Remove ads
From Wikipedia, the free encyclopedia
အရည်အချင်းနှင့်ပြည့်စုံသော နိုင်ငံတော် စစ်လေယာဉ်များနှင့်တကွ ယင်းတို့ကိုမောင်းနှင်၍ အချိန်အခါမရွေးအစဉ် အရန်သင့်ဖြစ်အောင်ထားရှိသော လေတပ်သားများအပါအဝင် ပေါင်းစပ်ထားသော စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းကို လေတပ် ဟုခေါ်သည်။ လေတပ်တွင် တာဝန်ဝတ္တရားအမျိုးမျိုး မြောက်မြားစွာရှိ၏။ တစ်ခါတစ်ရံ သီးခြားဆောင်ရွက်ရ၏။ တစ်ခါတစ်ရံ ကြည်းတပ်နှင့်ဖြစ်စေ၊ ရေတပ်နှင့်ဖြစ်စေ ပူးတွဲဆောင်ရွက်ရသည်။ လေတပ်သည် လှည့်လည်ကင်းထောက်ရာ၌ ကြည်းတပ်၊ ရေတပ်တို့၏ မျက်စိသဖွယ် ဖြစ်သည့်အလျောက် ရန်သူတို့၏ လှုပ်ရှားမှု၊ စုရုံးမှုများကို ဌာနချုပ်သို့ အစဉ်သတင်းပေးပို့နေရသည်။
ရန်သူ့တိုင်းပြည်မှ စက်မှုလက်မှုလုပ်ငန်းများ ဟန့်တားသွားစေရန် လည်းကောင်း၊ စက်ရုံ/အလုပ်ရုံများ၊ သင်္ဘောဆိပ် လေဆိပ်များ၊ မီးရထား အလုပ်ရုံများ ကဲ့သို့သော အဆောက်အဦများကို ဖျက်ဆီးပစ်ရန်လည်းကောင်း လေတပ်ကို စစ်ပရိယာယ်တပ်အနေဖြင့် အထူးဖွဲ့စည်းထားလေသည်။ တိုက်စစ်ဆင်ရာ၌ လေတပ်သည် ကြည်းတပ်ကို တိုက်ရိုက်အကူအညီပြု၏။ ကြည်းတပ်မတက်မီ လေတပ်ကကြိုတင်၍ ရန်သူတပ်များ၏ ခုခံမှုမှန်သမျှ ဗုံးကြဲခြင်း၊ စက်သေနတ်၊ စက်အမြောက်တို့နှင့် ပစ်ခတ်ခြင်းတို့ဖြင့် ချေမှုန်းပစ်ရသည်။ ထို့ပြင် လေတပ်သည် အမြောက်ကြီးတပ်ကဲ့သို့ အရေးကြီးသော လမ်းနှင့်တံတားများ၊ ရန်သူ့ခံစစ်ဖြစ်သော တင့်ကားနှင့် အမြောက် စသည်များကိုလည်း ဖျက်ဆီးချေမှုန်းပစ်ရသည်။ လေတပ်သည် ကြည်းတပ်၊ ရေတပ်တို့နှင့် ပူးတွဲဆောင်ရွက်ခြင်းမပြုဘဲ မိမိတစ်ဦးတည်းအနေဖြင့် မြို့ကြီးပြကြီးများ၊ စက်ရုံ/အလုပ်ရုံများနှင့် မီးရထားများကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် စစ်အောင်နိုင်သည်ဟု အချို့ကယူဆကြသည်။ ဤသို့ ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် လူတို့အား စိတ်ဓာတ်ကျဆင်းစေပြီးလျှင် မိမိတို့အစိုးရအား စစ်ပြေငြိမ်းရန် အရေးဆိုကြသည်ဟုဆိုသည်။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄ဝ ပြည့်နှစ်က ဂျာမန်လေတပ်သည် ဤနည်းကိုအသုံးပြုခဲ့သော်လည်း ဗြိတိန်၏ ပြည်စောင့်လေတပ်မတော်က ခုခံကာကွယ်ခဲ့သဖြင့် ဂျာမန်များအရေးရှုံးနိမ့်ခဲ့ရသည်။ ဗြိတိန်၏ ပြည်စောင့်လေတပ်သည် ပြည်ပသို့ထွက်၍ မတိုက်ခိုက်ဘဲ ပြည်တွင်းစောင့် ရှောက်ရန်အတွက် အထူးဖွဲ့စည်းထားသော လေတပ်ဖြစ်သည်။
