နိရာမိသ သုခဝေဒနာ

From Wikipedia, the free encyclopedia

နိရာမိသ သုခဝေဒနာ
Remove ads

နေက္ခမ္မသိတ သောမနဿဝေဒနာကို နိရာမိသ သုခဝေဒနာဟု ခေါ်သည်။

နေက္ခမ္မသိတ သောမနဿဝေဒနာ (၆)မျိုး

ရူပါရုံ (သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ)တို့၏သာလျှင် မမြဲသော အခြင်းအရာကိုလည်းကောင်း, ဖောက်ပြန်ခြင်း ကင်းပြတ်ခြင်း ချုပ်ပျောက်ခြင်းကိုလည်းကောင်း သိရှိ၍ --- ရှေး၌ ဖြစ်ခဲ့ပြီးကုန်သော ရူပါရုံတို့သည်လည်း ကောင်း, ယခုအခါ၌ ရူပါရုံတို့သည်လည်းကောင်း ရှိကြကုန်၏၊ ခပ်သိမ်းကုန်သော ထိုရူပါရုံတို့သည် (သဒ္ဒါရုံ တို့သည်, ဂန္ဓာရုံတို့သည်, ရသာရုံတို့သည်, ဖောဋ္ဌဗ္ဗာရုံတို့သည်, ဓမ္မာရုံတို့သည်) ---

  1. ဖြစ်ပြီးလျှင် ပျက်တတ်သော အနိစ္စတရားတို့သာတည်း၊
  2. ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံရကုန်သော ဒုက္ခတရားတို့သာတည်း၊
  3. ဇရာ-မရဏတို့ဖြင့် ဖောက်ပြန်ပျက်စီးတတ်ကုန်သော ဝိပရိဏာမဓမ္မတို့သာတည်း ---

ဤသို့လျှင် ဤရူပါရုံကို (သဒ္ဒါရုံကို, ဂန္ဓာရုံကို, ရသာရုံကို, ဖောဋ္ဌဗ္ဗာရုံကို, ဓမ္မာရုံကို) မဖောက်မပြန် ဟုတ် တိုင်းမှန်စွာ ဝိပဿနာဉာဏ်ဖြင့် ရှုသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ သောမနဿဝေဒနာသည် ဖြစ်ပေါ်၍ လာ၏။ ဤသောမနဿဝေဒနာကို နေက္ခမ္မသိတ သောမနဿဝေဒနာဟူ၍ ခေါ်ဆို၏။ နိရာမိသ သုခဝေဒနာ ဟူ၍လည်း ခေါ်ဆို၏။ ဤ၌လည်း အာရုံ (၆)မျိုး ပြားသဖြင့် နိရာမိသ ဝေဒနာလည်း (၆)မျိုးပင် ပြား၏။ [][]

Remove ads

နိရာမိသ သုခကို ဝိပဿနာရှုရန် ဘုရားဟော

မြို့ရွာ အူသံ မဆူညံသည့် လူသံ ကင်းတိတ် ဆိတ်ငြိမ်သည့် ကမ္မဋ္ဌာန်းကျောင်း အတွင်းသို့ မခေါ်အပို ဖော်မလိုဘဲ တစ်ကိုယ်တည်းပင် ကပ်ဝင်၍ နေသော, ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိတို့၏ စွမ်းအားဖြင့် ပယ်ရှားအပ်ပြီးသော ကိလေသာ ရှိသဖြင့် အလွန်ငြိမ်သက် တည်ကြည်သော စိတ်ဓာတ် ရှိသော, ခန္ဓာ (၅)ပါး ရုပ်နာမ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ဖြစ်ပုံ ပျက်ဟန် အချက်မှန်ကို နက်သန်စေ့ငု ကြည့်ရှုလျက် ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းကို အစဉ်အတိုင်း စီးဖြန်းလျက်ရှိသော ယောဂါဝစရ ရဟန်းတော်၏ သန္တာန်၌ ကာမဂုဏ် ထူထပ်သည့် လူနတ်တို့၏ မွေ့လျော်ပုံ အပျော်မျိုးနှင့် မတူသော, လူသားတို့၏ သာမန် ဒါန သီလ ကုသိုလ်ထက် မြင့်မြတ်သည့် ဈာန်ချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာကို မှီနေသည့်အတွက်ကြောင့် ဝိဝေကရတိ နေက္ခမ္မရတိဟု ခေါ်ဆိုအပ်သော အမာနုသီ အမည်ရသော ဝိပဿနာဉာဏ်နှင့် ယှဉ်သော မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်ခြင်း ရတိတရားသည် ဖြစ်ပေါ်၍ လာပေ၏။

အကြင်အကြင် ရုပ်အဖို့ နာမ်အဖို့မှ ဥပါဒါနက္ခန္ဓာ (၅)ပါးတို့၏ ဖြစ်ခြင်း ပျက်ခြင်း ဥဒယ-ဝယ သဘောကို လက္ခဏာတင်ကာ ရှုပွားသုံးသပ်၏၊ ထိုသို့ သုံးသပ်တိုင်းသော ရုပ်နာမ်အဖို့မှ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိ ပါမောဇ္ဇတရားကို ရရှိနိုင်သည်သာ ဖြစ်၏။ ဝိပဿနာဘာဝနာ၌ မွေ့လျော်ပျော်ပိုက် အနှစ်ခြိုက်ကြီး နှစ်ခြိုက် နေသော ထိုပီတိပါမောဇ္ဇတရားသည် ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့၏ ဖြစ်ပုံ ပျက်ပုံ အလုံးစုံကို အကုန်အစင် ထင်ထင်လင်းလင်း ရှင်းရှင်းကြီး သိမြင်ကြကုန်သော ပညာရှိသူတော်ကောင်းတို့၏ မသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ်ကြီးကို မုချပိုင်ပိုင် ရခြင်း ရောက်ခြင်း၏ အကြောင်းရင်းစစ် ဧကန်ပင် ဖြစ်သောကြောင့် မသေရာ အမတ အမည်ရသည့် အမြိုက်တရားကြီးပါပေတည်း။ (မဟာဋီ၊၂၊၄၃၁။ မ၊ဋီ၊၃၊၃၈၃ အဖွင့်များနှင့် အညီ ဘာသာပြန်ထားသည်။)

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads