ဘကရီအစ်

မွတ်စလင်တို့၏ သာသနာရေးပွဲတော်များကို အစ်ပွဲဟုခေါ်တွင်၏။ တမန်တော် မို့ဟမ္မဒ်သခင် (စွလ္လမ်) သည် မဒီနာမြို့တော်သို့ရွှေ့ပြောင်းတော်မူပြီးနောက် အစ်ပွဲတော် ၂ ခုကို သတ်မှတ်ပေးတော်မူခဲ့သည်။

ပထမ အစ်ပွဲတော်နေ့သည် အာရဗီနဝမလဖြစ်သော ရမ္မဇန်၌ မွတ်စလင်တို့သည် ရိုဇဟ်ခေါ် ဥပုသ်ဆောက်တည်ကြ၏။ ထိုရမ္မဇန်လကုန်၍ အာရဗီဒသမလဖြစ်သော ယှောင်ဝါလ်လဆန်း ၁ ရက် နေ့တွင် ရိုဇာဟ်ဝါကျွတ်သည့် အထိမ်းအမှတ်အဖြစ် အီဒွလ်ဖိသစ်ရ် ပွဲတော်ကို ဆင်နွဲကြရ၏။ ထိုနေ့တွင် ဖြူစင် ကောင်းမွန်သော အဝတ်အစားများကို ဝတ်ဆင်၍ မွတ်စလင်တို့သည် ဗလီကျောင်းတော်များတွင် လည်းကောင်း၊ သီးသန့်ထားရှိသည့် ( အစ်ဝါ ) ကွင်းပြင်ကြီးများတွင် လည်းကောင်း စုရုံး၍ နမာဇ်ဝတ်ပြုကြသည်။

ဒုတိယ အစ်ပွဲတော်သည် အီဒွလ်အဿွဟာမည်၏။ အာရဗီဒွါဒသမလ ဖြစ်သော ဇလ်ဟဂျ်လ ၁ဝ ရက် နေ့တွင် ကျင်းပဆင်နွဲကြသည်။ ပထမ အစ်ပွဲတော်ကဲ့သို့ပင် ဤနေ့တွင်လည်း မွတ်စလင်တို့သည် နံနက်အချိန်၌ အထူးစုရုံး၍ နမာဇ်ဝတ်ပြုကြသည်။

အာရဗီဘာသာစကားတွင် နွားတိရစ္ဆာန်ကို ဘကရ်ဟုခေါ်၏။ ထိုနေ့တွင် မွတ်စလင်တို့ကုရ်ဘာနီပြုကြ ရာတွင် နွားသည်လည်း အပါအဝင် ဖြစ်သည်ကို အကြောင်း ပြု၍ ဘကရီအစ်ဟု ခေါ်တွင်ခဲ့၏။ ကုရ်ဘဉာနီပြုပိုင် ခွင့်ရှိသော တိရစ္ဆာန်များမှာကား ကုလားအုပ်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တို့ဖြစ်၏။ ကုလားအုပ်နှင့် ကျွဲနွား တစ်ကောင်လျှင် လူ ၇ ဦးတို့သည် တစ်စုကျ ပါဝင်လှူဒါန်းနိုင်ကြ၏။ ကျန် တိရစ္ဆာန်များမှာ တစ်ဦးလျှင် တစ်ကောင်ကျ လှူဒါန်းကြရ၏။ ငွေကြေး ချောင်ချိသူတို့သည် ထိုနေ့တွင် ဖော်ပြပါ တိရစ္ဆာန် တို့ကို ကုရ်ဘဉာနီပြု၍ ဘာသာမရွေး၊ လူတန်းစားမရွေး၊ ဝေငှလှူဒါန်းပေးကမ်းကြရ၏။

