အာရပ်ဘာသာစကား

From Wikipedia, the free encyclopedia

အာရပ်ဘာသာစကား

အာရပ်ဘာသာစကား (သို့) အာရဗီဘာသာစကား(اَلْعَرَبِيَّةُ, al-ʿarabiyyah [al ʕaraˈbijːa] ( ); عَرَبِيّ, ʿarabī [ˈʕarabiː] ( ) (သို့) [ʕaraˈbij])သည် (၆) ရာစုနှစ် ဂန္ထဝင် အာရပ် ဘာသာစကားမှ ဆင်းသက်လာသော ဘာသာစကားများကို ခေါ်ပြီး အစ္စလာမ် ဘာသာဝင် တို့၏ ကုရ်အာန်ကျမ်း စာအုပ်တွင် အဓိက အသုံးပြုသော ဘာသာစကား ဖြစ်သည်။ အာရပ်ဘာသာ စကားတွင် စာပေဆိုင်ရာ အာရပ်ဘာသာစကား နှင့် စကားပြောဆိုရာတွင် အသုံးပြုသော အာရပ်စကား မျိုးကွဲ အမြောက်အမြား ပါဝင်သည်။ စာပေဆိုင်ရာ ဘာသာစကား ဆိုသည်မှာ ယနေ့ခေတ် စံအဖြစ် သုံးနှုန်းကြသော အာရပ်ဘာသာစကား၊ စာရွက်စာတမ်းများ ရေးသားရာတွင် လည်းကောင်း၊ လက်ချာ နှင့် ရေဒီယို အသံလွှင့်ခြင်းတို့ အစရှိသည့် နေရာများတွင် လည်းကောင်း အသုံးပြုကြသည့် စကားကို ဆိုလိုသည်။ အာရပ်စကားမျိုးကွဲများကို ပြောဆိုကြသူများမှာ အရှေ့အလယ်ပိုင်းမှ အာဖရိက မြောက်ပိုင်းအထိ ဖြန့်ကျက် တည်ရှိသည်။[၁၃]

အချက်တိုများ Arabic, အသံထွက် ...
Arabic
اَلْعَرَبِيَّةُ
al-ʿarabiyyah
Thumb
al-ʿarabiyyah in written Arabic (Naskh script)
အသံထွက်/ˈʕarabiː/, /alʕaraˈbijːa/
ဒေသခံCountries of the Arab League, minorities in neighboring countries and some parts of Asia, Africa, Europe
လူမျိုးစုArabs and several peoples of the MENA region (as a result of language shift)
ဒေသခံ ပြောဆိုသူများ
၃၆၀ million native speakers of all varieties (2022)[]
၂၇၀ million L2 users of Modern Standard Arabic (2022)[]
Afro-Asiatic
  • Semitic
    • West Semitic
      • Central Semitic
        • North Arabian
          • Arabic
အစောပိုင်းပုံစံများ
Proto-Arabic
Old Arabic
Old Hijazi
Classical Arabic
စံပုံစံများ
Modern Standard Arabic
ဒေသိယစကား
  • Western (Maghrebi)
  • Northern (Egyptian, Mesopotamian, Levantine)
  • Southern (Peninsular, Gulf, Bahrani, Hejazi, Najdi and Yemeni)
  • Shirvani Arabic
စာအရေးအသားစနစ်
  • Arabic alphabet
  • Latin script (Arabizi, Said Akl's alphabet, Hassaniya alphabet, Maltese alphabet)
  • Hebrew alphabet (in Israel for Levantine)[]
Signed forms
Signed Arabic (different national forms)
တရားဝင် အခြေအနေ
ရုံးသုံး အဖြစ် အသုံးပြုမှု
လူနည်းစု ဘာသာစကားအဖြစ်
အသိအမှတ်ပြုခြင်း
တရားဝင် ထိန်းသိမ်းသူ
ဘာသာစကားကုဒ်များ
ISO 639-1ar
ISO 639-2ara
ISO 639-3araပါဝင်သော ကုဒ်
သီးခြားကုဒ်များ:
arq  Algerian Arabic
aao  Algerian Saharan Arabic
xaa  Andalusian Arabic
bbz  Babalia Creole Arabic
abv  Baharna Arabic
shu  Chadian Arabic
acy  Cypriot Arabic
adf  Dhofari Arabic
avl  Eastern Egyptian Bedawi Arabic
arz  Egyptian Arabic
afb  Gulf Arabic
ayh  Hadrami Arabic
mey  Hassaniya Arabic
acw  Hijazi Arabic
ayl  Libyan Arabic
acm  Mesopotamian Arabic
ary  Moroccan Arabic
ars  Najdi Arabic
apc  Levantine Arabic
ayp  North Mesopotamian Arabic
acx  Omani Arabic
aec  Saidi Arabic
ayn  Sanaani Arabic
ssh  Shihhi Arabic
sqr  Siculo Arabic
arb  Standard Arabic
apd  Sudanese Arabic
pga  Sudanese Creole Arabic
acq  Taizzi-Adeni Arabic
abh  Tajiki Arabic
Glottologarab1395[၁၂]
Linguasphere12-AAC
Thumb
majority language (dark blue); minority language (light blue)
ဤဆောင်းပါးတွင် IPA အသံထွက် သင်္ကေတများ ပါဝင်သည်။ မှန်ကန်သော ထောက်ပံ့မှုမရှိပါက ယူနီကုဒ်စာလုံးများအစား ? များ၊ လေးထောင့်ကွက်များနှင့် အခြားသင်္ကေတများ မြင်နေရနိုင်သည်။ IPA သင်္ကေတများ မိတ်ဆက်ကို Help:IPA တွင် ကြည့်ပါ။
ပိတ်ရန်


