ဂျနီဗာမြို့
From Wikipedia, the free encyclopedia
ဂျနီဗာမြို့(Geneva)သည် ဆွစ်ဇာလန်နိုင်ငံတွင် ဒုတိယမြောက် လူဦးရေ အများဆုံး မြို့တော် ဖြစ်ပြီး ရိုမန်ဒီးဟု ခေါ်သည် ဆွစ်ဇာလန်ရှိ ပြင်သစ်စကားပြောသည့် ဒေသတွင် လူဦးရေ အများဆုံး မြို့ ဖြစ်သည်။ ဟွန်းမြစ်က ဂျနီဗာ ရေကန်မှ ထွက်ခွာသည့် နေရာတွင် တည်ရှိပြီး ဂျနီဗာ ပြည်နယ်၏ မြို့တော်လည်း ဖြစ်သည်။ မြို့တော်တွင် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ စာရင်းဇယား အရ လူဦးရေ ၁၈၉ ၃၁၃ ဦး ရှိပြီး ဂျနီဗာပြည်နယ်တွင်မူ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ စာရင်းဇယား အရ လူဦးရေ ၄၅၇,၆၂၈ ဦး ရှိသည်။
ဂျနီဗာသည် ငွေရေးကြေးရေးအချက်အချာ ကျသော မြို့တစ်မြို့ ဖြစ်ပြီး တကမ္ဘာလုံးရှိ သံတမန်ရေး ကိစ္စ အချက်အချာ ကျသော နေရာလည်း ဖြစ်သည်။ ကမ္ဘာ့ ကုလသမဂ္ဂ အေဂျင်စီ အများအပြား၏ ဌာနချုပ်များနှင့် ကြက်ခြေနီအဖွဲ့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း အများအပြား ရှိသည့်အတွက် နယူးယောက်မြို့ နှင့် ပူးတွဲ၍ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အချက်အချာ နေရာ အဖြစ်လည်း သတ်မှတ်နိုင်သည်။ စစ်အတွင်း အရပ်သားများအား ဆက်ဆံရေး နှင့် စစ် အကျဉ်းသားတို့နှင့် ပတ်သက်သည့် ဂျနီဗာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည့် နေရာလည်း ဖြစ်သည်။
ဂျနီဗာမြို့သည် လန်ဒန်မြို့ နှင့် ဇူးရစ်ချ်မြို့ တို့ ပြီးလျှင် ဥရောပ၏ တတိယမြောက် ငွေရေးကြေးရေး အချက်အချာ ဌာန အဖြစ် သတ်မှတ်ဖော်ပြလေ့ ရှိပြီး [1] တကမ္ဘာလုံးရှိ ငွေရေးကြေးရေး အချက်အချာ စင်တာ ကိန်းညွှန်းအရ ဖရန့်ဖွတ်မြို့ နှင့် ဆစ်ဒနီမြို့ တို့ထက် သာလွန်ပြီး အဋ္ဌမ မြောက် အရေးအကြီးဆုံးသော ငွေရေးကြေးရေး အချက်အချာ ဌာန ဖြစ်သည်။ [2] ၂၀၀၉ ခုနှစ် မာဆာ၏ စစ်တမ်းအရ ကမ္ဘာပေါ်တွင် တတိယမြောက် လူနေမှု အဆင့်အတန်း အမြင့်မားဆုံး မြို့လည်း ဖြစ်သည်။[3] မြို့တော်သည် ကမ္ဘာပေါ်တွင် အသိပ်သည်းဆုံးသော မက်ထရိုပိုလစ်အဖြစ် ရည်ညွှန်းလေ့ ရှိကြပြီး ငြိမ်းချမ်းရေး မြို့တော် ဟူ၍လည်း တင်စားခေါ်ဝေါ်ကြသည်။ ၂၀၀၉ ခုနှစ်တွင် ဂျနီဗာသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လူနေမှုစရိတ် အမြင့်မားဆုံး မြို့အဖြစ် အဆင့်သတ်မှတ် ခံခဲ့ရသည်။[4]