ထိုသို့ကုရ်ဘဉာနီပြုခြင်းသည် နဗီတမန်တော် အစ်ဗရာဟီမ်သခင်၏ ထူးခြားလှသည့် စွန့်လှူခြင်းကို မူတည်၍ စွန့်ကြဲလှူဒါန်းသော အလှူဒါနတစ်မျိုး ဖြစ်သည်။ နှစ်ပေါင်း လေးထောင်ကျော်အခါ သမယက နဗီတမန်တော် အစ်ဗရာဟီမ်သခင်သည် ပွင့်တော်မူခဲ့၍ ဝေနေယျ သတ္တဝါတို့အား စကြဝမ္ဗာအပေါင်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အာဟ်အသျှင် တစ်ဆူတည်းကို သာ ကိုးကွယ်ဆည်းကပ်ကြရန်နှင့် ထိုအသျှင်၏ အမိန့်ဗျာဒိတ်တို့ကို မြေဝယ်မကျ ဦးထိပ်ထက် ပန်ဆင်ကြရန် တရားလမ်းစဉ် တစ်ခုကို လက်တွေ့ချမှတ်တော်မူခဲ့၏။ ယင်းသို့သော တရားလမ်းစဉ်ကို ချမှတ်ခဲ့ရာတွင် ထို နဗီ တမန်တော်ကြီးမှာ အမျိုးမျိုးသော စမ်းသပ်ခြင်းကို ခံခဲ့ရ၏။

ထိုလမ်းစဉ်အရ အလ္လာဟ်အသျှင်မြတ်သည် နဗိတမန်တော် အစ်ဗရာဟီမ်သခင်အား အိုမင်းမစွမ်းသည့် အရွယ်၌ အားကိုးအားထားဖြစ်သော မိမိ၏ သားတော် အစ္စမာအီလ် သခင်အား ကုရ်ဘဉာနီပြု၍ စွန့်လှူရန် အမိန့်တော် ချမှတ်တော်မူလေရာ တသွေမတိမ်း လိုက်နာခဲ့ခြင်း ဖြစ်လေသည်။

ထိုသို့သားတော်ကို အကယ်ပင် ကုရ်ဘဉာနီပြုလုပ်မည်ရှိ ရာ၌ အာဟ်အသျှင်သည် သားတော်ကိုယ်စား တိရစ္ဆာန် တစ်ကောင်ကို စွန့်လှူစေတော်မူသည်။ ထိုတရားလမ်းစဉ်အတိုင်း ကုရ်ဘဉာနီပြုခြင်း အလေ့ အထရှိလာခဲ့ရာ ထိုကဲ့သို့ပြုလုပ်ခြင်းမှာ ယဇ်ပူဇော်ခြင်း မျိုးမဟုတ်။ သို့သော် နဗီတမန်တော်မို့ဟမ္မဒ်သခင် မပွင့်ပေါ်မီက အာရပ် လူရိုင်းတို့သည် ကုရ်ဘဉာနီပြု၍ တိရစ္ဆာန်တို့၏ သွေးသားတို့ကို အသျှင်အလိုရှိသည်ဟု ထင်မှားယူဆလျက် ကအ်ဗဟ်ကျောင်းတော်တွင် လိမ်းကျံကပ်ထားသမှု ပြုလုပ်ကြ ၏။ ထိုအယူမှားခြင်းကို ပပျောက်စေရန် ကုရ်အာန်ကျမ်း၌ ကုရ်ဘဉာနီ၏ သွေးသားတို့သည် အာဟ်အသျှင်မြတ်ထံတော် သို့ ရောက်ရှိသည်မဟုတ်၊ အမိန့်တော်ကို နာခံကျိုးနွံ၍ တရားဆောက်တည် ခြင်းကိုသာ လိုလားတော်မူကြောင်းဖြင့် လာရှိလေသည်။

သား၊ ငါး ဟူသည် လူသတ္တဝါတို့၏ အစာအာဟာရ ဖြစ်သည့်အလျောက် ထိုဘကရီအစ်ပွဲနေ့တွင် သားကောင်များ ကိုသတ်၍ အစားအသောက်အဖြစ် လှူဒါန်းကြခြင်း ဖြစ်လေ သည်။ ကုရ်ဘဉာနီပြုရန် ဇလ်ဟဂျ်လ ၁ဝ၊ ၁၁၊ ၁၂ နေ့ရက် များကို သတ်မှတ်ထားရှိ၏။ ဘကရီအစ်နေ့သည် မြန်မာနိုင်ငံ တွင် အများသိကြသောပွဲတော်ကြီး တစ်ရပ်ဖြစ်၏။ နိုင်ငံ အစိုးရကလည်း ထိုနေ့ကို အများပြည်သူ ရုံးပိတ်ရက်နေ့အဖြစ် သတ်မှတ်ထားလေသည်။ အိဗ်ရာဟီမ်အယ်မဒ် မဇာဟေရီ။[1]

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.