ဂွတ်ဟုပ်အငူ
ကျွန်းဆွယ်အငူ၊ တောင်အာဖရိကနိုင်ငံ / From Wikipedia, the free encyclopedia
ဂွတ်ဟုပ်အငူ သည် အာဖရိကတိုက်၊ တောင်အာဖရိကနိုင်ငံ၏ အနောက်တောင်စွန်းတွင် တည်ရှိပြီး မြို့တော် ကေ့ပ်တောင်းနှင့် ၄၈ ကီလိုမီတာကွာဝေးသည်။ ဆူးအက် တူးမြောင်း မဖောက်လုပ်မီ ကာလ၌ ဥရောပနှင့် အာရှအကြား ကူးသန်းသွားလာသည့် ရေယာဉ်များ ဖြတ်သန်းရသည့် နေရာလည်းဖြစ်သည်။ လက်ရှိတွင်လည်း အရွယ်အစား အဆမတန်ကြီးမားသည့် ရေနံတင်သင်္ဘောများသည် ဂွတ်ဟုပ်အငူကို ဖြတ်သန်းမောင်းနှင်နေရဆဲ ဖြစ်သည်။ ဂွတ်ဟုပ်အငူကို အာဖရိကတိုက်၏ တောင်ဘက်အကျဆုံး အစွန်းဟု အထင်မှားကြလေ့ရှိသည်။ လက်တွေ့မှာ အဂူလာအငူသာလျှင် တောင်ဘက်အကျဆုံး အမှတ်ဖြစ်သည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/4/4e/CapeHopeDetail.png/640px-CapeHopeDetail.png)
ဂွတ်ဟုပ်အငူမှာ ကမ္ဘာ့ရာဇဝင်အားဖြင့် အထူးထင်ရှားကျော်စောလေရာ ယင်းကိုအစွဲပြု၍ ယခင်က 'ကိပ်ကိုလိုနီ' တွင်ခဲ့သောနယ်ကိုပင် 'ကိပ်-အော့-ဂွတ်ဒဟုပ်'ဟု ခေါ်ကြလေသည်။ ထိုနယ်မှာ တောင်အာဖရိကနိုင်ငံ၏ တစ်စိတ်တစ်ဒေသဖြစ်၍ မူလကိုလိုနီနယ်၊ အရှေ့ ဂရီကွာလင်နယ်၊ တင်ဗျူလန်နယ်၊ ထရန်စကေးနယ်၊ ဝေါလဗစ်ဗေးနယ်၊ ပွန်ဒိုလန်နယ်၊ ဗက်ချူ အားနားလန်းနယ် စသော နယ်ပယ်တို့ ပါဝင်ကြသည်။ ထိုနယ်သည် မြေဩဇာ အတော်အသင့် ကောင်းမွန်၍ သစ်သီးများကို စိုက်ပျိုးနိုင်သည့်အပြင် ကျယ်ပြန့်သော လွင်ပြင်များ၊ ကုန်းမြေမြင့်များ ရှိသောကြောင့်လည်း သိုးမွေးခြင်းလုပ်ငန်းနှင့် ကျွဲနွား၊ ဆိတ်တို့မှ နို့၊ ဒိန်၊ ထောပတ်များ ထုတ်ယူခြင်း လုပ်ငန်းများ အကြီးအကျယ် လုပ်ကိုင်ကြ၏။ သတ္တုများလည်းထွက်၍ အဖိုးထိုက်တန်လှသော စိန်ကို ကင်ဗာလီခရိုင်မှ ရရှိလေရာ၊ ကင်ဗာလီစိန်တွင်းများမှာ ကမ္ဘာကျော် ဖြစ်လေသည်။