မလေးလူမျိုးသည် မလ္လာယု ကျွန်းဆွယ်နှင့် မလ္လာယုကျွန်းစုတို့တွင် နေထိုင်သော မွန်ဂိုလွိုက် လူမျိုး တစ်မျိုး ဖြစ်သည်။ မလေးလူမျိုးကို မြန်မာတို့က ပသျှူး လူမျိုးဟူ၍လည်းခေါ်သည်။ စင်စစ်သော်ကား မလေးလူမျိုး ဟူသည့်အမည်မှာ ထိုမလ္လာယု ကျွန်းဆွယ်နှင့် မလ္လာယု ကျွန်းစုတို့တွင် လူများစုဖြစ်လျက် မိမိတို့ကိုယ်ကို အော်ရန် မလ္လာယုဟု ခေါ်ကြသူများကို ဥရောပတိုက်သားတို့က ပေးထားသော အမည်လည်းဖြစ်၏။

Thumb
မလေးရိုးရာသတိုးသမီးဝတ်စုံနှင့် မလေးလုံမပျို။

မျိုးနွယ်နှင့် ကိုးကွယ်ယုံကြည်မှု

မလေးလူမျိုးစင်စစ်မှာ ပေါ်လီနီးရှန်း လူမျိုး၊ မိုက္ကရိုနီးရှန်း လူမျိုးတို့နှင့် လူမျိုးအားဖြင့်လည်းကောင်း၊ ဘာသာစကားအားဖြင့် လည်းကောင်း ဆက်နွှယ်နေကြသူများ ဖြစ်သည်။ ယင်းတို့သည် ဆူမတြားကျွန်းရှိ ရှေးဦး မလေးလူမျိုးစုမှ ဆင်းသက်ပေါက်ပွားလာကြသည်။ ထိုရှေးဦး မလေးလူမျိုးစုသည် အေဒီ ၄ဝဝ ခန့်မှ စတင်၍ ဟိန္ဒူသွေးနှောကာ၊ ဟိန္ဒူယဉ်ကျေးမှု လွှမ်းမျိုးခြင်း ခံခဲ့ရပြီး နောက်တွင် မလ္လာယုကျွန်းဆွယ်သို့ရောက်လာပြီးလျှင် ၁၁၆ဝခန့်တွင် စင်္ကာပူကို တည်ထောင်ခဲ့ကြသည်။ ယင်းတို့သည် ဂျားဗားကျွန်းသို့လည်း ပြန့်နှံ့သွားခဲ့၍၊ အခြား ပင်လယ် ကမ်းခြေ ဒေသများသို့လည်း ပင်လယ်ကြောင်း ကုန်သွယ်ယင်း၊ လုယက် တိုက်ခိုက်ယင်း ရောက်ရှိသွားခဲ့ရာ၊ ပမာအားဖြင့် ဘော်နီယိုကျွန်းတွင် ရှိယင်းတိုင်းဦးသားတို့ကို ပင်လယ်ကမ်းခြေဒေသများမှ အတွင်းဘက် ကုန်းမြင့်ဒေသများသို့မောင်းထုတ်ခဲ့လေသည်။ မလေးလူမျိုးများသည် ၁၄ ရာစုနှစ်တွင် မလက္ကာနိုင်ငံကို ထူထောင်ခဲ့၍၊ ထိုနောက်တွင် ဆန်ဒါကျွန်းများ၊ ဖိလစ်ပိုင်ကျွန်းများ၊ မိုလပ်ကပ် ကျွန်းများနှင့် ဩစတြေးလျတိုက်အနီးအပါးရှိ ကျွန်းစုအချို့ကိုပင် သိမ်းပိုက်ထားခဲ့လေသည်။

