From Wikipedia, the free encyclopedia
ဝိပဿနာ ယောဂီ ဒေါ်မြင့်မြင့်ဝင်း သည် မြန်မာ့သမိုင်းတွင်ထင်ရှားသော ဆင်ဖြူရှင်မင်း[note 1] နှင့် မြန်မာစစ်သူကြီး မင်းကြီးမဟာသီဟသူရ[1]တို့မှ တိုက်ရိုက်ဆင်းသက်လာသော direct descendant တစ်ဦးဖြစ်သည်။[2][3][note 2][note 3] မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ထင်ရှားခဲ့ပြီး ၁၉၄၇ ပင်လုံညီလာခံသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ မြန်မာပြည်မကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် ပါဝင်တက်ရောက်ခဲ့သော မြို့မ-ဦးသန်းကြွယ် (ပင်လုံစာချုပ်)၏ ဇနီးဖြစ်သည်။
ဒေါ်မြင့်မြင့်ဝင်း (ခေါ်) ဒေါ်အမာ | |
---|---|
မွေးဖွား | မြင့်မြင့်ဝင်း နိုဝင်ဘာ ၂၈၊ ၁၉၃၁ ပေါင်းတည်မြို့၊ ပဲခူးတိုင်း |
ကွယ်လွန် | စက်တင်ဘာ ၂၂၊ ၂၀၁၂ ၈၀) ရန်ကုန်မြို့ | (အသက်
နိုင်ငံလူမျိုး | မြန်မာ |
လူမျိုး | ဗမာ |
ကျော်ကြားမှုအရင်းခံ | ဝိပဿနာယောဂီ |
အိမ်ထောင်ဖက်(များ) | မြို့မ-ဦးသန်းကြွယ် |
သားသမီး | ဒေါ်ခင်မာကြွယ်၊ ဦးဌေးကြွယ်၊ ဒေါ်မြမြသန်း၊ ဦးမြင့်ကြွယ် |
မိဘ(များ) | ဟင်္သာတမြို့ ဆန်စက်ပိုင်ရှင်အဖ ဦးဘဦး+ပေါင်းတည်မြို့ ဆန်စက်ပိုင်ရှင်အမိ ဒေါ်တင်လှ |
ဟင်္သာတမြို့ ဆန်စက်ပိုင်ရှင် ဥက္ကလာဦးစေတီဘုရားတကာ အဖ ဦးဘဦး၊ ပေါင်းတည်မြို့ ဆန်စက်ပိုင်ရှင်အမိ ဒေါ်တင်လှတို့မှ ဒေါ်မြင့်မြင့်ဝင်း (ခေါ်) ဒေါ်အမာ ကို နိုဝင်ဘာ၊ ၂၈၊ ၁၉၃၁ ခုနှစ် တွင် မွေးဖွားခဲ့သည်။ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ကရိလမ်း(ယခု ဗိုလ်မြတ်ထွန်းလမ်း) (ယခု အ.ထ.က(၃)ဗိုလ်တထောင်) တိုက်ကျောင်းနှင့် ကပ်လျက် နေအိမ်တွင် ကြီးပြင်းခဲ့သည်။
အဖ ဟင်္သာတ-ဦးဘဦး[4]မှာ နောင်အခါ အမျိုးသားနေ့ဟူ၍ ဖြစ်ပေါ်စေခဲ့သော မြန်မာပြည်၏ ပထမဆုံး ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ်ကျောင်းသားသပိတ်တွင် ငွေအားလူအားဖြင့် ပါဝင်ခဲ့သူဖြစ်ပြီး ဟင်္သာတမြို့ ဆန်စက်ပိုင်ရှင်၊ မြေပိုင်ရှင် ဦးဘိုးငြိမ်း+ဒေါ်ရွှေမြတို့၏တစ်ဦးတည်းသောသားဖြစ်သည်။ ဦးဘဦး+ဒေါ်တင်လှမိသားစုသည် ပေါင်းတည်မြို့၊ နတ္တလင်းမြို့၊ ဇီးကုန်းမြို့တို့တွင် တန်(၁၀၀)ကျ ဆန်စက် ၁၃ လုံး ပိုင်ဆိုင်ခဲ့သည်။
အမိ ဒေါ်တင်လှ၏ဖခင်မှာ ဦးဘိုးဆင့် ဖြစ်သည်။ ဦးဘိုးဆင့်၏ဖခင်မှာ ဘိုးရွှေကွန်ဖြစ်ပြီး ဘိုးရွှေကွန်၏ဖခင်မှာ ဘိုးသစ္စာ၊ ဘိုးသစ္စာ၏ဖခင်မှာ စဉ့်ကူးမင်း၊ စဉ့်ကူးမင်း၏ဖခင်မှာ ဆင်ဖြူရှင်မင်းဖြစ်၍ ဆင်ဖြူရှင်မင်း၏ဖခင်မှာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျဖြစ်သည်။[2] ဒေါ်တင်လှမှာ ဂျီစီဘီအေ လူကြီး ဝိုင်အမ်ဘီအေလူကြီး၊ သမာဓိမြို့ဝန်ပန်းကန်စက်ဦးသော်၏ညီမအရင်းဖြစ်သည်။[5][6]
