မန္တလေး နန်းတော်
ရှေးခေတ်မြန်မာဘုရင့်နန်းတော် / From Wikipedia, the free encyclopedia
မန္တလေးနန်းတော် သည် မန္တလေးမြို့တွင်တည်ရှိပြီး ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးနန်းတော်ဖြစ်သည်။ မင်းတုန်းမင်းသည် မန္တလေးမြို့သစ်ကို တည်သောအခါ တပါတည်း နန်းတော်ကိုပါ ၁၈၅၇ နှင့် ၁၈၅၉-ခုနှစ်အတွင်း တည်ဆောက်ခဲ့သည်။ မန္တလေးနန်းတော်၏ ပုံစံသည် ယခင်နန်းတော်ဟောင်းများအတိုင်းဖြစ်ပြီး မြို့ရိုးနှင့် ကျုံးတို့က ဝန်းရံထားသည်။ နန်းတော်သည် ဝင်းအလယ်ဗဟိုတွင် တည်ရှိပြီး အရှေ့ဘက်ကို မျက်နှာမူထားသည်။ နန်းဆောင်အားလုံးမှာ တစ်ထပ်သာဖြစ်ကြသည်။ နန်းဆောင်ပေါ်ရှိ ပြာသာဒ်အဆင့် အရေအတွက်သည် အဆောင်ပိုင်ရှင်၏ အရေးပါမှုကို ပြသည်။
မန္တလေး နန်းတော် | |
---|---|
အခြားအမည်များ | မြနန်းစံကျော် ရွှေနန်းတော် |
အထွေထွေ အချက်အလက်များ | |
အမျိုးအစား | ဘုရင်မင်းမြတ်စံမြန်းရာ ရွှေနန်းတော် |
ဗိသုကာစတိုင် | မြန်မာ့ဗိသုကာ |
တည်နေရာ | မန္တလေးမြို့ |
နိုင်ငံ | မြန်မာ |
ကိုဩဒိနိတ် | 21°59′34.59″N 96°5′45.28″E |
တည်ဆောက်မှု စတင် | ၁၈၅၇ |
ပြီးစီး | ၁၈၅၉ |
ပိုင်ဆိုင်သူ | မြန်မာနိုင်ငံအစိုးရ |
မန္တလေးနန်းတော်တွင် မင်းတုန်းမင်းနှင့် သီပေါမင်းတို့သာ စိုးစံတော်မူခဲ့သည်။ တတိယ အင်္ဂလိပ်−မြန်မာ စစ်ပွဲပြီးဆုံးသောအခါ၊ ဗြိတိသျှစစ်တပ်က နန်းတော်တွင်းဝင်ရောက်ပြီး ဘုရင့်မိသားစုကို ဖမ်းခေါ်ဆောင်သွားပြီး နန်းတော်ကိုလည်း သိမ်းပိုက်ထားခဲ့သည်။ ထို့နောက် ဗြိတိသျှတို့က နန်းတော်ကို ဒပ်ဖရင်ခံတပ် အဖြစ်ပြောင်းလဲခဲ့သည်။ ဗြိတိသျှတို့ အုပ်စိုးစဉ် ကာလတလျှောက်လုံး နန်းတော်သည် အမျိုးသားရေး အမှတ်အသား အဖြစ်တည်ရှိခဲ့သည်။ နန်းဆောင် တော်တော်များများမှာ ဒုတိယ ကမ္ဘာစစ်အတွင်း မဟာမိတ်တို့၏ ဗုံးကြဲမှုဒဏ်ကြောင့် မီးလောင်ပျက်စီးခဲ့ရပြီး နန်းဆောင်အနည်းငယ်နှင့် နန်းမြင့်မျှော်စင်သာ ကျန်ခဲ့သည်။ ထို့နောက် ၁၉၉၀ လွန်နှစ်များတွင် ပြန်လည်တည်ဆောက်ခဲ့သည်။
ယနေ့အခါ မန္တလေးနန်းတော်သည် နိုင်ငံခြားသားများ လည်ပတ်ရာ အဓိကနေရာအဖြစ် တည်ရှိနေသည်။ ရှေးမြန်မာမြို့တော်ဟောင်း၏ မြို့ရိုးဟောင်း၊ ၊ မြို့ရိုးပျက်များကို ယခုတိုင်တွေ့မြင်နိုင်ပေသေးသည်။ လွန်ခဲ့သည့် အနှစ် ၁ဝဝ ကျော်က မင်းတုန်းမင်း တရားတည်ဆောက်ခဲ့သည့် မန္တလေးမြို့ရိုးကြီးသည် ဒုတိယကမ္ဘာစစ်အတွင်းက အမြောက်ဒဏ်များကို မရှုမလှ ခံခဲ့ရသဖြင့် အချို့အပိုင်းများပျက်စီးခဲ့သော်လည်း ထင်ထင်ရှားရှားပင် တည်ရှိနေသေးသဖြင့် မြန်မာတို့၏ မြို့ရိုးအသွင်အပြင်ကို နမူနာဆောင်လျက်ရှိပေသေးသည်။