စေးပျစ်သော အရည် From Wikipedia, the free encyclopedia
ဆီသည် နန်းပိုလာ(nonpolar) ဓာတ်ဝတ္ထုဖြစ်၍ ပတ်ဝန်းကျင်အပူချိန်၌ စေးပျစ်သော အရည် ဖြစ်သည်။ မောလီကျုဂုဏ်သတ္တိအရ ရေနှင့် ဆန့်ကျင်သော သဘောသဘာဝရှိပြီး အခြားသော ဆီများနှင့် အလွယ်တကူ ရောနှောနိုင်သည့် ဂုဏ်အင်ရှိသည်။ ဆီတွင် ကာဘွန်နှင့် ဟိုက်ဒရိုဂျင် ပါဝင်မှုများ၍ အများအားဖြင့် မီးလောင်လွယ်ကာ၊ မျက်နှာပြင် သွက် (surface active) သည်။
ဆီကို ယေဘုယျအားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုသောအခါ ဖွဲ့စည်းတည်ဆောက်ပုံအားဖြင့်၊ ဂုဏ်သတ္တိအားဖြင့်၊ အသုံးချပုံအားဖြင့် ဆက်စပ်မှုမရှိနိုင်သော ဓာတုဒြပ်ပေါင်း အမျိုးအစားများ ပါဝင်လာသည်။ ဆီကိုရရှိထုတ်ယူနိုင်သော ဇစ်မြစ်များမှာ တိရစ္ဆာန်၊ ဟင်းသီးဟင်းရွက် သို့မဟုတ် ရေနံဓာတုပစ္စည်းမှ ဖြစ်နိုင်သည်။ ဆီသည် အငွေ့ပြန်လွယ်နိုင် (volatile) သည် (သို့) အငွေ့အလွယ်တကူမပြန်နိုင် (non-volatile) သည်လည်းရှိသည်။ ၎င်းကို အစာအတွက် (ဥပမာ- သံလွင်ဆီ)၊ လောင်စာအတွက် (ဥပမာ- အပူပေးဆီ)၊ ဆေးဘက်ရည်ရွယ်ချက်များအတွက် (ဥပမာ- တွင်းဆီ (mineral oil))၊ ချောဆီအတွက် (ဥပမာ- စက်ဆီ(motor oil)) နှင့် သုတ်ဆေးများ၊ ပလတ်စတစ် အမျိုးအစားများစွာ ထုတ်လုပ်ခြင်းတို့အတွက်နှင့် အခြား ပစ္စည်းများအတွက် အသုံးပြုသည်။ အထူးပြင်ဆင်ထားသည့် ဆီကို အချို့သော ဘာသာရေးအခမ်းအနားများနှင့် ထုံးတမ်းစဉ်လာပွဲများတွင် ဆီမန်းအဖြစ် အသုံးပြုကြသည်။
အော်ဂဲနစ်ဆီများကို သဘာဝ ဇီဝဖြစ်စဉ်များမှတဆင့် အပင်များ၊ တိရစ္ဆာန်များနှင့် အခြား သက်ရှိများက မှတ်သားလောက်သော ဇီဝကွဲပြားမှု(diversity)နည်းဖြင့် ထုတ်လုပ်သည်။ ဆီ(oil)ကို ဓာတ်ပစ္စည်းများ ပေါင်းစပ်သော အရောအနှောကို ရည်ညွှန်းနေစဉ်၊ သွေးဆီ(lipid)မှာမူ ဖက်တီးအက်ဆစ်(fatty acids)၊ စတီးရွိုက်(steroids)နှင့် သက်ရှိများက ထုတ်လုပ်သော ဆီများတွင် မကြာခဏ တွေ့ရသည့် အလားတူ ဓာတုပစ္စည်းများအတွက် သိပ္ပံအခေါ်အဝေါ် ဖြစ်သည်။ အော်ဂဲနစ်ဆီများတွင် သွေးဆီကလွဲ၍ ပရိုတိန်းပါသော ဓာတုပစ္စည်းများ၊ (သာမန်အပူချိန်၌ အတုံးဖြစ်သော ဆီတူ(oil-like)ဂုဏ်သတ္တိရှိသော ဒြပ်ပေါင်းအမျိုးအစား ဖြစ်သည့်) ဖယောင်းများ နှင့် အယ်လကာလွိုက်များ ပါဝင်သည်။