မောင်နှမ ၉ ယောက် (ဒေါ်ညွန့်ညွန့်ဦး၊ ဒေါ်မြင့်မြင့်ဝင်း၊ ဒေါ်မြင့်မြင့်ဆွေ၊ ဦးမောင်မောင်သန်း (စာရေးဆရာ မိုးနတ်သျှင်)၊ ဦးမောင်မောင်ညွန့်၊ ဦးခင်မောင်သွင်၊ ဦးနေဝင်း၊ ဒေါ်တင်တင်ဦး (စာရေးဆရာမ တင်တင်ဦး(ပေါင်းတည်))၊ ဦးကျော်အေး) တွင် ဒုတိယမြောက်သမီးကြီးဖြစ်သည်။
ရန်ကုန် အရှေ့ပိုင်း ကရိလမ်း(ဗိုလ်မြတ်ထွန်းလမ်း) ကရိမက်သဒစ် ကျောင်း (Creek Methodist School) တွင် ပညာသင်ကြားခဲ့သည်။ ရန်ကုန်မြို့၊ မြို့မ အထက်တန်းကျောင်း မှ ၁၀ တန်း စာမေးပွဲ အောင်မြင်ခဲ့သည်။ Matriculation Class အောင်မြင်ခဲ့သည်။ ထိုစဉ်က မြို့မ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးမှာ မြို့မ ဦးဘလွင် ဖြစ်သည်။ မြို့မကျောင်းတွင် ပညာသင်ကြားစဉ် ကလေးဘဝ ကတည်းကပင် မိဘ၊ ဆရာ၊ ဆရာမများတို့၏ ကျေးဇူးကြောင့် ဗုဒ္ဓဘာသာ စာပေများနှင့် မြန်မာ့ယဉ်ကျေးမှုကို အခြေခံကျကျ နားလည်ခဲ့သည်။
မြေပိုင်ရှင်သူဌေး ဦးစိန်၊ ဒေါ်စိန်ကျော့တို့၏ သားဖြစ်သူ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ် လမ်း ၅၀ နေ မြို့မ-ဦးသန်းကြွယ် နှင့် ရန်ကုန်မြို့ ရန်ကုန်မြို့တော်ခန်းမ တွင် ထိမ်းမြှားလက်ထပ် ခဲ့သည်။ သူမ၏ ခင်ပွန်း မြို့မ-ဦးသန်းကြွယ်သည် ၁၉၄၆ခုနှစ် မှ ၁၉၄၈ ခုနှစ်အထိ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ၊ ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ နှင့် မြို့မကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေးဆောင်ရွက်ရာတွင် ဗိုလ်သန်းကြွယ်၊ သခင်သန်းကြွယ်၊ မြို့မ-ဦးသန်းကြွယ် (ပင်လုံစာချုပ်) အမည် ဖြင့်ထင်ရှားခဲ့သည့် အပြင် ၁၉၄၇ ဖေဖော်ဝါရီလတွင် သမိုင်းဝင် ပင်လုံညီလာခံ သို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အတူ တက်ရောက်ခဲ့ပြီး ပင်လုံစာချုပ် အောင်မြင်စွာ ချုပ်ဆိုနိုင်ရေးအတွက် ထူးခြားစွာဆောင်ရွက်ခဲ့သူဖြစ်သည်။
၁၉၄၈ ခုနစ်မှ ၁၉၆၂ ခုနစ်ထိ ပါလီမန် ဒီမိုကရေစီ ဖဆပလ အစိုးရခေတ် ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့ နှင့် အာဇာနည်နေ့များတွင်လည်းကောင်း၊ ဘာသာရေး၊ လူမှုရေးနှင့် အမျိုးသမီးရေးရာ လုပ်ရှားမှုများတွင်လည်းကောင်း ဒေါ်မြရီ (ဝန်ကြီးချုပ် ဦးနု၏ဇနီး)၊ ဒေါ်ခင်ကြည် (ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး)၊ ဒေါ်နုနုဆွေ (ဒုတိယ ဝန်ကြီးချုပ် ဦးဗဆွေ၏ဇနီး)၊ ဒေါ်နွဲ့နွဲ့ရီ (ဒုတိယဝန်ကြီးချုပ် ဦးကျော်ငြိမ်း၏ ဇနီး) စသည်တို့နှင့်အတူ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ သမာအာဇီဝဖြင့် မိသားစု ကြိုးစားရှာဖွေထားခဲ့သော ပစ္စည်းများ၊ အဆောက်အအုံများကို အစိုးရက မြေဧက ၂၀,၀၀၀ ပြည်သူပိုင်သိမ်းခဲ့စဉ် လွန်စွာ စိတ်ဆင်းရဲခဲ့ရသော်လည်း တရားနှင့် ဖြေဆည်နိုင်ခဲ့သည်။
