အေအဲမ်ဒီ (Advanced Micro Devices, Inc. သို့မဟုတ် AMD) သည် အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်၊ စဲန်တာကလဲရာ (Santa Clara)တွင် အဓိက အခြေစိုက်ထားသော အခြားနိုင်ငံအချို့တွင်လည်း ရုံးစိုက်ထားသည့် (multinational) တပိုင်းလျှပ်ကူး (semiconductor) ကုမ္ပဏီတစ်ခုဖြစ်သည်။ လုပ်ငန်းသုံးနှင့် တစ်ဦးချင်းသုံး ဈေးကွက်နှစ်ခုစလုံးအတွက် ကွန်ပျူတာပရိုဆက်ဆာများ (computer processors)ကို လည်းကောင်း၊ ၎င်းနှင့် ဆက်စပ်သော နည်းပညာများကို လည်းကောင်း တီထွင်ထုတ်လုပ်ရောင်းချသည်။ အစပိုင်းတွင် ပရိုဆက်ဆာများကို ၎င်းကိုယ်တိုင် ထုတ်လုပ်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် သူ၏ ထုတ်လုပ်မှုပိုင်းဆိုင်ရာ ဌာနကြီးကို ဂလိုဘယ် ဖောင်ဒရီစ် (GlobalFoundries)ဟုခေါ်သော ပုဂ္ဂလိကစက်ရုံအဖြစ်သို့ ၂၀၀၉-ခုနှစ်တွင် ခွဲထုတ်လိုက်ပြီးနောက်ပိုင်း၌ သူ၏ ပရိုဆက်ဆာများ ထုတ်လုပ်မှုအပိုင်းကို ပြင်ပကုမ္ပဏီများသို့ လွှဲပြောင်းခဲ့ကာ စက်ရုံမလိုသော ထုတ်လုပ်မှု (fabless manufacturing) ပုံစံသို့ ပြောင်းလဲခဲ့သည်။ အေအဲမ်ဒီ (AMD) ၏အဓိကထုတ်ကုန်များမှာ မိုက်ခရို ပရိုဆက်ဆာများ (microprocessors)၊ motherboard chipset များ၊ လုပ်ငန်းသုံးကွန်ပျူတာများ (workstations)၊ တစ်ကိုယ်ရေသုံးကွန်ပျူတာများ (personal computers)နှင့် အတွင်းမြှုပ်အိုင်စီသုံးစနစ်ဆိုင်ရာ အသုံးချပစ္စည်းများနှင့် ပရိုဂရမ်များ (embedded system applications) ဖြစ်ကြသည်။

အချက်တိုများ အမျိုးအစား, လုပ်ငန်း ...
အေအဲမ်ဒီ (Advanced Micro Devices, Inc. သို့မဟုတ် AMD)
အမျိုးအစားအများပိုင်
လုပ်ငန်းတပိုင်းလျှပ်ကူး (semiconductor)
တည်ထောင်သည့်နှစ်မေ ၁၊ ၁၉၆၉; ၅၅ နှစ် အကြာက (၁၉၆၉-၀၅-01)
တည်ထောင်သူများJerry Sanders
ဝန်ဆောင်မှု ဧရိယာတစ်ကမ္ဘာလုံး
အရေးပါ ပုဂ္ဂိုလ်များ
ထုတ်ကုန်ပစ္စည်း
  • မိုက်ခရို ပရိုဆက်ဆာများ (Microprocessors)
  • ဂျီပီယူများ (GPUs)
ဝင်ငွေIncrease $22.7 billion[1]
အခွန်မဆောင်မီ ဝင်ငွေIncrease $401 million[1]
အသားတင် ဝင်ငွေIncrease $854 million[1]
ရင်းနှီးမြှုပ်နှံမှုIncrease $12.4 billion[2]
စုစုပေါင်း ရှယ်ယာတန်ဖိုးIncrease $7.5 billion[2]
ပိတ်ရန်

