တရားဝင် အကွာအဝေး ၄၂.၁၉၅ ကီလိုမီတာကို ယှဉ်ပြိုင်ရသော တာဝေးအပြေးပြိုင်ပွဲ From Wikipedia, the free encyclopedia
ယခုခေတ် အိုလင်းပစ် အားကစားပြိုင်ပွဲများ၌ မာရသွန်ပြေးပွဲဟူ၍ ပြေးပွဲတစ်မျိုး ပါရှိလေသည်။ ထိုပြေးပွဲ၏ မူလအရင်းအမြစ် စတင်ဖြစ်ပေါ်ရာမှာ ဂရိနိုင်ငံရှိ မာရသွန် လွင်ပြင်ဖြစ်သည်။ ထိုလွင်ပြင်သည် အက်တီကာ နယ်၏ အရှေ့ဘက်ကမ်းခြေတွင် တည်ရှိ၍ အေသင်မြို့မှ အရှေ့မြောက်ဘက်တွင် ၂၅ မိုင် ကွာဝေးလေသည်။
ထိုပြေးပွဲ၏ မူလအကြောင်းရင်း ဖြစ်ပေါ်ချိန်သည် ဘီစီ ၄၉ဝ ခန့်အချိန်ကာလဖြစ်သည်။ ထိုအချိန်တွင် ပါးရှားဘုရင် ဒရိုင်းယပ် (ဘီစီ ၅၅၈ ခန့်- ၄၈၅) ၏ အင်အားကြီးမားလှသော စစ်သည်တို့သည် အေသင်မြို့နိုင်ငံ နှင့်တကွ ဂရိပြည်နယ်များကို တိုက်ခိုက်သိမ်းပိုက်ရန် ရေ ကြောင်းဖြင့် ချီတက်လာကြပြီးနောက် မာရသွန်လွင်ပြင် တစ်ဝိုက်တွင် စခန်းချနေကြ၏။ အင်အားချင်း မမျှလှသဖြင့် အေသင်သားတို့က စပါတာသားတို့ထံ စစ်ကူတောင်းသော်လည်း အချိန်မီ မရနိုင်သဖြင့် အေသင်သားတို့မှာ မျှော်လင့်ချက်မရှိ သလောက် ဖြစ်နေလေသည်။
သို့သော် မီလတီယဒီးအမည်ရှိ စစ်ဗိုလ်ချုပ်ကြီး၏ ကြံရည်ဖန်ရည် စွမ်းရည်သတ္တိကြောင့် အေသင်စစ်သည် ၁ သောင်း ခန့်တို့သည် ပါးရှင်းစစ်သည် ၂ သောင်းခန်းတို့ကို ထိုမာရသွန် လွင်ပြင်တွင်ပင် တိုက်ခိုက်ချေမှုန်းနိုင်လိုက် သဖြင့် ပါးရှင် ၆ ထောင်ကျော် ကျဆုံး၏။ အေသင်တို့ဘက်မှာမူ ၂ ရာခန့်မျှ သာ ကျဆုံးလေ၍၊ ကျဆုံးသော အေသင်စစ်သားများကို ထိုမာရသွန်လွင်ပြင်ရှိ တောင်ပူစာကလေး တစ်ခုပေါ်တွင် မြှုပ်နှံထားခဲ့လေသည်။ ၁၈၉ဝ ပြည့်နှစ်တွင် ထိုမြှုပ်နှံထားခဲ့ သော မြေပုံများကို ဖော်ထုတ်ခဲ့ရာ အရိုးများနှင့်တကွ ယင်းတို့ အား မြှုပ်နှံစဉ်က ထည့်လိုက်သည့် လက်နက်များနှင့်အတူ ပန်းအိုးများကို တွေ့ရသည်။
ထိုမာရသွန် တိုက်ပွဲသည် ကမ္ဘာ့သမိုင်း လမ်းကြောင်း ကို ပြောင်းလဲစေခဲ့သော တိုက်ပွဲတစ်ခုဖြစ်ခဲ့၏။ မိမိတို့ထက် နှစ်ဆမက အင်အားများလှ၍ လေးမြားလက်နက်သုံးသော ပါးရှင်းများကို လှံတံကို သုံးသော အေသင်တို့က တင်းတိုး ဝင်တိုက်ခိုက်ကြသဖြင့် လေးမြားတို့မှာ အသုံးမကျ ဖြစ်ရပြီး လျှင် ပါးရှင်းတို့အတုံးအရှုံး ကျဆုံးကြရသည်။
ပါးရှင်းရေတပ်ကြီး ဆုတ်ခွာသွားပြီးနောက်တွင် ယင်းတို့သည် အေသင်မြို့ကို ပင်လယ်ဘက်မှ လှည့်၍ တိုက်ခိုက်ခဲ့သော်၊ မာရသွန် လွင်ပြင်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအကြောင်း မသိသဖြင့်၊ အေသင်မြို့က အညံ့ ခံလိုက်မည်ကို မီလတီယဒီးသည် စိုးရိမ်နေခဲ့၏။ ထို့ကြောင့် ထိုတိုက်ပွဲတွင် အေသင်တို့အောင်မြင်ကြောင်းကို အေသင် မြို့သို့သတင်းပို့ရန် ခြေအမြန်ဆုံး အပြေးသမားတစ်ဦးဖြစ်သူ ဖိုင်ဒစ်ပီဒီးအား ဗိုလ်ချုပ်ကြီးက ရွေးချယ်၍ စေလွှတ်ခဲ့လေ သည်။ ထိုသူသည် မာရသွန်လွင်ပြင်မှ အေသင်မြို့အရောက် ၂၆ မိုင်နှင့် ၃၈၅ ကိုက်မျှ ခရီးကို မရပ်မနား အားသွန် ပြေးလွှား လာခဲ့ရာ အေသင်မြို့သို့အရောက်တွင် အောင်မြင် ကြောင်း သတင်းကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် အမော ဆို့လျက် သေဆုံးသွားရှာလေသည်။ ထို့ကြောင့် ဖိုင်ဒစ်ပီဒီးအား ဂုဏ်ပြုသောအားဖြင့် ၁၈၉၆ ခုနှစ်မှစ၍ အိုလင်းပစ်ပြေးပွဲများ တွင် ထိုခရီးမိုင်အတိုင်း မရပ်မနား ပြေးရသော ပြေးပွဲတစ်ခုကို ထည့်သွင်းပြီးလျှင် မာရသွန်ပြေးပွဲဟု အမည်ပေးထားခဲ့လေသည်။ [၁]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.