သွေးဆီများကို သက်ရှိများက ၎င်းတို့ကို ပြုလုပ်ပုံ၊ ၎င်းတို့၏ ဓာတ်တည်ဆောက်ပုံနှင့် ဆီများနှင့် နှိုင်းစာလျှင် ၎င်းတို့၏ ရေတွင် ကန့်သတ်ရှိသော ပျော်ဝင်စွမ်း(solubility)တို့အားဖြင့် အမျိုးအစား ခွဲသည်။ ၎င်းတို့တွင် ကာဗွန် နှင့် ဟိုက်ဒရိုဂျင် ပါဝင်မှုမြင့်မားပြီး အခြားအော်ဂဲနစ်ဒြပ်ပေါင်းများနှင့် ဓာတ်သတ္တုများနှင့် နှိုင်းယှဉ်ပါက အောက်စီဂျင် သိပ်မများပါ။ ၎င်းတို့သည် နန်းပိုလာ(non-polar)မော်လီကျူးများ အတော်လေး ဖြစ်တန်ရာသော်လည်း၊ ဖော့စဖော့သွေးဆီ(phospholipids)နှင့် စတီးရွိုက်များမှာ ပါသည့်အတိုင်း၊ ပိုလာနှင့် နန်းပိုလာ အပိုင်းနှစ်ပိုင်းလုံးတွင် ပါရှိနိုင်သေးသည်။
“ရေနံဓာတုပစ္စည်းများ”(petrochemicals)ဟု ပေါင်းရုံးခေါ်ဝေါ်သော ရေနံစိမ်း သို့မဟုတ် ရေနံ နှင့်၎င်းကို သန့်စင်သောအခါ ရရှိသည့် ရေနံနွယ်အစုဝင်များသည် ခေတ်သစ်စီးပွားရေးတွင် အဓိကအရင်းအမြစ်များ ဖြစ်ကြသည်။ ရေနံစိမ်းသည် ရှေးဟောင်း ကျောက်ဖြစ်အော်ဂဲနစ်ပစ္စည်းများ(ancient fossilized organic materials)မှ အသွင်ပြောင်း ဆင်းသက်လာသည်။ ရေမျောကောင်(zooplankton)နှင့် ရေညှိ(algae)ကဲ့သို့သော ရှေးကျောက်အော်ဂဲနစ်ပစ္စည်းများကို ဘူမိဓာတု(geochemical)ဖြစ်စဉ်များက ဆီအဖြစ်သို့ ပြောင်းပေးလိုက်ခြင်း ဖြစ်သည်။[2] တွင်းထွက်ဆီ(mineral oil)ဟူသော အမည်သည် အခေါ်အဝေါ်မှားနေသည်။ အဘယ်ကြောင့်ဆိုသော် သတ္တုဓာတ်များသည် အပင်နှင့် တိရစ္ဆာန်များမှာကဲ့သို့ ဆီ၏ အရင်းအမြစ် အမှန်မဟုတ်၍ ဖြစ်သည်။ တွင်းထွက်ဆီ(သတ္တုဓာတ်မှရသောဆီ)သည် အော်ဂဲနစ် ဖြစ်သည်။ သို့သော် အော်ဂဲနစ်ဆီ ဖြစ်ရမည့်အစား တွင်းထွက်ဆီအဖြစ် သတ်မှတ်ခွဲခြားထားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ အော်ဂဲနစ် ဖြစ်လာသည့် ရင်းမြစ်သည် ရှည်ကြာဝေးကွာလှပြီး (ရှာဖွေတွေ့ရှိသော ခေတ်ကို မသိနိုင်)၊ ကျောက်များ၏ ဝန်းကျင်၊ မြေအောက် ခိုပေါက်များ(underground traps)နှင့် သဲများထဲတွင် တွေ့ရှိတူးဖော်ရသောကြောင့် ဖြစ်သည်။ တွင်းထွက်ဆီကို ရေနံစိမ်းကို အထူးပေါင်းခံချက်လုပ်ခြင်းမှ ရသော ရေနံနွယ်အမျိုးအစားများကိုလည်း စုရုံးခေါ်ဆိုရာတွင် သုံးလေ့ရှိသည်။