အာရပ် ဘာသာစကား သည် သံခေတ် အနောက်မြောက် အာရေးဘီးယား ကျွန်းစွယ်မှ ဦးစွာ ပေါ်ထွက်လာသော ဗဟို ဆစ်မစ်တစ် (Semitic) ဘာသာစကား တစ်ခု ဖြစ်ပြီး၊ အာရပ် ကမ္ဘာ၏ အများသုံး ဘာသာစကား ဖြစ်သည်။ အရှေ့ဘက်တွင် မက်ဆိုပိုတေးမီးယား (Mesopotamia) မှ အနောက်ဘက်တွင် လက်ဘနွန် (Anti-Lebanon) တောင်တန်း များ၊ အာရေးဘီးယား အနောက်မြောက် နှင့် ဆိုင်းနိုင်း (Sinai) ကျွန်းစွယ် တို့တွင် နေထိုင်သော အာရပ်လူမျိုးများကို အစွဲပြု၍ အာရပ် ဘာသာစကား ဟု ခေါ်ကြသည်။ အာရပ် ဘာသာစကား သည် ယနေ့ခေတ် မျိုးကွဲ ဘာသာစကားပေါင်း ၃၀ ပါဝင်သော ဘာသာစကား အုပ်စုကြီး (macrolanguage) ဖြစ်သည်။ ၎င်း ၃၀ အထဲတွင် ဂန္ထဝင် အာရပ် (Classical Arabic) ဘာသာစကားမှ ဆင်းသက်လာသော ခေတ်သစ် စံပြု အာရပ် (Modern Standard Arabic) စကား လည်း ပါဝင်သည်။[၁၄][၁၅][၁၆]

ခေတ်သစ် စံပြု အာရပ် စကားကို ကျောင်းများ နှင့် တက္ကသိုလ်များတွင် သင်ကြားလျက် ရှိပြီး၊ လုပ်ငန်းခွင် အတွင်း၊ အစိုးရ ကိစ္စရပ်များ နှင့် မီဒီယာတို့တွင် အသုံးပြုလျက် ရှိသည်။ ခေတ်သစ် စံပြု အာရပ် စကားနှင့် ဂနၴဝင် အာရပ် စကား တို့ နှစ်မျိုးကို စာပေ အာရပ် (Literary Arabic) စကားဟု သတ်မှတ်ပြီး၊ ၎င်းတို့ကို နိုင်ငံ ၂၆ နိုင်ငံ၏ ရုံးသုံး စကား အဖြစ် သတ်မှတ် ထားကာ အစ္စလာမ် ၏ ဘာသာရေး စာပေ အနေဖြင့်လည်း အသုံးပြုသည်။ ခေတ်သစ် စံပြု အာရပ် စကားသည် ဂန္ထဝင် အာရပ် စကား၏ သဒ္ဒါ ရေးထုံးအတိုင်း ဖြစ်ပြီး၊ တူညီသော ဝေါဟာရ များစွာကို သုံးထားသည်။ သို့သော် ယနေ့ခေတ်တွင် မည်သည့်နည်း နှင့်မျှ မသုံးတော့သော သဒ္ဒါရေးထုံးနှင့် ဝေါဟာရများကိုမူ စွန့်ပယ်ထားပြီး၊ လျော်ညီသော ရေးထုံး၊ အသုံးအနှုန်းများကို ပြန်လည် ထည့်သွင်း ထားသည်။ ဝေါဟာရ အသစ်များကို ဂန္ထဝင် ခေတ်လွန်၊ အထူးသဖြင့် ခေတ်သစ်တွင် ပေါ်ပေါက်လာသော အယူအဆများကို ဖော်ညွှန်းရာတွင် သုံးသည်။[၁၇]

