တန်ဆောင်မုန်းလ
မြန်မာပြက္ခဒိန်၏ အဋ္ဌမမြောက်လ / From Wikipedia, the free encyclopedia
တန်ဆောင်မှုန်း ခေါ် တန်ဆောင်မုန်းသည် မြန်မာပြက္ခဒိန်၏ ရှစ်လမြောက်လသည် အောက်တိုဘာလ၊ နိုဝင်ဘာလ အတွင်း ကျရောက်သည်။ တန်ဆောင်မုန်းလတွင် ရက် ၃၀ ရှိသည်။ ရက်စုံသောလဖြစ်သည်။ 'တန်ဆောင်' မှာ 'မီးတိုင်' ဖြစ်ပြီး 'မှုန်း' မှာ 'ပျံနှံ့စေခြင်း' အဓိပ္ပာယ်ရပြီး ထိုဝေါဟာရနှစ်ခု ပေါင်းလိုက်လျှင် 'မျက်စိတစ်ဆုံး ဆီမီးတိုင်များ ပွားများ ထွန်းလင်းနေသည်' ဟုဆိုလိုသောကြောင့် မီးထွန်းပွဲကို ရည်ညွှန်းပါသည်။ တောင်သူအများ ကောက်လျင် (ခေါ်) ကောက်ငယ်ရိတ်သိမ်းချိန် ကျရောက်သည့်ကာလလည်း ဖြစ်ပေသည်။ တန်ဆောင်မုန်းလအတွက် အထိမ်းအမှတ်ပန်းမှာ ခဝဲပန်း (Dysolobium grande) ဖြစ်သည်။
တန်ဆောင်မုန်းလ၏ ထူးခြားသော လက္ခဏာတစ်ရပ်မှာ ကောင်းကင် ကြည်လင်ခြင်း ဖြစ်သည်။ တန်ဆောင်မုန်းလ၏ စန်းယှဉ်နက္ခတ်မှာ ကြတ္တိကာနက္ခတ်(ဖျောက်ဆိပ်ကြယ်) ဖြစ်သည်။ တန်ဆောင်မုန်း လပြည့်နေ့ ညသန်းခေါင်အချိန်တွင် ဦးခေါင်းနှင့်တည့်တည့် ကောင်းကင်ကို မော့ကြည့်ပါ။ လပြည့်ဝန်းကြီး မွန်းတည့်နေသည်ကို တွေ့ရမည်။ လပြည့်ဝန်း အနီးအနားတွင် ကြတ္တိကာနက္ခတ် (ဖျောက်ဆိပ်ကြယ်) ကို တွေ့ရမည်။