမက်သုံးဆယ်၊ နှစ်ဆယ်ပြု မြို့ကလည်း ရဲမက်နှစ်ဆယ် အသီးအသီးပေးကြရသည်။ မြန်မာတစ်နိုင်ငံလုံးမှ ဤနည်း ဖြင့် ရဲမက်သုံးသိန်း ရနိုင်လေရာ မြန်မာနိုင်ငံလုံးကို သုံးသိန်း ပြုဟု သတ်မှတ်ထားသည်။ ဤစံနစ်ကို စတင်တီထွင်ခဲ့သူမှာ အနော်ရထာမင်းစောပင် ဖြစ်သည်။ ထိုစဉ်က မြန်မာနိုင်ငံ၏ အရှေ့ဘက်နယ်စပ်တစ်လျှောက်တွင် အစောင့်အရှောက်မြို့များ အဖြစ် ကောင်းစင်၊ ကောင်းထုံ၊ ငရုန်း၊ ငရင်း အစရှိသော မြို့ပေါင်း ၄၃ မြို့ကို တစ်ပြိုင်နက်တစ်ချက်တည်း တည်စေ ခြင်းမှ အစပြုသည်ဟု ဆိုသည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/c/c8/Common_soldier.jpg/640px-Common_soldier.jpg)
ထိုမြို့များမှ ထောက်ပံ့ကြရသည့် အစုကျစံနစ်မှာလည်း လေးရာပြုမြို့ ဆိုလျှင် ရဲမက် ၄ဝဝ အပြင် တစ်အိမ်လျှင် ငွေ တစ်မူးစီ ပေးရသည်။ ထိုရဲမက် ၄ဝဝ အနက် ဒိုင်းကိုင် ၅ဝ၊ လေးသား ၈ဝ၊ လှံဓား ၅ဝ၊ သေနတ်ကိုင် ၈ဝ၊ ဝန်ထမ်း ၅ဝ၊ အမြောက်တွင် မီးစာကိုင် ၉ဝ ဟူ၍ စုစုပေါင်း ရဲမက် ၄ဝဝ ကို အချိုးကျ ထောက်ပံ့ရသည်။
ထို့ပြင် စစ်မက်ရေး ပေါ်ပေါက်တိုင်း ထီးရံ၊ နန်းရံ ဖြစ်သော စော်ဘွားများ၊ မြို့စားများကလည်း မိမိတို့ တပ်များ နှင့်အတူ ဆင့်ဆိုရာသို့ လိုက်ပါတိုက်ခိုက်ကြရသည်။ မြန်မာမင်းများ လက်ထက်တွင် စစ်ဖက်အမှုထမ်း၊ မြို့ရွာ အုပ်ချုပ်ရေးအမှုထမ်းဟူ၍ သီးခြားမရှိ၊ စစ်မက်အရေး ပေါ်ပေါက်လျှင် ဘုရင်မှအစ အမှုထမ်းတစ်ယောက်မကျန် စစ်မှုထမ်းရွက်ရသည်။ တပ်တွင် ဘုရင်နှင့် အိမ်ရှေ့ မင်းသားတို့ မပါလျှင် ယုံမှတ်သော မင်းသားတစ်ဦးဦး ကို အမှူးအချုပ် ခန့်အပ်သည်။ ထိုအမှူးအချုပ်ကို 'ဗိုလ်မှူးမင်းသား'ဟု ခေါ်သည်။ မြင်းတပ်တွင်လည်း အထူး ယုံမှတ်သော မင်းသားကို ခန့်ထားသည်။ 'မြင်းမှူးမင်းသား' ဟု ခေါ်သည်။ လွှတ်တော်ဝန်ကြီးဟူသရွေ့ကား 'အဂ္ဂမဟာ သေနာပတိ'ဘွဲ့ကို ခံယူကြရသည်။
ရှေးရိုးစဉ်လာအရ မှူးမတ်-မင်းချင်း၊ မင်းခစား-အမှုထမ်း၊ သူရဲ-သူခက်တို့အား အရည်အသွားအလျောက် ရာထူးများ တိုးတက်ခန့်ထားပုံမှာ--
- ခြေ ၁ဝ ပွဲရမှ မြင်းသို့ တင်သည်။
- မြင်း ၁ဝ ပွဲရမှ ဆင်သို့ တင်သည်။
- ဆင် ၁ဝ ပွဲရမှ လှေသို့ တင်သည်။
- လှေ ၁ဝ ပွဲရမှ မြို့ပြကံကျွေးပေး၍ သူကောင်းပြုသည်။ ဤစံနစ်ကို ထောက်လျှင် 'လှေတပ်'ကို အရေးအကြီးဆုံးထားကြောင်း သိရသည်။
မြန်မာ့သေနင်္ဂဗျူဟာ စစ်ပညာများ ဖြစ်ကြသော စစ်၏အစီအရင် ခုနစ်ပါး အစရှိသည်တို့ အကြောင်းကို လည်းကောင်း၊ မြန်မာ့စစ်စာပေများ ဖြစ်ကြသော သေနင်္ဂ ဗျူဟာကျမ်း အစရှိသည်တို့အကြောင်းကိုလည်းကောင်း၊ မြန်မာ တို့ အကြီးအကျယ် အောင်နိုင်ခဲ့ကြသည့် အာသံစစ်ပွဲများ အစရှိသည်တို့အကြောင်းကိုလည်းကောင်း၊ မြန်မာစစ်ဘုရင် ကြီးများ ဖြစ်ကြသော အလောင်းမင်းတရား အစရှိသည်တို့ အကြောင်းကိုလည်းကောင်း စာလေးမည်စိုး၍ ခြွင်းချန် ခဲ့သည်။
သို့ ခြွင်းချန်ထားပြီးနောက် သိသင့်၊ သိထိုက် သေး သည်ဟု အထင်ရှိသော သီပေါမင်းတရားလက်ထက် မြန်မာ နိုင်ငံ မပျက်သုဉ်းမီအချိန်က စစ်တပ်ခန့်ခွဲအုပ်ချုပ်ပုံအကြောင်း ကို ဆက်၍ ဆိုပေမည်။