ဗုဒ္ဓဘာသာကို အထူးကိုင်းရှိုင်းသော ယောဂီတစ်ဦးဖြစ်သည်။ မိုးကုတ်ဝိပဿနာတရားကို ၁၉၈၀ ပြည့်နှစ်ခန့်မှ နှစ်ပေါင်း (၃၀) ကျော် ကျင့်ကြံအားထုတ်ခဲ့သည်။ ဆွေကြီးမျိုးကြီးဖြစ်သော်လည်း မင်္ဂလာတရားတော်နှင့်အညီ မည်သူ့ကိုမျှ မာန်မာနထားခြင်းမရှိပေ။ ခြိုးခြံစွာကျင့်သုံးနေထိုင်၍ လှူသင့်လှူထိုက်သူအား ရက်ရောစွာ ပေးကမ်းလှူဒါန်းတတ်သည်။ ဆင်းရဲ-ချမ်းသာမရွေး၊ လူမျိုး-ဘာသာမရွေး လူအားလုံးကို မေတ္တာစိတ်ဖြင့် လှိုက်လှဲပျူငှာစွာ ဆက်ဆံပြောဆိုလေ့ရှိသည်။ အထူးသဖြင့် မြတ်ဗုဒ္ဓ၏ အဆုံးအမတရားတော်တို့ကို ပုံပြင်ဇာတ်တော်၊ နိပါတ်တော် ဝတ္တုများဖြင့် သားသမီးများကိုသာမက ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအား မကြာခဏ ရှင်းလင်းလေ့ရှိသည်။
ငယ်စဉ်ကပင် ပန်းနာရင်ကြပ်ဝေဒနာကြောင့် အမြဲလိုလို ကုတင်ပေါ်တွင် မအိပ်နိုင်ပဲ စားပွဲခုံပေါ် မေးတင်ပြီး ထိုင်လျက်သာ အိပ်စက်နိုင်သည်။ သို့ရာတွင် နေ့စဉ် အာနာပါန ဝိပဿနာ တရားရှုမှတ်ခြင်းကြောင့် ပန်းနာရင်ကြပ်ဝေဒနာ ရောဂါ ပျောက်ကင်းခဲ့ပြီး အသက် (၈၁) အရွယ်ထိ ကျန်းမာရေးကောင်းမွန်ခဲ့သည်။[7]
ဘာသာရေးသာမက မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ မျိုးချစ်စိတ်ဓာတ်မြင့်မားရေးဆိုင်ရာများ၊ လူမှုရေးဆက်ဆံရေးဆိုင်ရာ ဝတ္တရားများ၊ မေတ္တာ၊ ကရုဏာ၊ သည်းခံခြင်းနှင့် ကိုယ်ကျင့်သီလ ဆိုင်ရာများကို ကဗျာဖြင့်လည်း ဒေါ်မြင့်မြင့်ဝင်း (ခေါ်) ဒေါ်အမာက သွန်သင်ဆုံးမလေ့ရှိသည်။
ယောဂီ ဒေါ်မြင့်မြင့်ဝင်း (ခေါ်) ဒေါ်အမာ သည် အသက် ၈၁ နှစ် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ၊ ၂၂ ရက်၊ စနေနေ့ ည ၉ နာရီ ၂ဝ မိနစ် တွင် ရန်ကုန်မြို့ ၌ ကွယ်လွန်ခဲ့သည်။ ကျန်ရစ်သူ သားသမီး ၄ ဦး မှာ ဒေါ် ခင်မာကြွယ်၊ ဦးဌေးကြွယ်၊ ဒေါ်မြမြသန်း၊ စာရေးဆရာ-မြန်မာ့သမိုင်းပညာရှင် ဦးမြင့်ကြွယ် (မြို့မ-မြင့်ကြွယ်) တို့ ဖြစ်ကြသည်။ ခင်ပွန်း မြို့မ-ဦးသန်းကြွယ် နှင့် ဒေါ်မြင့်မြင့်ဝင်း (ခေါ်) ဒေါ်အမာတို့၏ ကွယ်လွန်ခဲ့သော ရက်၊ လ တို့သည် စက်တင်ဘာ ၂၂ ရက် တိုက်တိုက်ဆိုင်ဆိုင် အတူတူ ဖြစ်နေသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.