တမန်တော်မိုဟာမက်၏ ဇာတိချက်ကြွေအရပ် ဖြစ်သောကြောင့် အစ္စလာမ်ဘာသာဝင်တို့ အထွတ်အမြတ်ထားရာ မက္ကာမြို့သည် အာရေဗျကျွန်းဆွယ်အတွင်းရှိ ဆော်ဒီအာရေဗျနိုင်ငံ ဟက်ဂျက်နယ်တွင် တည်ရှိသည်။ ယင်းနိုင်ငံ၏ မြို့တော်နှစ်ခုအနက် သာသနာရေးဆိုင်ရာမြို့တော်ဖြစ်သည်။ ပင်လယ်နီ၏ ဆိပ်ကမ်းမြို့ဖြစ်သော ဂျစ်ဒါမြို့၏ အရှေ့ဘက် ၄၅ မိုင်ကွာတွင်ရှိသည်။ မက္ကာမြို့သည် ကျဉ်းမြောင်း၍ သဲထူထပ်သော ချိုင့်ဝှမ်းတွင် တည်ရှိလျက် အလျား ၂ မိုင်ခန့် အနံ ၂/၃ မိုင် ခန့် ရှိသည်။ မက္ကာမြို့တွင်းရှိ အိမ်များမှာ အုတ်တိုက်များဖြစ်၍ အများအားဖြင့် ၃ ထပ် ၄ ထပ် တက်ထားသည်။ လမ်းဘေးတွင် လူသွားစင်္ကြံမရှိပေ။ မက္ကာမြို့တွင် မိုးသည် တစ်ခါတစ်ရံမှသာ ရွာသွန်း၍ ရေရှားပါးသည်။ ယခုအခါတွင်မူ အရှေ့အရပ်သို့ တောင်ပေါ်မှရေကို ရေသွယ်မြောင်းဖြင့် သွယ်ယူထားပေပြီ။

Thumb
မက္ကာ မြို့လည်ခေါင်

မက္ကာမြို့သည် မို့ဟာမက် မဖွားမီကပင် တည်ရှိသော ရှေးမြို့တစ်မြို့ဖြစ်၏။ ကုန်သွယ်ရေးလမ်းကြောင်းတွင်တည်၍ ကုန်သွယ်ရာ အချက်အချာဌာနဖြစ်သည့်အပြင် ထိုစဉ်အခါက အာရေဗျတွင် ပြန့်ပွားလျက်ရှိသော ဘာသာအယူဝါဒတစ်ခု၏ သာသနာဖြန့်ရာ အချက်အချာဒေသလည်းဖြစ်၏။ မက္ကာမြို့သည် ဟက်ဂျက်နယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည့်အလျောက် တူရကီလူမျိုးတို့၏ လက်အောက်သို့ ရောက်ခဲ့ရသေးသည်။ ၁၉၁၄-၁၈ ခုနှစ်အတွင်း ဖြစ်ပွားသော ပထမကမ္ဘာစစ်ကြီးအတွင်းကမှ ဟူစိန်အစ်ဗင်အလီခေါင်းဆောင်သော ပုန်ကန်မှု အောင်မြင်သောကြောင့် တူရကီလက်အောက်မှ မက္ကာသည် ၁၉၁၆ ခုနှစ်တွင် လွတ်မြောက်ခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် ဟူစိန်ဘုရင်အား နက်ဂျနိုင်ငံ စူလတန်ဘုရင်လက်တွင်းသို့ ကျရောက်လေ၏။ ဟူစိန်ဘုရင် နန်းစွန့်၍ နန်းကိုဆက်ခံသော သားတော်အလီဘုရင်သည် ၁၉၂၅ ခုနှစ်တွင် ဝဟာဗီတို့၏ စူလတန်ဘုရင် အစ်ဗင်ဆုအူးအား လက်နက်ချသည်။ ၁၉၂၆ ခုနှစ်တွင် အစ်ဗင်ဆုအူးသည် မက္ကာမြို့၌ ဘုရင်အဖြစ်ကို ခံယူသည်။

မက္ကာမြို့သည် ငယ်ပင်ငယ်သော်လည်း ဤသို့အားဖြင့် မွတ်စလင်တို့ အထွတ်အမြတ်ထားရာမြို့ဖြစ်သောကြောင့် ကမ္ဘာတွင် ထင်ရှားသည်။ မက္ကာမြို့သည် ကာအ်ဘာကျောင်းတော်၊ ကျောက်တုံးနက်ကြီးနှင့် ဗလီတို့တည်ရှိရာ ဒေသလည်း ဖြစ်သည်။ ဗလီသည် ပေါင်းကူးစင်္ကြံသဖွယ်ဖြစ်၍ အနံပေ ၆ဝဝ နှင့် အလျားပေ ၈ဝဝ ရှိသော ကွက်လပ်ကို ဝန်းရံထားသည်။ ယင်းကွက်လပ်၏ အလယ်ဗဟိုတွင် ကာအ်ဘာတည်ရှိကာ ကာအ်ဘာ၏ အရှေ့တောင်ဘက်ထောင့်တွင် ကျောက်တုံးနက်ကြီး တည်ရှိသည်။ လာရောက်ဖူးမြော်သူတို့သည် ကာအ်ဘာကို ၇ ကြိမ် ပတ်ပြီးလျှင် ယင်းကျောက်တုံးနက်ကြီးကို နမ်းကြရသည်။

တမန်တော် မိုဟာမက်၏ မိန့်ကြားချက်အရ မွတ်စလင်မှန်လျှင် မက္ကာမြို့သို့ တစ်သက်တွင်တစ်ခါ သွားရမည် ဖြစ်၏။ သို့ဖြစ်သောကြောင့် ကမ္ဘာအရပ်ရပ်မှမွတ်စလင်များသည် မက္ကာမြို့သို့ ရေကြောင်းဖြင့်တစ်နည်း၊ ကြည်းကြောင်းဖြင့် တစ်သွယ်၊ လေကြောင်းဖြင့်တစ်ဖုံ တကူးတက သွားရောက်ကြ၍ ကျောက်တုံးနက်ကြီးကို ဖူးမြော်ဝတ်ပြုခြင်းဖြင့် အာပတ်ဖြေကြရကုန်၏။ ဘုရားဖူးချိန်အခါရာသီမှာ အာရပ်ပြက္ခဒိန်အရ ၁၂ လ မြောက်သော ကာလတွင်ဖြစ်၏။ ကမ္ဘာပေါ်ရှိ ဆင်းရဲချမ်းသာမရွေး လူတန်းစားအမျိုးမျိုးမှ မွတ်စလင်တို့ လာရောက်ကြသော ထိုအချိန်တွင် မက္ကာမြို့တွင် အလွန်စည်ကားပေ၏။ ထိုသို့ ရောက်လာသူတို့သည် မိမိတို့ ဝတ်ပြုဖွယ် အသွယ်သွယ်တို့ကို ပြီးမြောက်ကြသောအခါ ဟာဂျီဟူသောဘွဲ့ကို ရရှိကြ၏။[1]

Thumb
မက်ဆဂျစ် အယ်လ် ဟာရမ်၏ မြင်ကွင်းကျယ်

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.