From Wikipedia, the free encyclopedia
ဖိလစ်ရစ်ပလေ (အင်္ဂလိပ်: Philip Henry Ripley) သည် မြန်မာပြည်ပေါက် အင်္ဂလိပ်တစ်ဦးဖြစ်သည်။ ပိဋကတ်သုံးပုံကို ပုံနှိပ်စက္ကူအဖြစ် ပထမဆုံးအသွင်ပြောင်းသူအဖြစ် လူသိများသည်။
ဖိလစ်ကို ကျောက်ဖြူမြို့တွင် ၁၈၅၈ ခု၊ ဖေဖော်ဝါရီ ၂၅ ရက်၌ မွေးသည်။ [1][2] ငယ်စဉ်ကပင် မန္တလေးမြို့သို့ရောက်ရှိရာ နန်းတွင်း၌ ကျင်လည်သည်။ မင်းတုန်းမင်းက မင်းသားများနှင့်အတူ (နောင် သီပေါမင်း ဖြစ်လာမည့် မင်းသားလည်း ပါဝင်) ပညာသင်စေသည်။ အသက် ၁၇ နှစ်တွင် မင်းတုန်းမင်းနတ်ရွာစံ၍ နန်းတွင်းလုပ်ကြံမှုကြီး ဖြစ်သည့်အခါ ရန်ကုန်သို့ ပြေးလာသည်။ [3][4] ဦးစွာ ရန်ကုန်-ဧရာဝတီ ဘေလီရထားလမ်းတွင် အလုပ်ရသည်။ ထို့နောက် ဗြိတိသျှဘားမားအတွင်းဝန်ရုံးသို့ ပြောင်းသည်။ ထိုစဉ်၌ အစိုးရဘာသာပြန်ဆရာ ဝီလီယံဟတ်ဖို့ (W. Hadford) ထံမှ ဗမာစကား ဆက်သင်သည်။ နှစ်နှစ်ကြာပြီးနောက် အစိုးရထုတ် ပညာရေးဂေဇက်တွင် ယာယီအယ်ဒီတာ ရာထူးရသည်။ အသက် ၂၀ ရောက်သော် ရုံး၌ ဗမာစကားပြန်အဖြစ် အလုပ်လုပ်နေပြီဖြစ်သည်။
အစိုးရပုံနှိပ်တိုက်သို့ ဗြိတိသျှဘားမားဂေဇက်၏ ဗမာစာစောင်များ သွားပို့နေရာမှ စာပုံနှိပ်ခြင်းကို စိတ်ဝင်စားလာသည်။ ထို့ကြောင့် ပုံနှိပ်စက်ငယ်တစ်ခုကို မြို့တော်ခန်းမနောက်ဘက် ၃၄ လမ်းတွင် ထောင်ကာ ဗမာစာပေများ စမ်းသပ်ပုံနှိပ်သည်။
၁၈၉၃ ခုနှစ်တွင် အစိုးရအလုပ်မှထွက်ကာ စာပုံနှိပ်ခြင်းကို ဇောက်ချလုပ်နိုင်ရန် စာဖောင်တွဲခြင်းပညာကို အင်္ဂလန်၌ သွားသင်သည်။ ပထမဆုံးတစ်နှစ်တွင်ပင် အင်္ဂလန်ရှိ စာပုံနှိပ်တိုက်အများအပြားသို့ မိတ်ရှာလည်ကာ အတွေ့အကြုံယူသည်။
၁၈၉၇ ခုတွင် ရန်ကုန်သို့ ပြန်လာရာတွင် ခဲစာလောင်းရုံအတွက် စက်ကိရိယာအစုံအလင် ဝယ်ယူလာပြီး အမှတ် ၄၆၊ ဆူးလေဘုရားလမ်းတွင် ဟံသာဝတီပုံနှိပ်လုပ်ငန်း (Hanthawaddy Printing Works) ကို ထူထောင်သည်။ လေးထပ်တိုက်အမြင့်ခန့်ရှိပြီး စတုရန်းပေ ၆၀၀၀ ကျယ်သည်။
ဗမာ့ဂန္ထဝင်စာပေများကို အဓိကပုံနှိပ်ရန် အားထုတ်ခဲ့ပြီး နိုင်ငံတလွှားရှိ ဘုန်းကြီးကျောင်းများမှ ပေမူများကို စာရွက်ပေါ်တင်ပေးခဲ့သည်။ နှစ်အတန်ကြာ လုပ်ဆောင်ရသည့်အပြင် ကန့်ကွက်မှုအချို့ရှိသော်လည်း အအောင်မြင်ဆုံးဖြစ်ခဲ့သည့်အလုပ်မှာ (၁၀"x၆.၂၅" အရွယ်၊ စာမျက်နှာ ၄၀၀ ခန့်ပါ) ၃၈ တွဲရှိသော ပိဋကတ်သုံးပုံပါဠိကို ပုံနှိပ်ခြင်းဖြစ်သည်။ စာတည်းရန် မန္တလေးသို့ပို့ကာ ကုသိုလ်တော်ဘုရားရှိ ကျောက်စာမူနှင့် တိုက်စစ်သည်။ အတွဲများသော်လည်း ရလိုသည့်ရဟန်းရှင်လူများကြောင့် အမြောက်အမြားထုတ်ဝေရသည်။
