ထိုင်ပေမြို့
တရုတ်သမ္မတနိုင်ငံ၏မြို့တော် / From Wikipedia, the free encyclopedia
ထိုင်ပေမြို့ (臺北市) သည် ထိုင်ဝမ်ဟု လူသိများသည့် တရုတ်သမ္မတနိုင်ငံ၏ မြို့တော်ဖြစ်သည်။ ၁၈၉၅ မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်တို့ ထိုင်ဝမ်ကို ကိုလိုနီနယ်အဖြစ် အုပ်ချုပ်စဉ်တွင်လဲ ထိုင်ပေမြို့အား ရုံးစိုက်ရာမြို့အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၄၉ ခုနှစ် ကွန်မင်တန်အစိုးရ ထိုင်ဝမ်သို့ ပြောင်းရွှေ့လာပြီးနောက် ထိုင်ပေမြို့အား မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်မှာ ယနေ့အထိတိုင် ဖြစ်သည်။ [1]
ထိုင်ပေမြို့ (တိုင်ပေမြို့) 臺北市 | |||
---|---|---|---|
ထိုင်ပေမြို့ | |||
| |||
ထိုင်ပေမြို့၏ ဂြိုဟ်တုဓာတ်ပုံ | |||
ကိုဩဒိနိတ်: 25°2′N 121°38′E | |||
နိုင်ငံ | ထိုင်ဝမ် | ||
ဒေသ | ထိုင်ဝမ်မြောက်ပိုင်း | ||
City seat | Xinyi District | ||
အစိုးရ | |||
• အမျိုးအစား | ထိုင်ပေမြို့တော်အစိုးရ | ||
• မြို့တော်ဝန် | ဟောင်လုံပင်း (ကူမင်တန်ပါတီ) | ||
ဧရိယာ | |||
• မြို့ပြ | ၂၇၁.၇၉၉၇ စတုရန်းကီလိုမီတာ (၁၀၄.၉ စတုရန်းမိုင်) | ||
• ရေထု | ၂.၇ စတုရန်းကီလိုမီတာ (၁.၀ စတုရန်းမိုင်) 1.0% | ||
• မြို့ပေါ် | ၂၄၅၇ စတုရန်းကီလိုမီတာ (၉၄၉ စတုရန်းမိုင်) | ||
လူဦးရေ (၂၀၀၉) | |||
• မြို့ | ၂,၆၂၂,၀၉၀ | ||
• သိပ်သည်းမှု | ၉၆၄၇.၁၄/km၂ (၂၅၀၃၁/sq mi) | ||
• မြို့ပေါ် | ၆,၇၅၂,၈၂၆ | ||
• မြို့ပြကြီး | ၁၀,၀၇၂,၉၁၈ | ||
မြို့နယ် ၂၅ ခုတွင် လူဦးရေအဆင့် ၂ | |||
အချိန်ဇုန် | CST (UTC+8) | ||
စာပို့သင်္ကေတ | 100 – 106 | ||
ဧရိယာကုဒ် | (0)2 | ||
ISO 3166-2 | TW-TPE | ||
ဝက်ဘ်ဆိုဒ် | taipei.gov.tw (အင်္ဂလိပ်) | ||
မြို့တော်ပန်း: en:Azalea (Rhododendron nudiflorum) မြို့တော်အပင်: en:Banyan (India laurel fig, Ficus microcarpa) မြို့တော်ငှက်: en:Formosan Blue Magpie (Urocissa caerulea) |
