တိုင်းစစ်ဌာနချုပ်
တပ်မတော် (ကြည်း) ၏ စစ်ဘက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့ / From Wikipedia, the free encyclopedia
တိုင်းစစ်ဌာနချုပ် (အင်္ဂလိပ်: Regional Military Command) ဆိုသည်မှာ မြန်မာ့တပ်မတော်၊ တပ်မတော်(ကြည်း)၏ စစ်ဘက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့ ဖြစ်သည်။ တိုင်းစစ်ဌာနချုပ်၏ အဓိကလုပ်ငန်းတာဝန်မှာ ၎င်း၏အခြေစိုက်နယ်မြေဧရိယာနှင့် ထိုနယ်မြေနှင့်နယ်နိမိတ်ချင်းထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိသော ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း နှင့် စစ်ရုံးရှိအထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့်ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လုပ်ပိုင်ခွင့်အာဏာအနေဖြင့် စစ်ဘက်တရားစီရင်ရေးအာဏာပါ ရရှိထားသည်။ တိုင်းစစ်ဌာနချုပ် ၏ အမြင့်ဆုံး ရာထူးတာဝန်မှာ “တိုင်းမှူး” (Regional Commander) ဖြစ်ပြီး ခန့်အပ်သောအဆင့်မှာ ဗိုလ်ချုပ် (သို့မဟုတ်) ဗိုလ်မှူးချုပ် ဖြစ်သည်။
တပ်မတော်တွင် ရာထူးခန့်အပ်သည့် ဝါစဉ်အရ တိုင်းစစ်ဌာနချုပ်များ၏ တိုင်းမှူးအသစ်များကို အစမ်းခန့်ကာလပြည့်မြောက်ပြီးသည့် ဒေသကွပ်ကဲရေးမှူး၊ တပ်မမှူး၊ စစ်ဆင်ရေးကွပ်ကဲရေးမှူးများအနက်မှ ဗိုလ်မှူးချုပ်အဆင့် အရာရှိကြီးတစ်ဦးဦးကိုသာ ရာထူးတိုးခန့်အပ်လေ့ရှိပြီး တိုင်းစစ်ဌာနချုပ်များ၏ ဒုတိယတိုင်းမှူးနှင့် တိုင်းဦးစီးချုပ်အဆင့်များသည် ဆက်လက်ရာထူးတိုးရန် အခွင့်အရေးအလွန်နည်းပါးသော ရာထူးများဖြစ်ကြသဖြင့် တိုင်းမှူးအဆင့်သို့ တိုးမြှင့်မခံရပေ။ တိုင်းမှူးသည် မိမိကွပ်ကဲမှုနယ်မြေအတွင်း စစ်ဆင်ရေးဆိုင်ရာ လေကြောင်းပစ်ကူတောင်းခံနိုင်သော အနိမ့်ဆုံးအာဏာပိုင်ဖြစ်ပြီး နီးစပ်ရာ လေတပ်စခန်းတစ်ခုခုသို့ တိုင်းမှူးကအကြောင်းကြားမှသာ လေကြောင်းပစ်ကူပေးလေ့ရှိသည်။ စစ်အုပ်ချုပ်ရေး(Martial Law)ကြေညာထားသည့် အချိန်ကာလတွင် ၎င်းစစ်အုပ်ချုပ်ရေးကြေညာခြင်းခံရသော ဒေသကို ကွပ်ကဲသည့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးက အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် အမိန့်ထုတ်ပြန်နိုင်သည့်အာဏာ ရရှိသည်။ စစ်အုပ်ချုပ်ရေးတွင် တိုင်းမှူးက အတည်ပြု/ပြင်ဆင်နိုင်သည့် အမြင့်ဆုံးပြစ်ဒဏ်မှာ တစ်ကျွန်းထောင်ဒဏ်ဖြစ်သည်။
တိုင်းစစ်ဌာနချုပ်နယ်မြေများသည် စစ်ဘက်အုပ်ချုပ်ရေး၏ တိုင်းဒေသများဖြစ်ကြပြီး ၎င်းတို့အောက်တွင် တပ်မြို့၊ တပ်နယ်များခွဲခြားသတ်မှတ်ထားသည်။ တပ်မြို့ (သို့မဟုတ်) တပ်နယ်တစ်ခုတွင် ယင်း တပ်မြို့ (သို့မဟုတ်) တပ်နယ်အတွင်းရှိ တပ်ရင်း/တပ်ဖွဲ့/စခန်းများအနက်မှ ရာထူးအမြင့်ဆုံးအရာရှိသည် ယင်းတပ်နယ်၏ တပ်နယ်မှူး (အင်္ဂလိပ်: Garrison Commander) အဖြစ်လည်း တပ်နယ်အတွင်းရှိ တပ်အားလုံးကို အုပ်ချုပ်ရသည်။ (ဥပမာ - ခြေလျင်/ခြေမြန်တပ်ရင်း (၂) ရင်း၊ ကာကွယ်ရေးပစ္စည်းစက်ရုံ (၁) ရုံနှင့် တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (၁) ကျောင်း ရှိသော တပ်နယ်တွင် တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၏ တပ်မှူး ဗိုလ်မှူးချုပ်က ယင်းတပ်နယ်၏ တပ်နယ်မှူးပင်ဖြစ်သည်)