မက္ကဆီကိုနိုင်ငံ
မြောက်အမေရိကနိုင်ငံမက္ကဆီကို ပြည်ထောင်စုကို မက္ကဆီကို နိုင်ငံဟု လူသိများသည်။ မြောက် အမေရိက တိုက်တွင် ရှိသော ဖက်ဒရယ် သမ္မတ နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ မြောက်ဘက်တွင် အမေရိကန်ပြည်ထောင်စု၊ တောင်ဘက်နှင့် အနောက်ဘက်တွင် ပစိဖိတ်သမုဒ္ဒရာ၊ အရှေ့တောင်ဘက်တွင် ဂွာတီမာလာနိုင်ငံ၊ ဘလိဇ်နိုင်ငံ နှင့် ကာရစ်ဘီယံပင်လယ်၊ အရှေ့ဘက်တွင် မက္ကဆီကို ပင်လယ်ကွေ့ တို့ တည်ရှိကြသည်။ ဧရိယာ စတုရန်းကီလိုမီတာပေါင်း ၂သန်း ခန့် ရှိသည်။ မက္ကဆီကို နိုင်ငံသည် အမေရိကတိုက်တွင် ပဉ္စမမြောက် အကြီးဆုံးနိုင်ငံ ဖြစ်ပြီး ကမ္ဘာပေါ်ရှိ လွတ်လပ်သော နိုင်ငံများတွင် ၁၃ ခုမြောက် အကြီးဆုံးနိုင်ငံ ဖြစ်သည်။ လူဦးရေ ၁၁၂ သန်းခန့် ရှိသဖြင့် ကမ္ဘာပေါ်တွင် ၁၁ ခုမြောက် လူဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး စပိန်စကားပြောသော နိုင်ငံများတွင် အကြီးဆုံးနိုင်ငံ ဖြစ်သည်။ မက္ကဆီကိုသည် ပြည်နယ်ပေါင်း ၃၁ ခု နှင့် ဖက်ဒရယ် အုပ်ချုပ်ရေး ဒေသ တစ်ခု ပါဝင်သော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်သည်။