လုပ်ငန်းမှာ ဗမာ၊ အင်္ဂလိပ်စာသာမက တမီးစာကိုပင် ပုံနှိပ်ပေးသည်။ ခဲစာလုံးလောင်းခြင်း၊ စာဖောင်ပြင်ခြင်း၊ စာအုပ်ချုပ်ခြင်း၊ တံဆိပ်တုံးလုပ်ခြင်း၊ စာလုံးထွင်းခြင်း၊ ဓာတ်ပုံကူးဘလောက်ကူးခြင်း တို့ကိုလည်း လုပ်သည်။ မန္တလေး၌ လုပ်ငန်းခွဲထောင်ရန်ပင် အကြံအစည်ရှိခဲ့သည်။
ပုံမှန်ထုတ်ဝေသည်မှာ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် ရန်ကုန်အက်ဒဗိုက်ဇာ (Rangoon Advertiser) နှင့် ဗမာဘာသာဖြင့် ထုတ်ဝေသော ဟံသာဝတီသတင်းစာ (Hanthawaddy Weeekly Review) တို့ ဖြစ်ကြသည်။ ထိုသတင်းစာတို့တွင် အထွေထွေသတင်းများ၊ ကြေးနန်းများ၊ ဗမာများအကျိုးရှိမည့် စီးပွားရေးအချက်အလက်များကို ဖော်ပြပေးသည်။
ပုံနှိပ်တိုက်အား ဦးစီးသူမှာ မောင်ဘိုးထူး ဖြစ်သည်။ [5] ဗမာစာတည်း ၄ ဦး ခန့်ထားရာ ၎င်းတို့အနက် တစ်ဦးဖြစ်သော စာတည်းချုပ်သည် မင်းတိုင်ပင်ဟောင်းဖြစ်သည်။ လုပ်သား ၁၈၀ ကျော်ဖြင့် လည်ပတ်ရသည်။
ဟံသာဝတီပုံနှိပ်လုပ်ငန်း၏ လန်ဒန်ကိုယ်စားလှယ်အဖြစ် အမှတ် ၁၁၊ ဘေလစ်တာရင်ပြင် (Billiter Square) ရှိ အာဒီဂေးဘရိတ်ကုမ္ပဏီ (Messrs. R.D. Galbraith & Co.) ကို လွှဲထားသည်။
၁၉၁၇ ခုတွင် မြို့တော်မီးသတ်ဌာနကို ချဲ့ထွင်ရန် ကပ်လျက်ဖြစ်နေသည့် ပုံနှိပ်တိုက်ကို ငွေ (၂၀၀၀၀၀) ဖြင့် မြို့တော်ကောင်မတီက ဝယ်ယူလိုက်ရာ နေရာသစ်သို့ ပြောင်းရွေ့ရတော့သည်။ [6]
ရန်ကုန်တွင်မွေးသည့် အန်နီ (Annie) နှင့် လက်ထပ်ရာ ဟယ်ရီ (Henry William "Harry" Ripley) (၁၈၈၁-၁၉၃၄) နှင့် ဂျော့ (George Philip Ripley) သားနှစ်ဦး ရသည်။
သားနှစ်ဦးကို အင်္ဂလန်ရှိ ဒူလဝစ် (Dulwich) ကောလိပ်၌ ပညာသင်စေသည်။ ကျောင်းပြီးသည့်နောက် ဟယ်ရီမှာ လန်ဒန်ရှိ အန်ဒရူးညီအစ်ကိုများ (Andrews Bros.) ပုံနှိပ်လုပ်ငန်းတွင် အလုပ်သင်ဝင်လုပ်သည်။ ထို့နောက် ဓာတ်ပုံဘလောက်ထွင်းပညာကို အခြားလုပ်ငန်းတစ်ခုတွင် ထပ်သင်သည်။ သားငယ် ဂျော့မှာ ခရစ်စတယ်ပဲလေ့အင်ဂျင်နီယာကျောင်း (Crystal Palace School of Engineering) တွင် ပညာဆက်သင်ပြီး ဂလက်စဂိုးရှိ မေဗာနှင့်ကိုဆန် အင်ဂျင်နီယာလုပ်ငန်း (Messrs. Mavor & Coulson) တွင် အလုပ်သင်အဖြစ် ဝင်လုပ်သည်။ ထို့နောက် ရန်ကုန်သို့ပြန်လာကာ ပုံနှိပ်လုပ်ငန်း၏ အုပ်ချုပ်မှုပိုင်းကို မိဘများနှင့်အတူ ဦးစီးသည်။
ဟံသာဝတီမြေယာကုမ္ပဏီ (Hanthawaddy Land Company) ၏ ကြီးကြပ်ဒါရိုက်တာတစ်ဦးဖြစ်သည့်အပြင် အလုံမြေယာကုမ္ပဏီ (Ahlone Land Company) ၏ ဒါရိုက်တာအဖွဲ့ဝင်လည်း ဖြစ်သည်။ ခရစ်ယာန်ဘုန်းတော်ကြီးသင်ကျောင်းများ (Diocesan Schools) ၏ အာဏာပိုင်အဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူခဲ့သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.