အေတီအိုင် (ATI) အား ဝယ်ယူသိမ်းပိုက်ခြင်း

၂၀၀၆-ခုနှစ် ဇူလိုင် ၂၄ ရက်တွင် အေအဲမ်ဒီ (AMD) သည် ဂရပ်ဖစ်ပရိုဆက်ဆာကုမ္ပဏီ အေတီအိုင်(ATI Technologies) ကို ဝယ်ယူပြီးဖြစ်ကြောင်း ကြေညာခဲ့သည်။ အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံနှင့် အေအဲမ်ဒီ စတော့ရှယ်ယာ အစုပေါင်း ၅၈-သန်းပေးကာ ဝယ်ယူခဲ့သဖြင့် စုစုပေါင်း ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံကို အေအဲမ်ဒီ (AMD)က ပေးအပ်ခဲ့သည်။ ငွေပေးငွေယူကို ၂၀၀၆-ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင်ပြီးစီးခဲ့သည်။[3] ၂၀၁၀-ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် အေတီအိုင်(ATI) ဂရပ်ဖစ်ချစ်ပ်များ (graphics chipsets) တွင် အေတီအိုင်(ATI) ကုန်အမှတ်တံဆိပ် မသုံးတော့ပဲ ၎င်း၏ အေအဲမ်ဒီ (AMD) ကုန်အမှတ်တံဆိပ်များကိုသာ အသုံးပြုတော့မည်ဟု ကြေညာခဲ့သည်။[4][5]

ဂလိုဘယ် ဖောင်ဒရီစ် (GlobalFoundries) ကို ခွဲထုတ်ခြင်း

၂၀၀၈ ခုနှစ်အောက်တိုဘာလတွင် အေအဲမ်ဒီ (AMD)သည် အဘူဒါဘီ (Abu Dhabi)အစိုးရမှ ဖွဲ့စည်းထားသော အဆင့်မြင့်နည်းပညာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (Advanced Technology Investment Co.) နှင့် ဒေါ်လာသန်းပေါင်းများစွာ အကျိုးတူပူးပေါင်းသည့် (multibillion-dollar joint venture) ဂလိုဘယ် ဖောင်ဒရီစ် (GlobalFoundries Inc.)ဟုခေါ်သော ပုဂ္ဂလိကပိုင် ချစ်ပ်စက်ရုံ အဖြစ်သို့ ၎င်း၏ ထုတ်လုပ်မှုပိုင်းဆိုင်ရာ ဌာနကြီးကို ခွဲထုတ်ကာ တပိုင်းလျှပ်ကူးချစ်ပ်များ(semiconductor chips) ထုတ်လုပ်မှုလုပ်ငန်းများကို အေအဲမ်ဒီ (AMD)အပြင်ဘက်၌ သီးသန့်လည်ပတ်ရန် အစီအစဉ်များကို ကြေညာခဲ့သည်။ အကျိုးတူပူးပေါင်းကာ ဌာနကြီးကို ကုမ္ပဏီသီးသန့်အဖြစ် ခွဲထုတ်လိုက်မှုက အေအဲမ်ဒီ (AMD) ကို ငွေအရင်းအနှီးထပ်မံရရှိစေပြီး ထုတ်လုပ်မှုအစား ချစ်ပ်ဒီဇိုင်းကိုသာ အာရုံစိုက်ရန် အကျိုးပြုခဲ့သည်။[6]

အလုပ်အမှုဆောင်အရာရှိချုပ်(CEO) များ

နောက်ထပ် အချက်အလက်များ အမည်, အုပ်ချုပ်သောနှစ်များ ...
အမည်အုပ်ချုပ်သောနှစ်များပညာအရည်အချင်း
Jerry Sanders
တည်ထောင်သူ
၁၉၆၉-၂၀၀၂လျှပ်စစ်အင်ဂျင်နီယာ
Hector Ruiz၂၀၀၂-၂၀၀၈လျှပ်စစ်အင်ဂျင်နီယာ
Dirk Meyer၂၀၀၈-၂၀၁၁ကွန်ပျူတာအင်ဂျင်နီယာ
Rory Read၂၀၁၁-၂၀၁၄အင်ဖော်မေးရှင်းစနစ်အင်ဂျင်နီယာ
လီစာစူး (Lisa Su)၂၀၁၄-လက်ရှိလျှပ်စစ်အင်ဂျင်နီယာ
ပိတ်ရန်

