ဝါးပတ္တလား
မြန်မာ့ ဝါးပတ္တလား တွင် အဓိက အားဖြင့် ပတ္တလားအိမ် နှင့် ပတ္တလားဆံများ ပါရှိသည်။ ပတ္တလားဆံများကို လက်ခတ်နှင့် တီးခတ်ရသည်။ ပတ္တလားအိမ်ကို သစ်သားဖြင့် ပြုလုပ်သည်။ ပတ္တလားဆံများကို ဝါးဖြင့် ပြုလုပ်သည်။
ဝါးခုတ် လရက်
ပတ္တလားအတွက် ဝါးခုတ်လိုလျှင် တန်ဆောင်မုန်း တလသာ ခုတ်ရသည်။ တန်ဆောင်မုန်းလထဲတွင် ခုတ်ရမည့်ရက်ကို ကုသိနာရုံ ပိုးစားကုန်၊ ပျားအုံဆင်ငြား ပိုးမစား လင်္ကာဖြင့် တဖန် ရွေးချယ်ရသည်။ လာ၊ ကြာ၊ နေ၊ ဟူး နေ့တို့တွင် ဝါးခုတ်ယူလျှင် ပိုးစားတတ်ကာ၊ တေး၊ နွေ၊ ဂါ နေ့တို့တွင် ခုတ်ယူပါက ပိုးမစားဟု ဆိုကြသည်။[၁]
ဝါးရွေးပုံ
ပုပ်၊ ပါး၊ ပွန်း၊ ပေါက် - အက်၊ လိမ်၊ ကောက်၊ ထောက်ချင့်ညှာတွေး၊ ဝါးကိုရွေး လင်္ကာဖြင့် ဝါး၏ ပုံပန်းသွင်ပြင် အနေထားကို ရွေးချယ်ခုတ်ယူပြီး ပတ္တလား ပြုလုပ်ကြသည်။ အဖျားပြတ် ပုပ်နေသော ဝါး၊ အသက်ကြီးသော်လည်း အသားပါးသော ဝါး၊ ပွန်းပဲ့နေသော ဝါး၊ ပိုးထိုးပေါက်ဝါး၊ ဥတုကြောင့် အက်ကွဲဝါး (နေရောင်အမြဲထိတွေ့နေပါက အက်ကွဲလွယ်)၊ ဝါးလိမ်၊ ဝါးကောက်ကွေးတို့ကို ရှောင်ရသည်။ ပင်ခြေမြေကြီးနား ကပ်သည့် အဆစ်များတွင် မြစ်ပွားလေးများ ထွက်လာသော သုံးနှစ်သား စိမ်းရင့်ရင့် ဝါးသည် ခုတ်ယူရန် အကောင်းဆုံး ဖြစ်သည်။ ထို့ထက် ပိုရင့်သွားသော ဝါးသည် ပတ္တာလားလုပ်ရန် ရွှံ့ဗွက်စိမ်၊ ကျပ်ခိုးတင်သည့်အခါ ကွဲအက်တတ်လေသည်။ ခုတ်ပြီးဝါးများကို သယ်ယူရလွယ်အောင် အဆစ်နေရာများတွင် မကွဲမအက်စေဘဲ ထင်းဖြတ်လွှဖြင့် အပိုင်းပိုင်း ဖြတ်တောက်ရသည်။ ဝါးဆစ် တဆစ်မှာ ပတ္တလားဆံ တဆံသာ ယူရသောကြောင့် ဝါးတဆစ် ကွဲပျက်သွားလျှင် အသံတသံ ပျောက်သည့် အဓိပ္ပာယ် ဖြစ်သည်။ အစီအစဉ်မယွင်းစေရန် အဖျားပိုင်းကစ၍ အဆစ်တိုင်းတွင် ၁ ကနေ ၂၄ ထိ နံပါတ်စဉ် ရေးပြီးပါက ရေစစ်သွားအောင် ဝါးပိုင်းများကို အရိပ်ထဲတွင် တရက်ခန့် ထောင်ထားရသည်။ နောက်တနေ့တွင်မှ လိုချင်သော ဗြက်ကို လျာထားကာ၊ တဆစ်စီ လွှဖြင့် ဖြတ်၍ ခွဲစိတ်သည်။ ခွဲပြီးဝါးခြမ်းတိုင်းကို အမှတ်စဉ် ပြန်ရေး၍ အမှတ်အသားပြုထားမှ ရှေ့နောက်သံ မမှားနိုင်တော့ပေ။ ဗြက်အကျယ်ကို များသောအားဖြင့် ၂ လက်မမှ ၂ လက်မခွဲထိ ထားသည်။ ၂၄ ဆစ်လုံး စိတ်ဖြာပြီးလျှင် တဆစ်မှာ တဆံစီ ယူစုပြီး ရွှံ့ဗွက်ထဲ တနှစ် စိမ်ရသည်။ အရောင်ဝါပြီး ဝါးလှစေလိုပါက နွားချေးထဲ စိမ်သည်လည်း ရှိသည်။ တနှစ်ပြည့်လျှင် ဆယ်ယူပြီး၊ အစည်းလိုက်ဖြစ်စေ၊ ကြိုးဆိုင်း၍ ဖြစ်စေ ကျပ်ခိုးတင်သည်။ အနည်းဆုံး သုံးနှစ် ကျပ်ခိုးတင်ပြီးမှ ပြန်ချကာ၊ အချောသတ်ပြီး အသံညှိသည်။[၁]
အသံညှိပုံ
အချောသပ်ပြီးလျှင် ၁ ကနေ ၂၄ အထိ ဝါးဆံကြမ်းများကို နေရာတကျ စီဖြန့်၊ နံပါတ် ၁ အပါးဆုံးဆံကို လက်မ ၂၀ အရှည်မှန်းပြီး ဘယ်ဘက်တွင် ချ၊ အထူဆုံး နံပါတ် ၂၄ အဆံကို ၉ လက်မ မှန်းပြီး ညာဘက်အစွန်မှာ ချသည်။ ဘယ်ညာအစွန်းနှစ်ဘက်ကို မျဉ်းသားပြီး အလယ်ဆံများကို ဖြတ်သည်။ ကြိုးပေါက်အတွက် နံပါတ် ၁ အဆံတွင် အနားစွန်းကနေ ၄ လက်မအကွာ၊ နံပါတ် ၂၄ အဆံတွင် အစွန်းကနေ နှစ်လက်မအကွာ အပေါက်နှစ်ပေါက်စီ ဖောက်သည်။ အလယ်ဆံများအတွက်မူ ဘယ်ညာအစွန်းနှစ်ဆံကို ကြိုးပေါက်အချင်းချင်း မျဉ်းဆက်ဆွဲကာ မျဉ်းရာအတိုင်း အပေါက်ဖောက်သည်။ အသံမညှိရသေးသော ပတ္တလားကြမ်း ဖြစ်လာလေပြီ။ ကြိုးသီပြီး အသံစမ်းကြည့်၍၊ အသံမြင့်နလျှင် ဗိုက်သား ခေါ် (ကြိုးပေါက်လေးပေါက်အတွင်း) ကြိုးတွင်းဧရိယာကို ဓားထက်ထက်ဖြင့် တလွှာချင်း လှီးထုတ် ညှိယူသည်။ လုပ်ပြီးသား ပတ္တလား သို့မဟုတ် အသံညှိခက်ရင်းဖြင့်လည်း အသံညှိနိုင်သည်။ နံပါတ် ၁ အဆံကို သံမှန် တပေါက်သံ ထားကာ ၇ ပေါက်၊ ၆ ပေါက် စသဖြင့် ကျန် နံပါတ် ၂၊ ၃၊ ၄ အဆံများကို ဗိုက်သားလှီးထုတ်ပြီး အသံနိမ့်စေခြင်းအားဖြင့် ဆက်လက်ညှိယူသည်။ အသံညှိပြီးသည့်အခါ ပတ္တလားအိမ်တွင် ကြိုးဖြင့် ဆင်လိုက်လျှင်၊ မြန်မာ့ပတ္တလား တလက်ကို ရရှိသည်။[၁]
ကိုစိုးသန်း (August 1996). "မြန်မာ့ဝါးပတ္တလား ကောင်းကောင်းရစေဖို့". နက္ခတ္တရောင်ခြည် ၁၂၁: ၁၄၁. Retrieved on ၂၀၂၄-၀၃-၂၄.