စားသုံးနိုင်သော ဟင်းသီးဟင်းရွက်နှင့် တိရစ္ဆာန်ဆီများနှင့် အဆီ (fats) များကိုလည်း ချက်ပြုတ်ခြင်းနှင့် အစားအစာ ပြင်ဆင်ခြင်းအတွက် အမျိုးမျိုးသော ရည်ရွယ်ချက်များအတွက် အသုံးပြုကြသည်။ အထူးသဖြင့် အစားအစာများကို ပွက်ပွက်ဆူနေသော ရေတွင် ပြုတ်သည်ထက် ဆီပူထဲတွင် ကြော်သည်က များသည်။ ဆီများကို အစားအစာများကို အနံ့ထူးစေရန်(flavoring)နှင့် အရောင်အသွေးလှပစေရန် (texture) အသုံးချသည်။ ဟင်းချက်ဆီများကို ထောပတ်၊ ဝက်ဆီ (lard) နှင့် အခြားပုံစံများကဲ့သို့သော တိရစ္ဆာန်ဆီများမှ ရရှိပြီး၊ သံလွင်၊ ပြောင်း၊ နေကြာနှင့် အခြားမျိုးစိတ်များကဲ့သို့သော အပင်ဆီများမှလည်း ရရှိသည်။
ဆံသား တောက်ပြောင်စေရန်၊ ဆံနွယ်များ မရှုပ်ထွေးစေရန်၊ ချောမွတ်စေရန် နှင့် ဆံပင် ကြီးထွားမှု တည်ငြိမ်စေရန် ဆီကို အသုံးချသည်။ ဥပမာ- ဆံပင်ပေါင်းတင်ဆေး။
သမိုင်းတစ်လျှောက်တွင်၊ ဆီကို ဘာသာရေးဆိုင်ရာကြားခံတစ်ခုအဖြစ် အသုံးပြုခဲ့သည်။ ၎င်းကို ဝိညာဉ်ရေးသန့်စင်သည့် အရာအဖြစ် မကြာခဏယူမှတ်ပြီး ဘိသိက်ပေးရန် ရည်ရွယ် အသုံးပြုသည်။ ဥပမာတစ်ခုအနေနှင့် ဘိသိက်ဆီမန်း(holy anointing oil) သည် ဂျူးဘာသာ နှင့် ခရစ်ယာန်ဘာသာ အတွက် အရေးပါသော ထုံးစံဖြစ်မြဲ အရည် ဖြစ်သည်။
ဆေးသုတ်ရာတွင် ဆီပါပါက ရောင်ခြယ်ပစ္စည်းများသည် လွယ်ကူစွာ စွဲတင်နေသဖြင့် သုတ်ဆေးများအတွက် ကြားခံပစ္စည်းအဖြစ် သင့်လျော်သည်။ လက်ရှိ ရှေးအကျဆုံး ဆီဆေးပန်းချီများသည်အေဒီ ၆၅၀ မှ ဖြစ်သည်။
ဆီများကို ဆီအအေးခံ (oil cooling) ရာ၌ အေးကူရည်များ (coolants)အဖြစ် အသုံးပြုသည်။ ဥပမာ- လျှပ်စစ်ထရန်စဖော်မာတွင် ထရမ်စဖော်မာဆီများ (heat transfer oils) ကို အေးကူရည်များ အဖြစ်လည်း၊ (အပူပေးစက် (oil heater) များတွင်) အပူပေးရန် အရည် အဖြစ်လည်း၊ စသည်ဖြင့် အသုံးချလေ့ရှိသည်။ ဆီများကို အခြား အပူလွှဲပြောင်းခြင်း ဖြစ်စဉ်များတွင်လည်း အသုံးချနိုင်သေးသည်။
ဆီများသည် နန်းပိုလာ ဖြစ်သည့်အလျောက်၊ အခြားအရာဝတ္ထုများသို့ လွယ်ကူစွာ တွယ်ကပ်လိုက်ပါခြင်း မရှိပေ။ ထို့ကြောင့် စက်မှုအသုံး ရည်ရွယ်ချက်အမျိုးမျိုးအတွက် ချောဆီအဖြစ် အသုံးပြုလေ့ရှိသည်။ တွင်းထွက်ဆီများကို ဇီဝလောင်စာဆီများထက်ပို၍ စက်ချောဆီအဖြစ် အသုံးပြုကြသည်။ ၁၉၈၀ တွင် ကန်က အသုံးပြုခွင့် ပိတ်ပင်ခဲ့သော ဝေလငါးဆီသည် အငွေ့မပျံ၊ ဖုန်မကပ်သောကြောင့် နာရီများတွင် ချောဆီအဖြစ် အသုံးပြုရန် ပိုမိုနှစ်သက်သဘောကျကြသည်။ [3]