ကြင်အင်လက္ခဏာများ

မလေးလူမျိုးသည် ကိုယ်လုံး အဆစ်အပေါက်ကျသည်။ သို့သော် ကိုယ်နေခပ်ပါးပါး၊ ညိုညစ်ညစ် အရောင်ရှိ၍ အရပ် ပုသည်။ လက်များသေးကာ၊ အထူးသဖြင့် လက်ဆစ် ခြေဆစ် များ အလွန်သေးငယ်၏။ မျက်နှာဝိုင်း၏။ နှာခေါင်းသေး၍ တို၏။ မျက်လုံးမျက်ဖန်ကောင်း၍ မည်းသည်။ ပါးရိုးများ ပေါ်လွင် ထင်ရှားသော်လည်း မျက်နှာ ခပ်ပြားပြားဖြစ်သည်။ ဆံပင်ဖြောင့်တန်း၍ မည်းနက်၏။ ယင်းတို့သည် မိမိတို့ နှင့်ဆိုင်သော ယဉ်ကျေးမှုကို ထိန်းသိမ်း၍ ဘာသိဘာသာ နေတတ်သည်။ သို့သော် ချက်ချက်ချာချာ ရှိသည်။ ဉာဏ်ထက်မြက်သည်။ အာရပ်တို့နှင့် ဆက်ဆံမိပြီးသည့်နောက်တွင် မလေးလူမျိုးသည် ၁၃ ရာစုနှစ်မှ ၁၅ ရာစုနှစ်အထိ နှစ်များ အတွင်း အယူဝါဒရေးတွင် လည်းကောင်း၊ ယဉ်ကျေးမှုတွင် လည်းကောင်း အာရပ်တို့ကို စံနမူနာထားလျက် မွတ်စလင်များ လုံးဝဖြစ်သွားလေတော့သည်။ သို့သော် မလေးလူမျိုးတို့သည် စုံးနတ်အစွဲကား ရှိနေဆဲပင် ဖြစ်၏။ ယင်းတို့သည် ကြက်တိုက်ခြင်းကို လည်းကောင်း၊ ကံစမ်းကစားနည်းများကို လည်းကောင်း ဝါသနာထုံသည်။

ဝတ်စားဆင်ယင်မှု

မလေး အမျိုးသားတို့သည် ပေါင်လယ်ထိရောက်သော အင်္ကျီရှည် ဖားဖားနှင့် ဘောင်းဘီတို့ကိုဝတ်၍ ဦးခေါင်းတွင် ဦးထုပ်ကိုသော်လည်း ဆောင်းထားတတ်၍၊ ခေါင်းစည်း ပုဝါကိုသော်လည်း စည်းထားတတ်၏။ ခါးတွင် ဘောင်းဘီ ပေါ်မှ ပိုး၊ သို့မဟုတ် ချည်လုံကွင်းကို စည်းပတ်ဝတ်တတ် သည်။ လုံကွင်းကို ဝတ်ရာတွင် အမျိုးသမီးအဖို့ခြေဆစ်အထိ ရောက်သော်လည်း အမျိုးသားများမှာမူ လုံကွင်းကို ခေါက်တင် ထားတတ်ရာ၊ ဒူးဆစ်အထိလောက်ရောက်သည်။ ဓားမြှောင် တို့ကို ကိုင်ဆောင်လေ့ ရှိကြသည်။ ဘောင်းဘီမှာလည်း အတန်တို၍ ပုံတစ်မျိုးဖြစ်ပြီးလျှင်၊ ရောင်စုံကန့်လန့်အစင်းများ ပါရှိတတ်၏။ အမျိုးသမီးများသည် ညိုဖျော့ဖျော့ အရောင် ရှိ၍၊ ပိုးဖဲ အထူးသဖြင့် ပါတိတ် လုံချည်များကို ဝတ်ဆင်ကြ သည်။ ကောင်းမွန်သပ်ရပ်စွာ ဝတ်၍ အနေအထိုင် တတ်သည်။

ခေတ်ကာလ အလျောက် မလေးလူမျိုးတို့သည် ခေတ်မီလာကြ ကာ အနောက်တိုင်း အဝတ်အစား အသုံးအဆောင် ယဉ်ကျေးမှု တို့ကို လက်ခံသုံးစွဲကြသည်။

ဘာသာစကား

မလေးဘာသာစကားမှာ ဩစတြစ်ဘာသာစကားမျိုးရင်း မှ ဩစတြိုနီးရှင်း ဘာသာစကား မျိုးခွဲတွင် ပါဝင်သည့် ဘာသာစကားမျိုး စိတ်တစ်ခု ဖြစ်သည်။ မလေးစာမှာ အာရဘစ်အက္ခရာတို့ကို အသုံးပြု၍ ရေးသားထားသော စာဖြစ်သည်။ ယင်းတို့၏ စာပေတွင် ကဗျာလင်္ကာများလည်း ပါဝင်၍ စကားပြေများလည်း ပါဝင်၏။ စကားပြေများမှာ အာရပ်၊ သို့မဟုတ် ပါးရှန်းစာပေတို့ကို မှီသည်က များလေသည်။[1]

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.