အလယ်ခေတ်တွင် စာပေ အာရပ် စကားသည် ဥရောပ ယဉ်ကျေးမှု ၏ အဓိက မောင်းနှင်အား တစ်ရပ် ဖြစ်ပြီး၊ အထူးသဖြင့် သိပ္ပံ၊ သင်္ချာနှင့် ဒဿနိကဗေဒ တို့တွင် ဖြစ်သည်။ ထို့သို့ဖြင့် ဥရောပ ဘာသာစကား များစွာသည် အာရပ် စကားလုံး များကို မွေးစား သုံးစွဲလာကြသည်။ ပထမအားဖြင့် စပိန် စကားနှင့် ဒုတိယ အားဖြင့် ပေါ်တူဂီ၊ ဗလန်ရှန် (Valencian) နှင့် ကာတလန် (Catalan) စကားတို့တွင် တွေ့မြင်နိုင်သည်။ ထို ဘာသာစကားများ ပြောဆိုရာ ဒေသ အိုင်ဘေးရီးယန်း (Iberian) ကျွန်းစွယ် သည် ခရစ်ယာန် ဥရောပနှင့် မူစလင် အာရပ် ယဉ်ကျေးမှုတို့၏ ပေါင်းဆုံရာ၌ တည်ရှိပြီး၊ အာရပ် ယဉ်ကျေးမှု နှင့် ဘာသာစကား တို့၏ လွှမ်းမိုးမှု အောက်တွင် နှစ် ၈၀၀ ကျော် တည်ရှိခဲ့သောကြောင့် ဖြစ်သည်။ ဆီစီလီ (Sicily) ကျွန်းတွင်လည်း ၉ ရာစု အလယ်မှ ၁၀ ရာစု အလယ်ထိ မြောက် အာဖရိကမှ အာရပ်တို့ သိမ်းပိုက် လွှမ်းမိုးခဲ့သောကြောင့် ဆီစီလီယန် (Sicilian) စကားတွင်လည်း အာရပ် မွေးစား စကားလုံး ၅၀၀ ခန့် တွေ့မြင်နိုင်သည်။ မွေးစား စကားလုံး အများစုသည် လယ်ယာ စိုက်ပျိုးရေးနှင့် ပတ်သက် ဆက်နွယ်နေသော စကားလုံးများ ဖြစ်သည်။ ဂရိ နှင့် ဘူလ်ဂေးရီးယန်း (Bulgarian) တို့ အပါအဝင် ဘော်လ်ကန် (Balkan) စကားများသည်လည်း အော်တိုမန် တူရကီ (Ottoman Turkish) စကားမှ တစ်ဆင့် အာရပ် စကားလုံး အမြောက်အမြားကို မွေးစား အသုံးပြုခဲ့ကြသည်။[၁၈]

