From Wikipedia, the free encyclopedia
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၁)ရပ်ကွက်၊ ဗိုလ်ချုပ်ပြတိုက်လမ်း၊ အမှတ်(၂၅)ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်မှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ အထိမ်းအမှတ်ပြတိုက်တစ်ခုဖြစ်သည်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်သည် (၁-၁-၁၉၆၀) ရက်နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားပြတိုက် ၏အုပ်ချုပ်မှု လက်အောက်သို့ရောက်ရှိပြီး (၁၉-၇-၁၉၆၂)နေ့မှစ၍ အထိမ်းအမှတ်ပြတိုက် တစ်ခုအဖြစ် အာဇာနည်နေ့များတွင် ရက်သတ္တပတ်အထူးပြပွဲအဖြစ် ပြသခဲ့သည်။ ပုံမှန်အားဖြင့် တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှ လွဲလျှင် ကျန်သည့်ရက်များတွင် နံနက် ၉နာရီခွဲမှ ညနေ ၄နာရီခွဲအထိ ဖွင့်လှစ်ပြသသည်။ ပြည်တွင်းမှ ရဟန်း၊ သီလရှင်၊ ကလေးလူကြီးများအား အခမဲ့ဝင်ရောက်ခွင့်ပြုထားပြီး နိုင်ငံခြားသားများအား ကျပ်ငါးထောင် ကောက်ခံသည်။ [1] [2] [3]
ဗိုလ်ချုပ် အောင်ဆန်း ပြတိုက် | |
---|---|
တည်ထောင်ခြင်း | ၁၉၆၂ |
တည်နေရာ | ၁၅၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗဟန်း၊ ရန်ကုန်မြို့ 16°48′13.82″N 96°9′48.20″E |
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်မိသားစု ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ် ဇူလိုင်လ၁၉ ရက်နေ့အထိ နေထိုင်ခဲ့သည့်အိမ်ဖြစ်သည်။အမျိုးသားပြတိုက်၊ ရှေးဟောင်းသုတေသန ပြတိုက်၊ တိုင်းရင်းသားယဉ်ကျေးမှု ပြတိုက်၊ ကျောက်မျက်ပြတိုက်၊ မီးသတ်ပြတိုက်၊ ဘုရားပြတိုက် စသည်ဖြင့် ပြတိုက်အမျိုး အစားများစွာရှိသည့်အနက်မှ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သည် အထိမ်းအမှတ်ပြတိုက် (Memorial Museum) အမျိုးအစားဝင် ဖြစ်သည်။[4]
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၏ မြေကွက်သည် ဘဲဥပုံသဏ္ဍာန်မြေကွက်ဖြစ်ကာ ခြံဝင်းအကျယ်မှာ (၂.၄၂၃ ဧက) ရှိသည်။ နေအိမ်အဆောက်အဦကို ခြံဝင်းထဲရှိ ၁၈ပေမြင့် တောင်ကုန်းပေါ်တွင် ၂၀ရာစုဥရောပပုံစံဖြင့် ၁၉၂၁ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ မူလပိုင်ရှင်မှာ တရုတ် လင်မယားနှစ်ဦးဖြစ်သည်။အဆိုပါ လင်မယား ၂ဦးထံမှနေ၍ ဗိုလ်ချုပ်တို့က ငှားရမ်းနေထိုင်ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ ဤအိမ်တွင် ၁၉၄၅-ခုနှစ်၊ မေလမှ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ လုပ်ကြံခံရသည့်နေ့အထိ နေထိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက် ၁၉၄၈-ခုနှစ်၊ ဇူလိုင်လ၊ (၈)ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်ရန်ပုံငွေမှကျခံလျှက် ရန်ပုံငွေကြီးကြပ် ထိန်းသိမ်းရေးအမှုဆောင်အဖွဲ့က မူလပိုင်ရှင် တရုတ်လင်မယားထံမှ စာချုပ်စာတမ်းဖြင့် ကျပ်ငွေ(၃သောင်း) ပေးချေကာ အပြီးအပိုင် ဝယ်ယူသည်။ ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီးနောက်ပိုင်းတွင် ကျန်ရစ်သူ မိသားစု ဆက်လက်နေထိုင်ခဲ့သည်။ ၁၉၅၃-ခုနှစ်တွင် နေအိမ်ခြံဝင်းအတွင်း အရှေ့တောင်ဘက်ရှိရေကန် တွင် သားလတ်ဖြစ်သူ အောင်ဆန်းလင်း ရေနစ်သေဆုံးပြီးနောက် ဤအိမ်တွင်မည်သူမှ ဆက်လက်နေထိုင်ခြင်းမရှိတော့ပေ။ ၁၉၅၅-၁၉၅၆ ခုနှစ်တွင် ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန၏ ပထမဆုံးသော ညွှန်ကြားရေးဝန်ဦးသာမြတ်၊ အမျိုးသားပြတိုက်၊ ပြတိုက်မှူးကြီး ဒေါ်ညွန့်ဟန် နှင့် အကြံပေးအရာရှိ Dr.Nibarran Raysတို့သည် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နေအိမ်အား အများပြည်သူကြည့်ရှုနိုင်ရေးအတွက် ပြတိုက်အဖြစ်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသည်။ ၁၉၅၇-ခုနှစ်၊ စက်တင်ဘာလ၊ (၉)ရက်နေ့တွင် နိုင်ငံတော်အစိုးရက ဗိုလ်ချုပ်၏ဇနီး ဒေါ်ခင်ကြည်ထံမှ ပြတိုက်ပစ္စည်းများအဖြစ် ပြသထားရှိရန် ပရိဘောဂပစ္စည်း(၅၃)မျိုးနှင့် အခြားပစ္စည်းများ အလှူခံခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ကို ၁၉၅၇-ခုနှစ်တွင် အောင်ဆန်းမြို့ ပြန်လည်ထူထောင်ရေးတပ်မှ မွမ်းမံပြင်ဆင်ခဲ့ပြီးနောက် ၁၉၆၀-ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို စတင်ဖွင့်လှစ်ပြသခဲ့သည်။ [5]
၂၀၁၇ခုနှစ် အာဇာနည်နေ့တွင် လူပေါင်းသုံးသောင်းနှစ်ထောင်ကျော် လာရောက် လေ့လာကြည့်ရှုခဲ့ပြီး ပြတိုက်အပေါ်ထပ်တွင် တစ်နာရီလျှင် လူပေါင်း သုံးရာခန့် အမြဲရှိနေခဲ့သည်။ ပြတိုက်သည် စတင်တည်ဆောက်စဉ်က နေအိမ်အဖြစ် ဆောက်ခဲ့ခြင်း ဖြစ်ပြီး နှစ်သက်တမ်းကလည်း နှစ်ပေါင်းကိုးဆယ်ကျော်လာပြီ ဖြစ်သောကြောင့် ကြံ့ခိုင်မှုအားနည်းလာခဲ့သည်။ ယင်းအတွက်ကြောင့် ၂၀၁၈ခုနှစ် အာဇာနည်နေ့တွင် ပြတိုက်အပေါ်ထပ် တက်ရောက်ခွင့်အား ခွင့်မပြုတော့ဘဲ ယင်းအစား အပေါ်ထပ်တွင် ခင်းကျင်းပြသထားသည့် ပြခန်းငါးခုအား ၁၃ပေ ၈ပေ ခန့်ရှိသော LED ဘုတ်ဖြင့် လှည့်ပတ်ပြသထားပြီး ဘုတ်ကြီး ၁၆ခုဖြင့် ဗိုလ်ချုပ်၏အဆိုအမိန့်များ၊ ရှားပါးဓာတ်ပုံများအား ခင်းကျင်းပြသထား သည်။ အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲအဖြစ် ဇူလိုင်လ ၁၉ရက်မှ ၂၁ရက်အထိ သုံးရက်တိုင်တိုင် ပြသထားသည်။ အဆိုပါသုံးရက် ကျော်လွန်သွားပြီးနောက် အပေါ်ထပ်သို့ ပြန်လည်တက် ရောက်ခွင့်ပြုခဲ့သည်။ အာဇာနည်နေ့အထူးအစီအစဉ်အဖြစ် အဆိုပါသုံးရက် အား နံနက် ၈နာရီမှ ညနေ ၆နာရီအထိ ပြသခဲ့သည်။[6]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.