ထိုင်ပေမြို့သည် ထိုင်ဝမ်ကျွန်း၏ မြောက်ဘက်အစွန်း တတိယအကြီးဆုံး ဆိပ်ကမ်းမြို့ဖြစ်သည့် ကြီးလုံမှ အနောက်တောင်ဘက် ၂၅ ကီလိုမီတာအကွာ တန့်ဆွေမြစ် (淡水河)၊ ကြီးလုံမြစ် (基隆河) နှင့် ရှင်းတျန့်မြစ် (新店溪) မြစ်သုံးမြစ်ဆုံရာ ချိုင့်ဝှမ်းတွင် တည်ရှိသည်။ အနောက်ဘက်မှလွဲ၍ အခြားအရပ်မျက်နှာများတွင် တောင်တန်းများရှိကာ အထူးသဖြင့် မြောက်ဘက်တွင် ၁၁၂၀ မီတာမြင့်သည့် ခြည်းရှင်းစန်း (七星山) တည်ရှိသည်။ ရာသီဥတုမှာ ပူအိုက်စွတ်စိုသည့် အပူလျော့ပိုင်း ရာသီဥတုဖြစ်သည်။
ထိုင်ပေမြို့သည် ထိုင်ဝမ်၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု အချက်အချာဖြစ်ပြီး ထိုင်ပေမြို့တော် မြူနီစပယ်အစိုးရအား လူထုမှ တိုက်ရိုက်မဲပေး ရွေးကောက် တင်မြှောက်ထားသည့် မြို့တော်ဝန်မှ ဦးစီးကြီးကြပ်သည်။ ထိုင်ပေမြို့၊ ကြီးလုံမြို့နှင့် ထိုင်ပေခရိုင်ပါဝင်သည့် ဒေသအား ထိုင်ပေမြို့ပြဒေသအဖြစ် ခေါ်ဝေါ်လေ့ရှိသည်။
ထိုင်ပေမြို့ပြဒေသသည် ထိုင်ဝမ်စက်မှုလုပ်ငန်း၏ အချက်အချာဖြစ်သည်။ အထည်အလိပ်စက်ရုံ အများစုသည်နှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း၊ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းများ တည်ရှိသည်။ ထိုင်ပေမြို့မှ ထိုင်ဝမ်၏ အခြားဒေသများသို့ ရထား၊ ကျည်ဆန်ရထား၊ အဝေးပြေးယာဉ်များ၊ လေယာဉ်များဖြင့် အလွယ်တကူ သွားလာနိုင်သည်။ ထိုင်ပေမြို့တွင်းရှိ စုန်းစန်းလေဆိပ်မှာ ပြည်တွင်းလေကြောင်းများနှင့် ထိုင်ဝမ်-ပြည်မ လေကြောင်းအချို့အား ဝန်ဆောင်ပေးလျက်ရှိပြီး ထောင်ယွမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ထိုင်ပေမြို့နှင့် အနောက်တောင်ဘက် ကီလိုမီတာ ၄၀ အကွာ ထောင်ယွမ်ခရိုင်တွင် တည်ရှိသည်။
ထိုင်ပေမြို့ကို ၁၈ ရာစု စောစောပိုင်းတွင် တည်ထောင်ခဲ့ပြီး ၁၉ ရာစုနှစ်တွင် အရေးပါသည့် ကုန်သွယ်ရေး အချက်အချာ ဖြစ်လာသည်။ ၁၈၉၅ ခုနှစ် ပထမတရုတ်ဂျပန်စစ်ပွဲအပြီးတွင် ဂျပန်တို့က ထိုင်ဝမ်အား ကိုလိုနီနယ်အဖြစ် အုပ်ချုပ်ခဲ့ပြီး ထိုင်ပေမြို့အား အစိုးရရုံးစိုက်ရာမြို့အဖြစ် သတ်မှတ်ခဲ့သည်မှာ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးအပြီး ဂျပန်တို့ စစ်ရှုံးပြီးနောက် ထိုင်ဝမ်အား ကွန်မင်တန်အစိုးရထံ ပြန်လည်အပ်နှင့်ခဲ့သည်အထိ ဖြစ်သည်။ ၁၉၄၉ ခုနှစ် တရုတ်ပြည်တွင်းစစ်ကို ရှုံးနှိမ့်ကာ ကွန်မင်တန်အစိုးရ ထိုင်ဝမ်သို့ ပြောင်းရွှေ့လာပြီးနောက် ချန်ကေရှိတ်သည် ထိုင်ပေမြို့အား တရုတ်သမ္မတနိုင်ငံ၏ မြို့တော်အဖြစ် ကြေညာခဲ့သည်။