အာရပ် စကားသည် ၎င်း၏ သမိုင်း တစ်လျှောက်တွင် ကမ္ဘာ အနှံ့မှ ဘာသာစကား များ အပေါ်တွင် လွှမ်းမိုးမှု ရှိခဲ့သည်။ အထူးသဖြင့် ပါရှန် (Persian)၊ တူရကီ (Turkish)၊ စပိန်၊ အူရဒူ (Urdu)၊ ကတ်ရှ်မီးယား (Kashmiri)၊ ကာဒ် (Kurdish)၊ ဘော့စနီးယား (Bosnian)၊ ကာဇက် (Kazakh)၊ ဘင်္ဂါလီ၊ ဟိန္ဒီ၊ မလေး၊ မော်လ်ဒိုက် (Maldivian)၊ အင်ဒိုနီးရှား၊ ပထန် (Pashto)၊ ပန်ချာပီ၊ ဖိလစ်ပိုင် (Tagalog)၊ ဆင်ဒီ(Sindhi)၊ ဟော်စာ (Hausa) နှင့် အာဖရိက ဘာသာစကား အချို့တို့ အပေါ်တွင် ဖြစ်သည်။ အပြန်အလှန် အားဖြင့် အာရပ် စကားသည် အခြား ဘာသာစကားများမှ စကားလုံးများကိုလည်း မွေးစား သုံးစွဲ ခဲ့သည်။ အထူးသဖြင့် အလယ်ခေတ်တွင် ဂရိနှင့် ပါရှန် စကားလုံးများ၊ ယနေ့ခေတ်တွင် အင်္ဂလိပ်နှင့် ပြင်သစ် စကားလုံးများမှ ဖြစ်သည်။[၁၉][၂၀]

ဂန္ထဝင် အာရပ် စကားသည် မူစလင် သန်း ၁၈၀၀ တို့၏ ဘာသာရေး စာပေ ဖြစ်ပြီး၊ ခေတ်သစ် စံပြု အာရပ် စကားသည် ကုလသမဂ္ဂ၏ ရုံးသုံး ဘာသာစကား ၆ခု ထဲတွင် ပါဝင်သည်။ မျိုးကွဲ အာရပ်စကားများ စုပေါင်း၍ ပြောဆိုသုံးစွဲသူ အရေအတွက် သည် အာရပ် ကမ္ဘာတွင် (၄၂၂) သန်း ရှိပြီး၊ ကမ္ဘာ့ ပဉ္စမမြောက် လူသုံးအများဆုံး ဘာသာစကား ဖြစ်သည်။ အာရပ် စကားကို ယာမှ ဝဲသို့ အတ်ဘ်ဂျတ်ဒ် (abjad) ရေးထုံး (script) တစ်ခုဖြစ်သော အာရပ်အက္ခရာ ဖြင့် ရေးသားသည်။ မျိုးကွဲ စကားများကို ရေးထုံး စံသတ်မှတ်ထားခြင်း မရှိပဲ ဝဲမှ ယာသို့ လက်တင် (Latin) အက္ခရာဖြင့် ရေးသည်။[၂၁][၂၂][၂၃][၂၄][၂၅]

အမျိုးအစား ခွဲခြားခြင်း

အာရပ် ဘာသာစကားသည် ဗဟို ဆစ်မစ်တစ် ဘာသာစကား တစ်ခုဖြစ်ပြီး၊ အနောက်မြောက် ဆစ်မစ်တစ် ဘာသာစကားများ ( အဲရာမေးယစ် (Aramaic) ၊ ဟီဘရူး (Hebrew) ၊ ယူဂါရစ်တစ် (Ugaritic) ၊ ဖီနစ်ရှန် (Phoenician) ) ရှေးဟောင်း တောင်ပိုင်း အာရေးဘီးယား ဘာသာစကားများ၊ ဒတ်ဒန်နစ်တစ် (Dadanitic) ကဲ့သို့သော အခြား အာရေးဘီးယား ဆစ်မစ်တစ် ဘာသာစကားများနှင့် နီးကပ်စွာ ဆက်နွယ်လျက် ရှိသည်။ ဆစ်မစ်တစ် ဘာသာစကားများသည် အကြို ဆစ်မစ်တစ် (Proto-Semitic) အဆင့် မှ ဗဟို ဆစ်မစ်တစ် ဘာသာစကား အဆင့်သို့ ပြောင်းလဲရာတွင် သဒ္ဒါပိုင်းတွင် သိသာ ထင်ရှားခဲ့သည်။

