ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း)
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) သည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်တွင် တည်ရှိပြီး သံလွင်မြစ်အား ဖြတ်ကျော်တည်ဆောက်ထားကာ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့အား ဆက်သွယ်ထားသည့် တံတားတစ်စင်း ဖြစ်သည်။ တံတားကို ၂၀၁၇ ခုနှစ် မေလ ၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။[1]
ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) | |
---|---|
ကိုဩဒိနိတ် | 16°26′26.9″N 97°36′33.8″E |
ဖြတ်သန်းမှု | သံလွင်မြစ် |
တည်နေရာ | မွန်ပြည်နယ် |
အမည် | ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) |
အခြားအမည်များ | သံလွင်တံတား (ချောင်းဆုံ) |
အစွဲပြုအမည် | ဗိုလ်ချုပ်အောင်ဆန်း |
အချက်အလက်များ | |
တံတားဒီဇိုင်း | နှစ်လမ်းသွား သံမဏိသံပေါင် ခုံးတံတား |
စုစုပေါင်းအရှည် | ၅,၂၃၀ ပေ (၁,၅၉၀ မီတာ) |
အကျယ် | ၂၈ ပေ (၈.၅ မီတာ) |
သမိုင်းကြောင်း | |
စတင်ဆောက်လုပ်ချိန် | ၈ ဖေဖော်ဝါရီ ၂၀၁၅ |
လုပ်ငန်းပြီးဆုံးချိန် | ဧပြီ ၂၀၁၇ |
ကုန်ကျငွေ | ကျပ်သန်း ၅၉,၈၀၀ ခန့် |
ဖွင့်ပွဲကျင်းပသည့်နေ့ | ၉ မေ ၂၀၁၇ |
ဖွင့်လှစ်သည့်နေ့ | ၂၇ ဧပြီ ၂၀၁၇ |
တံတားကို ခန့်မှန်းငွေ ကျပ်သန်း ၅၉,၈၀၀ ဖြင့် တည်ဆောက်ထားပြီး[2] အရှည် ၅,၂၀၃ ပေ၊ အကျယ် ၂၈ ပေရှိပြီး နှစ်လမ်းသွား သံမဏိသံပေါင် ခုံးတံတားအမျိုးအစား ဖြစ်သည်။ မော်လမြိုင်ဘက်ကမ်း မုပွန်ချဉ်းကပ်လမ်းမှာ ၇၅၇ ပေခန့်နှင့် ဘီလူးကျွန်း ကညှော်ချဉ်းကပ်လမ်းမှာ အရှည် ၁၆,၉၈၀ ပေ ရှိသည်။[3] သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် သံလွင်တံတား (ချောင်းဆုံ) အမည်ဖြင့် စတင်ပန္နက်ချ တည်ဆောက်ခဲ့သည်။
၂၀၁၇ ခုနှစ် ဧပြီ ၂၆ ရက် ည ၉ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း)အမည်ဖြင့် ဆိုင်းဘုတ်တင်ခဲ့ပြီး ဧပြီ ၂၇ ရက် နံနက် ၉ နာရီ ၄၅ မိနစ်၌ ဆိုင်ကယ်များနှင့် ကားများအား အခမဲ့ဖြတ်သန်းခွင့်ပြုခဲ့သည်။[2]
သံလွင်တံတား (ချောင်းဆုံ) စီမံကိန်းဖြင့် စတင်တည်ဆောက်ခဲ့သော်လည်း တည်ဆောက်မှုပြီးဆုံးမည့် အချိန်တွင် ပြည်သူ့လွှတ်တော်တွင် ဗိုလ်ချုပ်အောင်ဆန်း တံတားအမည်အဆို အတည်ပြုခဲ့ရာ ဒေသခံ မွန်တိုင်းရင်းသား အချို့က သံလွင်တံတား (ချောင်းဆုံ) ဟုသာ သတ်မှတ်ရန် ၂၀၁၇ ခုနှစ် မတ်လအတွင်း ဆန္ဒပြခြင်း နှစ်ကြိမ်၊ ဧပြီလတွင် ကန့်ကွက်မှု လက်မှတ်စုဆောင်းမှုများ ပြုလုပ်ခဲ့ကြပြီး[4] ၂၀၁၇ ခုနှစ် ဧပြီလ ၂၆ ရက်နေ့အထိ လက်မှတ်ပေါင်း တစ်သိန်းခွဲခန့် ရရှိခဲ့သည်ဟု ဆိုသည်။[5]
တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတား ဟု အမည်ပေးပါက အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူမပြုသည့်အပြင် တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲရေးကို ထိခိုက်စေမည်ဖြစ်သောကြောင့် ပြည်ထောင်စုအစိုးရအနေဖြင့် အလေးအနက် ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အပါအဝင် ပါတီပေါင်း ၁၄ ခုက ၂၀၁၇ ခုနှစ် ဧပြီလ ၅ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။[6]
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း၏ ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန် အဆိုအား ၂၀၁၇ ခုနှစ် ၁၄ ရက်တွင် ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ရာ[6] ထောက်ခံမဲ ၂၁၇ မဲ ၊ ကန့်ကွက်မဲက ၄၃ မဲ၊ ကြားနေ ၁၁၆ မဲဖြင့် အမည်ပြောင်းလဲခြင်း အဆို အနိုင်ရခဲ့သည်။[7]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.