နည်းပညာများ

စီပီယူ (CPU) နည်းပညာများ

(၂၀၁၇-ခုနှစ် အထိသိရှိချက်များအရ) အေအဲမ်ဒီ (AMD) စီပီယူ (CPU)နှင့် အေပီယူ (APU) များတွင် အောက်ပါ နည်းပညာများ ပါဝင်သည်။

  • ဟိုက်ပါတရန်းစပို့ (HyperTransport) - အေအဲမ်ဒီ (AMD) စီပီယူ (CPU)နှင့် အေပီယူ (APU) များတွင် သုံးသည့် ဒေတာသယ်ပို့နှုန်းမြင့်ပြီး (high-bandwidth) ကြန့်ကြာနှုန်းနည်းသော (low-latency) စစ်ဂနယ်လမ်းကြောင်း (system bus)
  • အင်ဖင်းနတီဖက်ဘရစ် (Infinity Fabric) - ဇဲန်မိုက်ခရိုအာခီတက်ချား (Zen microarchitecture) တွင် သုံးသည့် ဟိုက်ပါတရန်းစပို့ (HyperTransport)မှ ဆင်းသက်လာသည့် ဆက်သွယ်ရေး စစ်ဂနယ်လမ်းကြောင်း (communication bus)

ဂရပ်ဖစ် (Graphics) နည်းပညာများ

(၂၀၁၇-ခုနှစ် အထိသိရှိချက်များအရ) အေအဲမ်ဒီ (AMD) ဂျီပီယူ (GPU) များတွင် အောက်ပါ နည်းပညာများ ပါဝင်သည်။

  • AMD Eyefinity – မော်နီတာစုသုံးခြင်း (multi-monitor)အတွက် အထောက်အကူပြုသည့် ဂရပ်ဖစ်ကတ် (graphics card) တစ်ခုတွင် မော်နီတာ (monitor) ၆-လုံးအထိ သုံးနိုင်သော နည်းပညာ
  • AMD FreeSync – ဗီစာ (VESA)အဖွဲ့၏ အလိုက်သင့်ပြောင်းရုပ်ငြှိစံ (Adaptive Sync standard)ကို အခြေခံသော ရုပ်ပုံပြောင်းနှုန်းငြှိပေးသည့် (display synchronization) နည်းပညာ
  • AMD TrueAudio – အသံဆိုင်ရာ တွက်ချက်မှုများကို အရှိန်မြှင့်ပေးသော နည်းပညာ
  • AMD XConnect – ပြင်ပ ဂရပ်ဖစ်ကတ် (External GPU)ကို သန်းဒါးဘိုးလ်-၃ (Thunderbolt 3)ဆက်သွယ်နည်းဖြင့် အသုံးပြုသော နည်းပညာ
  • AMD CrossFire - တစ်ခုထက်ပိုသော ဂျီပီယူ (GPU)များကို ချိတ်ဆက်ကာ တပြိုင်တည်းသုံးစေနိုင်သော နည်းပညာ
  • Unified Video Decoder (UVD) – ချုံ့ထည့်ထားသော ဗီဒီယိုပုံရိပ်များကို ပြန်ဆွဲထုတ်ခြင်း (video decoding)၌ အရှိန်မြှင့်ပေးသော နည်းပညာ
  • Video Coding Engine (VCE) – ဗီဒီယိုပုံရိပ်များကို ချုံ့ကာဖိုင်အရွယ်သေးအောင်ပြုခြင်း (video encoding)၌ အရှိန်မြှင့်ပေးသော နည်းပညာ

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.