တက္ကသိုလ်ဆုမြိုင်
From Wikipedia, the free encyclopedia
တက္ကသိုလ်ဆုမြိုင်(၁၉၁၄-၁၉၈၄)
တက္ကသိုလ်ဆုမြိုင်ဟု ထင်ရှားသော သတင်းစာဆရာ၊ စာရေးဆရာ၊ ကျောင်းဆရာ ဦးဆုမြိုင်ကို ၁၉၁၄ ခု၊ ဇူလိုင်လ ( ၈ ) ရက်နေ့တွင် မကွေးတိုင်း နတ်မောက်မြို့၌ အဖ အထက်တန်း ရှေ့နေကြီး ဦးမင်းဇင်၊ အမိ ဒေါ်ဒေါ်ချစ်တို့က ဖွားမြင်သည်။ မွေးချင်း ( ၁၃ ) ယောက်တွင် သတ္တမမြောက်သား ဖြစ်သည်။ နတ် မောက်မြို့ ဒီပင်္ကရာကျောင်း ဆရာတော်ဦးသောဘိတထံတွင် စတင်ပညာသင်ကြားသည်။ ထို့နောက် ၁၉၂၈ ခုနှစ်တွင် ပျော်ဘွယ်မြို့ အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ကြားခဲ့ရာ ၁၉၃၂ ခုနှစ်တွင် ( ၁၀ ) တန်း အောင်မြင်သည်။ ရန်ကုန်တက္ကသိုလ်တွင် ပညာဆက်လက်သင်ကြားပြီး ၁၉၃၈ ခုတွင် ဝိဇ္ဇာဘွဲ့ ( B.A ) ရရှိခဲ့သည်။ တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် ၁၉၃၆ ခုနှစ်မှစ၍ စာပေနှင့် စာနယ်ဇင်းလောကသို့ဝင်ရောက်ခဲ့သည်။ သူရိယသတင်းစာ သတင်းထောက်၊ ရန်ကုန် တက္ကသိုလ် စစ်ကိုင်းကျောင်းဆောင် သဟာယအဖွဲ့က ထုတ်ဝေသော စစ်ကိုင်းဂုဏ်ရည် မဂ္ဂဇင်း အယ်ဒီတာ စသည်ဖြင့် ဆောင်ရွက်ခဲ့သည်။ ထို့ နောက်တိုးတက်ရေး၊ နဂါးနီ၊ အိုးဝေ၊ ဘားမားဂျာနယ်တို့တွင် ဆောင်းပါးများကို ရေးသားရင်း ဆယ်သန်းသတင်းစာ၌ အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်ဆုမြိုင်၏ ပထမဆုံး စာအုပ်ဖြစ်သော ‘လွတ်လပ်ရေးတိုက်ပွဲ’ အမည်ကို နဂါးနီစာအုပ်အသင်းက ထုတ်ဝေခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် မိတ္ထီလာမြို့ အမျိုးသား အထက်တန်းကျောင်း၌ အမျိုးသားကျောင်းဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်လျက် ၁၉၄၀ ပြည့်ကာလ အတွင်း ‘ရောင်နီ’ ၊ ‘ထောင်ထွက်ကြီး’ စသည့် ဝတ္ထုများကို ရေးသားထုတ်ဝေခဲ့သည်။ တက္ကသိုလ်ဆုမြိုင်သည် တော်စတွိုင်း၏ ဝတ္ထုများကိုလည်း ဘာသာပြန်သည်။ ‘ထူးတဲ့ကိုး’ ၊ ‘နည်း ၁၀၈’၊ ‘နည်း ၉၉’ စသည့် ကျမ်းများကိုလည်း ရေးသားပြုစုခဲ့သည်။ ဦးအာဏ ကလောင်အမည်နှင့် ‘သင့်ဘဝခရီးစဉ်’ အမည်ရှိ စာအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့သည်။ ဦးဆုမြိုင်သည် ဒုတိယကမ္ဘာစစ်ကာလအတွင်း နတ်မောက်မြို့တွင် အင်္ဂလိပ်-မြန်မာ ဆယ်တန်းကျောင်းကို ဖွင့်လှစ်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် နတ်မောက်မြို့၌ပင် ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် နိုင်ငံတော် တိုးမြှင့်ကျောင်းကို တည်ထောင်ခဲ့သည်။ ၁၉၄၈ မှ ၁၉၅၅ ခုနှစ်အထိ ထိုကျောင်း၌ပင် ကျောင်းအုပ်ဆရာကြီး အဖြစ် အမှုထမ်းသည်။ ၁၉၅၈ ခုနှစ်တွင် နတ်မောက်မြို့ အရှေ့ပိုင်း ပါလီမန် အမတ်အဖြစ် အရွေးခံရသည်။ ဦးဆုမြိုင်သည် နတ်မောက်မြို့ ဒီပင်္ကာရာ ကျောင်းတိုက် ဆရာတော် ဦးဥတ္တရ ၏ ခမည်းတော်လည်း ဖြစ်သည်။ ဦးဆုမြိုင်သည် ၁၉၈၄ ခု၊ စက်တင်ဘာလ ( ၂၆ ) ရက်၊ ဗုဒ္ဓဟူးနေ့တွင် မကွေးမြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်သန်းတင်နှင့် သားတစ်ယောက် ကျန်ရစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.