ကြာမြင့်စွာကပင် ဝိဝါဒ ဖြစ်နေသည်မှာ ဟယ်ဘဲမှန်ပြောင်းနှင့် ဗော်ယေဂျာစုံစမ်းရေး (voyager probe) ကဲ့သို့သော နာဆာပရောဂျက်များတွင် ဝေလငါးခေါင်းထဲမှ ရသော ခေါင်းဆီခဲ (spermaceti) ကို အသုံးပြုနေဆဲ ဖြစ်သည် ဟူ၏။ ခေါင်းဆီခဲသည် လွန်ကဲသော အေးခဲဒဏ်ကို ခံနိုင်သည်။ ခေါင်းဆီခဲသည် အမှန်တကယ်တွင် ဆီနှင့်မတူဘဲ ဖယောင်းခဲနှင့် ပို၍ တူသည်။ နာဆာက ဝေလငါးဆီ သုံးနေကြောင်းကိုမူ ခိုင်မာသော သက်သေပြချက် လက်ဆုပ်လက်ကိုင် မရှိချေ။[4]
ဆီအချို့သည် အရည်ပုံစံ သို့မဟုတ် အေရိုဆောပုံစံ (aerosol form) ဖြင့် လောင်ကျွမ်းပြီး၊ အပူနှင့် အလင်းကို ထုတ်လွှတ်သည်။ ၎င်းအပူနှင့် အလင်းကို တိုက်ရိုက် အသုံးပြုလျှင်လည်း ရပြီး၊ လျှပ်စစ် သို့မဟုတ် စက်မှုလုပ်ငန်းကဲ့သို့သော အခြားစွမ်းအင်ပုံစံသို့လည်း ပြောင်းလဲ အသုံးပြုနိုင်သည်။ လောင်စာဆီအမြောက်အမြား ရရှိရန်အတွက် ရေနံစိမ်း ကိုမြေပြင်ပေါ်သို့ စုပ်တင်ပြီး၊ ရေနံတင်သင်္ဘောတင်၍ လည်းကောင်း၊ ပိုက်လိုင်း မှလည်းကောင်း ရေနံချက်စက်ရုံသို့ တင်ပို့သည်။ ၎င်းတွင် ရေနံစိမ်းမှ နေ၍ ဒီဇယ်လောင်စာ၊ (petrodiesel) အီသိန်း (နှင့် အခြားချိန်းတို(short-chain) အယ်လကိန်းများ)၊ လောင်စာဆီ (သင်္ဘောများ/မီးဖိုများတွင် စီးပွားဖြစ် အသုံးဆုံးဆီ)၊ ဓာတ်ဆီ၊ ဂျက်လောင်စာဆီ၊ ရေနံဆီ၊ ဘိုင်ဇင်(သမိုင်းအရ) နှင့် ဓာတ်ဆီငွေ့ရည်သို့ ပြောင်းသည်။ ၄၂ US gallon (၃၅ imperial gallon; ၁၆၀ litre) ရေနံစိမ်းစည်မှ ဒီဇယ် ၁၀ US gallon (၈.၃ imperial gallon; ၃၈ litre) ၁၀ US gallon (၈.၃ imperial gallon; ၃၈ litre) လောင်စာဆီ ၄ US gallon (၃.၃ imperial gallon; ၁၅ litre) ၊ ဓာတ်ဆီ ၁၉ US gallon (၁၆ imperial gallon; ၇၂ litre) အခြားထုတ်ကုန်များ ၇ US gallon (၅.၈ imperial gallon; ၂၆ litre) လောင်စာဆီကြမ်းနှင့် ဓာတ်ဆီငွေ့ရည်များအကြားအစွန်းထွက် ၃ US gallon (၂.၅ imperial gallon; ၁၁ litre) [5] နှင့် အပူပေးဆီ၂ US gallon (၁.၇ imperial gallon; ၇.၆ litre) ထွက်သည်။ ထုတ်ကုန်အမျိုးမျိုးအဖြစ်သို့ ရေနံစိမ်းတစ်စည်၏ ထုတ်လုပ်မှုသည် ၄၅ US gallon (၃၇ imperial gallon; ၁၇၀ litre) အထိ မြင့်တက်စေသည်။ လောင်စာအဖြစ် အသုံးပြုသော ဆီများ အားလုံးသည် တွင်းဆီများ မဟုတ်၊ ဇီဝဒီဇယ် (biodiesel)၊ ဟင်းရွက်ဆီလောင်စာဆီ နှင့် သံလွင်ဆီတို့လည်း သုံးနိုင်သည်။