ဂန္ထဝင် အာရပ် ဘာသာစကား၊ ခေတ်သစ် အာရပ် မျိုးကွဲများ၊ နှင့် ဆဖိုက်တစ် (Safaitic) နှင့် ဟစ္စမစ် (Haismic) ထွင်းစာလုံး များ (inscription) ၎င်းတို့ အားလုံးတွင် တူညီသည့် အချက်များ ရှိကြသည်။ ထို တူညီချက်များသည် ဒါဒါနိုက်တစ် နှင့် ဟီဂျက်ဇ် (Hejaz) မြောက်ပိုင်း မှ တေမာနိုက်တစ် (Taymanitic) စကားများ ကဲ့သို့သော အခြား ဗဟို ဆစ်မစ်တစ် စကားများတွင် မတွေ့ရချေ။ ၎င်းတူညီချက်များ ကြောင့်ပင် အာရပ် ဘာသာစကား သည် ဘိုးဘေး ဘာသာစကား ဖြစ်သော အကြို အာရပ် (Proto - Arabic) စကားမှ ဆင်းသက်လာဖွယ် ရှိသည်ဟု ယူဆရသည်။

သမိုင်း

ရှေးဟောင်း အာရပ် စကား

အာရေးဘီးယား သည် ရှေးပဝေသဏီ ကာလများဆီက ဆစ်မစ်တစ် ဘာသာစကား မျိုးကွဲပေါင်းစုံ ဖြင့် ပြည့်နှက်လျက် ရှိသည်။ အာရေးဘီးယား အနောက်တောင် ပိုင်းတွင် အမျိုးမျိုးသော ဗဟို ဆစ်မစ်တစ် စကားများကို ပြောဆို သုံးစွဲကြသည်။ (ဗဟို ဆစ်မစ်တစ် ဘာသာစကား အနွယ်ဝင် မဟုတ်သော) ခေတ်သစ် တောင်ပိုင်း အာရေးဘီးယား ဘာသာစကားများ၏ ရှေးဦး စကားများသည်လည်း အာရေးဘီးယား တောင်ပိုင်းတွင် ပြောဆိုသုံးစွဲ ခဲ့ကြမည်ဟု ယုံကြည်ရသည်။ မြောက်ဘက်ခြမ်း၊ ဟီဂျက်ဇ် မြောက်ပိုင်း အိုအေစစ် များတွင် ဒါဒါနိုက်တစ် နှင့် တေမာနိုက်တစ် ကဲ့သို့သော ထွင်းစာလုံး ဘာသာစကားများ (inscription languages) ကို သုံးစွဲခဲ့ကြသည်။ နတ်ဂျ်ဒ် (Nejd) နှင့် အာရေးဘီးယား အနောက် ပိုင်း ဒေသတချို့ မှာတော့ သာမူဒစ် စီ (Thamudic C) ဘာသာစကားကို သုံးစွဲခဲ့ကြသည်။ အာရေးဘီးယား အရှေ့ပိုင်းမှာတော့ ဟဆိုက်တစ် (Hasaitic) ထွင်းစာလုံးကို သုံးစွဲကြသည်။ အာရေးဘီးယား ၏ အနောက်မြောက် နယ်စပ် ဒေသများတွင် သာမူဒစ် ဘီ၊ သာမူဒစ် စီ၊ ဆဖိုက်တစ်၊ ဟစ္စမစ် ဘာသာစကားများကို သုံးစွဲကြသည်။ ဆဖိုက်တစ် နှင့် ဟစ္စမစ် စကားများသည် နှောင်းပိုင်း အာရပ် စကားနှင့် အသုံးအနှုန်း အချို့ တူညီပြီး၊ ၎င်းတို့ကို ရှေးဟောင်း အာရပ် ဘာသာစကား များဟု ခေါ်ဆို၍ ရသည်။

အေဒီ ၁ ရာစုနှစ် မှစ၍၊ မြောက်ပိုင်း ရှေးဟောင်း အာရပ် စကားများကို အာရေးဘီးယား မြောက်ပိုင်း တစ်လျှောက်တွင် နဲဘတီးန် (Nabataean) ရေးထုံးများဖြင့် ရေးသားလာကြသည်။ အေဒီ ၄ ရာစု အရောက်တွင် နဲဘတီးန် အရာမစ် (Nabataean Aramaic) ရေးထုံးများသည် မူလ နဲဘတီးန် စကားထက် အာရပ်စကားများကို ရေးသားရာတွင် အသုံးပြုလာကြသည်။

ကိုးကား

Wikiwand - on

Seamless Wikipedia browsing. On steroids.