ပထမဆုံးလေယာဉ်များကား မီးပုံးပျံများဖြစ်ကြသည်။ စစ်အတွင်း ရန်သူများကို ကင်းထောက်ရာ၌ မီးပုံးပျံများကို အသုံးပြုခဲ့သော်လည်း ယင်းတို့ကို လေတပ်ဟုမခေါ်နိုင်ပေ။ ဗြိတိန်နိုင်ငံတွင် ပထမဆုံးလေတပ်ကို ၁၉၁၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ဘုရင့်အင်ဂျင်နီယာလေတပ် ဖွဲ့စည်းစဉ်အခါက ဖွဲ့စည်းခဲ့သည်။ ထိုလေတပ်တွင် တပ်ခွဲနှစ်ခုရှိခဲ့၏။ တပ်ခွဲတစ်ခုသည် လေယာဉ်ပျံများကို အုပ်ချုပ်၍ အခြားတပ်ခွဲတစ်ခုသည် လေသင်္ဘောများကို အုပ်ချုပ်သည်။ ၁၉၁၂ ခုနှစ် ဧပြီလတွင် ထိုလေတပ်ရင်းကို ရေတပ်ဆိုင်ရာ လေတပ်နှင့် ကြည်းတပ်ဆိုင်ရာ လေတပ်ဟူ၍ နှစ်ပိုင်းခွဲကာ ဘုရင့်လေတပ်မတော်ထဲသို့ သွတ်သွင်းလိုက်လေသည်။ ရေတပ်ဆိုင်ရာ လေတပ်ထဲမှ ဘုရင့်ရေတပ်ဆိုင်ရာ လေတပ်ဟု ဖွဲ့စည်းပြီးလျှင် ၁၉၁၈ ခုနှစ်တွင် ထိုလေတပ်ကို ဘုရင့်လေတပ်မတော်နှင့် ပူးပေါင်းလိုက်လေသည်။ ထိုအချိန်မှစ၍ ဗြိတိန်နိုင်ငံသည် လေတပ်ဟူသောအမည်ဖြင့် ပထမဆုံးဖွဲ့စည်းလိုက်လေသည်။
ဂျာမနီ၊ အီတလီစသော အခြားတိုင်းနိုင်ငံများမှလည်း မိမိတို့၏ သက်ဆိုင်ရာဘာသာအမည်များဖြင့် လေတပ်များ ဖွဲ့စည်းလာကြသည်။ ၁၉၃၉ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိဖြစ်ပွားခဲ့သော ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိန် ဘုရင့်လေတပ်မတော်နှင့် ပူးတွဲဆောင်ရွက်ခဲ့သော ပိုလန် လေတပ်၊ ချက်ကိုဆလိုဗက် လေတပ်၊ နော်ဝေး လေတပ် စသည့် အမျိုးသား လေတပ်များရှိခဲ့သည်။ ထိုလေတပ်များသည် ယင်းတို့နိုင်ငံများကို ဂျာမန်များ သိမ်းပိုက်ပြီးသည့်နောက် ဗြိတိန်နှင့် ဒိုမီနီယန်နိုင်ငံများ၌လေ့ကျင့်ခဲ့သော လေတပ်များဖြစ်ကြသည်။ ပြင်သစ်လေတပ်ကား အစကတည်းကရှိခဲ့သည်။ ဒိုမီနီယန်လေတပ်များတွင် ဘုရင့်ဩစတြေးလီးယန် လေတပ်၊ ဘုရင့်ကနေဒီယန် လေတပ်၊ ဘုရင့်နယူးဇီလန် လေတပ်နှင့် ဘုရင့်အိန္ဒိယ လေတပ်တို့ပါဝင်ကြသည်။
အမေရိကန်ပြည်ထောင်စုတွင် ကြည်းတပ်ဆိုင်ရာ လေတပ်၊ ရေတပ်ဆိုင်ရာ လေတပ်နှင့် ကမ်းတက်တပ်ဖွဲ့ဆိုင်ရာ လေတပ်ဟူ၍ရှိသည်။ သို့သော်လည်း ဒုတိယကမ္ဘာစစ်အပြီးတွင် သီးခြားလေတပ်များကို လေတပ်သက်သက်နှင့် ရေတပ်၊ ကမ်းတက် တပ်နှစ်တပ်ကိုပေါင်း၍ ရေတပ်ဆိုင်ရာလေတပ်ဟူ၍ နှစ်မျိုးသာထားရှိလေသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ် ဧပြီလ မှစတင်၍ ဗိုလ်ချုပ်အောင်ဆန်း၏ ကာကွယ်ရေးစီမံကိန်းများအရ ဖွဲ့စည်းတည်ထောင်ခဲ့သော လေတပ်သည် ယခုအခါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တပ်မတော် (လေ)အဖြစ် တည်ရှိနေလေသည်။[1]
ဤ စစ်ရေးနှင့်သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.