၁၈ နှင့် ၁၉ ရာစုနှစ်များတွင် မီးအိမ်များ၌ ဝေလငါးဆီ သုံးလေ့ရှိပြီး ၎င်းကို သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်နှင့် အစားထိုးခဲ့သည်။ [6]
ရေနံစိမ်းကို အမျိုးမျိုးသော ဟိုက်ဒရိုကာဘွန် များသို့ သန့်စင်နိုင်သည်။ ရေနံဓာတုပစ္စည်းများသည် သန့်စင်ပြီးသော ရေနံစိမ်းအစုဝင်[7] များ ဖြစ်ပြီး၊ ဓာတုထုတ်ကုန်များကို ၎င်းတို့မှ ပြုလုပ်သည်။ ဆပ်ပြာ, ဓာတ်မြေဩဇာ, ဆေးဝါးများ, သုတ်ဆေး, ပလတ်စတစ်, ဒြပ်အမျှင် များနှင့် ဒြပ်ရော်ဘာတို့ အဖြစ် အသုံးပြုနိုင်သည်။
အထူးသဖြင့် စိမ်းလန်းသောဓာတုဗေဒ (green chemistry) တွင် အော်ဂဲနစ်ဆီများသည် အခြား အရေးပါသော ဓာတုကုန်ကြမ်းများ(feedstock) ဖြစ်သည်။
ဆီကြိုက်တတ်သော မြန်မာတို့၏ ဟင်းလျာများတွင် ဆီသည် မပါမဖြစ် ပါနေသောကြောင့် ဆီကို လိုအပ်သည်ထက် လွန်ကဲစွာ စားသုံးသောကြောင့် နောက်ဆက်တွဲရောဂါဝေဒနာများ ခံစားကြရသည်။ ပိုလျှံလာသော ဆီများကြောင့် အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ ကိုယ်တွင်းကလီစာများတွင် အဆီပိုများ စုပုံလာခြင်း၊ နှလုံးသွေးကြောနှင့် သွေးကြောများတွင် အဆီခဲများ ပိတ်ဆို့ခြင်း၊ ထိုသို့ သွေးကြောများ ပိတ်ဆို့ခြင်း ကြောင့် နှလုံးရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ စသည့် ဆိုးရွားသည့် ကျန်းမာရေး ပြဿနာများကို ဖြစ်စေနိုင်သည်။ အရွယ်ရောက်ပြီးသူ တစ်ဦးအတွက် တစ်နေ့တာ စားသုံးသင့်သည့် ပမာဏမှာ ၂ဝ ဂရမ် (လက်ဖက်ရည်ဇွန်း လေးဇွန်းစာခန့်)ဖြစ်သည်။ ကလေးများတွင် အဆီလိုအပ်မှု အနည်းငယ်ပိုသည့် အတွက် တစ်နေ့လျှင် လက်ဖက်ရည်ဇွန်း ငါးဇွန်းအထိ စားသုံးနိုင်သည်။ အသက် ၉ နှစ်အရွယ်အထက်တွင် လေးဇွန်းခွဲအထိ စားသုံးနိုင်သည်။ အဝလွန်သူများ၊ နှလုံးသွေးကြောကျဉ်းရောဂါရှိသူများနှင့် သွေးတွင်းအဆီဓာတ် များနေသူများဖြစ်ပါက ထိုပမာဏအောက်လျှော့၍ စားသုံးသင့်သည်။ အကြမ်းအားဖြင့် လူတစ်ဦးသည် တစ်နေ့အနည်းဆုံး လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခန့်သော ဆီကိုစားသုံးသင့်သည်။ ထို့ကြောင့် အရွယ်ရောက်ပြီးသူ တစ်ဦးအတွက် တစ်လတာအတွက် ဆီစားသုံးမှု သည် လီတာဝက် ကျော်ကျော် (ဝ ဒသမ ၆ လီတာခန့်) လိုအပ်မည်ဖြစ်သည်။[8]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.