ကာတွန်း ရုပ်ပြောင်
နှစ်ဖက်မြင်သရုပ်ဖော်အမြင်အာရုံအနုပညာပုံစံ / From Wikipedia, the free encyclopedia
မြန်မာနိုင်ငံတွင် ကာတွန်း ခေါ် ရုပ်ပြောင် ရေးဆွဲသည့် အတတ်ပညာသည် နှစ်ပေါင်း(၁၀၀)ခန့် ရှိပြီဖြစ်သည်။ ပုံနှိပ်လုပ်ငန်းကို အကြောင်းပြု၍ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ ပေါ်ထွန်းလာသည့်နည်းတူ ကာတွန်းပညာသည်လည်း တိုးတက်ထွန်းကား လာပေသည်။
သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ကာတွန်းများ သူ့ကဏ္ဍနှင့်သူ ပါရှိကြသည့် နည်းတူ၊ ကာတွန်းဇာတ်လမ်းနှင့် ကာတွန်းညွန့်ပေါင်း သဘောမျိုး သီးခြားပုံနှိပ် ထုတ်ဝေသည့် ကာတွန်းစာအုပ်များ လည်း ရှိပေသည်။ သီးခြားပုံနှိပ် ထုတ်ဝေသည့် ကာတွန်းနှင့် စီးပွားရေးဆိုင်ရာ ကြော်ငြာကာတွန်းများကို ဖယ်ထုတ်လိုက်ပါက လူမှုရေးနှင့် နိုင်ငံရေးသရုပ်ဖော် ကာတွန်းနှစ်မျိုး ကွဲထွက်လာသည်ကို တွေ့ရပေမည်။ လူမှုရေးကာတွန်းများသည် မဂ္ဂဇင်း၊ ဂျာနယ်အတွက် ပညာရှင်များက သတ်မှတ်ပြီး နိုင်ငံရေးကာတွန်းများသည် နေ့စဉ်ထုတ် သတင်းစာအတွက် ဖော်ပြလေ့ရှိပေသည်။