From Wikipedia, the free encyclopedia
လင်းယုန်နီ (၁၉၂၆-၁၉၉၄) သည် ဖက်ဆစ်ဂျပန်တော်လှန်ရေး တွင် ပါဝင်ခဲ့သော လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယဆင့်)ရ တော်လှန်ရေး တပ်သား ဖြစ်ခဲ့ပြီး ဇာတ်ညွှန်းရေးဆရာ၊ စာရေးဆရာ ဖြစ် ခဲ့သည်။
ပဲခူးမြို့ လိပ်ပြာကန် ရပ်ကွက်၌ အဖ သမဝါယမ မြို့အုပ် ဦးငွေခင်၊ အမိ ဒေါ်သန်း တို့က ၁၉၂၆ ခု ဧပြီလ ၁၃ ရက် အင်္ဂါနေ့တွင် မွေးဖွား ခဲ့သည်။ မွေးချင်း ကိုးယောက်တွင် တတိယမြောက် ဖြစ်၍ အမည်ရင်းမှာ ဦးညီညီ ဖြစ်သည်။ ၁၉၃၂ တွင် ရန်ကုန် ပုဇွန်တောင် မက်သဒစ် မိန်းကလေး ကျောင်းတွင် စတင် ပညာ သင်ယူ ခဲ့သည်။ ပဉ္စမတန်းမှ စ၍ မက်သဒစ် ယောက်ျားလေး ကျောင်းသို့ ပြောင်းရွှေ့ ခဲ့သည်။ ထိုကျောင်းတွင် ၁ဝ တန်း အထိ နေခဲ့သည်။ စစ်ပြီး ခေတ်တွင် ကျောင်းပြန် နေရာ ၁၉၄၆ တွင် တက္ကသိုလ် ဝင်တန်း အောင်မြင် ခဲ့သည်။ ထို့နောက် ရန်ကုန် တက္ကသိုလ်တွင် တက်ရောက် ပညာ သင်ကြား ခဲ့သည်။
ဒုတိယ ကမ္ဘာစစ် အတွင်း အာရှ လူငယ် အစည်းအရုံးဝင်၊ စုပေါင်း သမဝါယမကျောင်း ကြီးကြပ်သူ၊ ထို့နောက် ဗမာ့ ကာကွယ်ရေး တပ်မတော်သို့ တပ်သားကျော် အဖြစ် ဝင်ရောက်ပြီး ဖက်ဆစ် တော်လှန်ရေးတွင် ပါဝင် ဆင်နွှဲ ခဲ့သည်။ ရန်ကုန် တက္ကသိုလ် ကျောင်းသား ဘဝ တွင်လည်း ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ အမှုဆောင်၊ ဥက္ကဋ္ဌနှင့် တို့ဗမာ အစည်းအရုံးဝင် အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၄၆ နှင့် ၁၉၄၈ သပိတ်များတွင် ပါဝင် ခဲ့သည်။ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ (၁၉၄၁–၁၉၄၇) တွင် ပါဝင် ခဲ့သည်။
၁၉၅၁ နောက်ပိုင်း မြန်မာနိုင်ငံ စာရေးဆရာ အသင်းတွင် အတွင်းရေးမှူး၊ အမှုဆောင်၊ စာရင်းစစ်၊ ငွေထိန်း အဖြစ် လည်ကောင်း၊ မြဝတီ မဂ္ဂဇင်း အယ်ဒီတာ (၁၉၅၅ - ၅၆)၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) တွင် အမှုဆောင် အဖြစ် လည်းကောင်း ဆောင်ရွက် ခဲ့သည်။ ၁၉၅၈ တွင် ရုပ်ရှင် လောကသို့ ဇာတ်ညွှန်းရေးသူ အဖြစ် ဝင်ရောက် ခဲ့သည်။ တက္ကသိုလ် ဘုန်းနိုင်၏ 'ထားသခင်' နှင့် စစ်ကိုင်း အေးလွင်၏ 'မန်းသူလေးမို့' တို့ကို လည်းကောင်း၊ ကိုယ်ပိုင် ဝတ္ထု ဇာတ်လမ်းများ ဖြစ်သော 'မုံး'၊ 'ချစ်မှာတမ်း'၊ 'ရွှေမင်းသမီး'၊ 'ကော်ကောင်' တို့ကို လည်းကောင်း ဇာတ်ညွှန်း ရေးခဲ့ရာ အောင်မြင်သည့် ရုပ်ရှင်ကားများ ဖြစ်ခဲ့သည်။
၁၉၆၄ တွင် နိုင်ငံခြား ရုပ်ရှင်ကား တင်သွင်းရေး အေဂျင်စီ၌ ရုပ်ရှင်ကား စိစစ်ရေးမှူး (ဖြန့်ချိရေး) အဖြစ် စတင် အမှုထမ်း ခဲ့ရာ ညွှန်ကြားရေးမှူး အဆင့်ထိ တာဝန် ယူခဲ့သည်။ ရုပ်ရှင် ဆင်ဆာ အဖွဲ့ဝင်၊ အမျိုးသား စာပေဆု စိစစ် ရွေးချယ်ရေး ကော်မတီဝင်၊ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင် ခဲ့သည်။
ကျောင်းသား သမဂ္ဂ ကိုယ်စားလှယ် အဖြစ် အိန္ဒိယ နိုင်ငံသို့ သွားရောက် ခဲ့သည့် အတွေ့အကြုံ များကို စတင် ရေးသား ခဲ့ရာမှ စာပေ လောကထဲသို့ ရောက်ရှိ လာခဲ့သည်။ ၁၉၄၆ ခု တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်းတွင် "ခေတ်သစ် ကောလိပ် ကျောင်းသား" ဝတ္ထုကို အမည်ရင်း 'ညီညီ' ဖြင့် ရေးခဲ့သည်။ မြဝတီ မဂ္ဂဇင်းတွင် ထပ်ဆင့် ဖော်ပြ ခဲ့သည်။ ထို့နောက် "ခေတ်သစ် ကောလိပ် ကျောင်းသူ" ဝတ္ထုကို 'လင်းယုန်နီ' ကလောင် အမည်ဖြင့် ရေးခဲ့သည်။ ချစ်မမ (၁၉၄၈)၊ မမမြင့် (၁၉၅ဝ)၊ မြင့် (၁၉၅၁)၊ ချစ်မမမြင့် (၁၉၅၂)၊ မမ (၁၉၅၄)နှင့် ချစ်သောမမ ချစ်မမ (၁၉၅၄) ပါဝင်သည့် စုစုပေါင်း ခြောက်တွဲဆက် ဝတ္ထုရှည်ကြီးမှာ အထင်ရှားဆုံး ဖြစ်ခဲ့သည်။ အခြား လက်ရာများမှာ ဘဝ (၁၉၄၈)၊ ချစ်သောနုနု (၁၉၅ဝ)၊ မေတ္တာတေးသံ (၁၉၅၁)၊ ချစ်ညီမလေး၊ မချောနှင့် မင်းကတော်လေးတို့ ဖြစ်ကြသည်။
၁၉၆ဝ ပြည့်နှစ်တွင် လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယဆင့်) ရရှိ ခဲ့သည်။
၁၉၉၄ ခု ဇွန်လ ၁၃ ရက် နံနက် ၈:၃ဝ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေး ရေစက်လမ်း နေအိမ်၌ ကွယ်လွန် ခဲ့သည်။
Seamless Wikipedia browsing. On steroids.