ကလီမင့် အက်တလီ

From Wikipedia, the free encyclopedia

အက်တလီ ကလီမင့် ရစ်ချတ် (အင်္ဂလိပ်: Clement Richard Attlee; ၃ ဇန်နဝါရီ ၁၈၈၃ – ၈ အောက်တိုဘာ ၁၉၆၇) သည် ဗြိတိသျှ နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ၁၉၄၅ မှ ၁၉၅၁ အထိ ဗြိတိသျှဝန်ကြီးချုပ်ရာထူး ထမ်းဆောင်ခဲ့သူဖြစ်ကာ ၁၉၃၅ မှ ၁၉၅၅ အထိ လေဘာပါတီကို ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။

မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် ဗြိတိသျှနန်းရင်းဝန် ကလီမင့် ရစ်ချတ်အက်တလီ အမည်သည် မြန်မာ့ခေါင်းဆောင်ကြီးများ ဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နုတို့၏ အမည်များ နှင့်အတူ ထင်ရှားခဲ့လေသည်။ အဆိုပါ မြန်မာခေါင်းဆောင်ကြီးများနှင့် အက်တလီတို့ ချုပ်ဆိုခဲ့ကြသည့် အောင်ဆန်း-အက်တလီ စာချုပ်‎ နှင့် နု-အက်တလီ စာချုပ်တို့မှာ မြန်မာ့ လွတ်လပ်ရေးသမိုင်းတွင် ထင်ရှားသောကြောင့်ဖြစ်၏။

ကလီမင့် ရစ်ချတ်အက်တလီသည် ၁၈၈၃ ခုနှစ်တွင် ဖွားမြင်၍ အောက်စဖို့တက္ကသိုလ်တွင် ပညာသင်ကြားခဲ့လေသည်။ ၁၉ဝ၅ ခုနှစ်တွင် ဝတ်လုံဘွဲ့ရပြီးနောက် သုံးနှစ်ခန့် အမှုလိုက်နေခဲ့၏။ ၁၉ဝ၇ ခုနှစ်တွင် ဖေဗီယန်အသင်းသို့ ဝင်ခဲ့လေသည်။ ၁၉၁၃ ခုနှစ်တွင် လန်ဒန် ဘောဂဗေဒကျောင်းတွင် လူမှုရေးပညာကထိကအဖြစ် ဆောင်ရွက်ခဲ့သည်။ ပထမကမ္ဘာစစ်အတွင်းက ဂါလစာပိုလီ၊ မက်ဆိုပိုတေးမီးယားနှင့် ပြင်သစ်နိုင်ငံစစ်မျက်နှာတို့တွင် သံချပ်ကာကားတပ်၌အမှုထမ်းခဲ့ရာ၊ နှစ်ကြိမ်တိုင်တိုင် ဒဏ်ရာရရှိခဲ့၏။ ၁၉၁၉ ခုနှစ်တွင် ဗိုလ်မှူး အဖြစ် အမှုထမ်းနေရာမှ အငြိမ်းစားယူလိုက်လေသည်။ ၁၉၁၉-၂ဝ ခုနှစ်တွင် စတက်ပနီးမြို့တော်ဝန်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ၁၉၂၂ ခုနှစ်မှစ၍ လိုင်းမဟောက်စနယ်အတွက် လေဘာ(အလုပ်သမား)အဖွဲ့၏ ကိုယ်စားလှယ် လွှတ်တော်အမတ် ဖြစ်လာလေသည်။

၁၉၂၄ ခုနှစ် ပထမ လေဘာအစိုးရအဖွဲ့တွင် အက်တလီသည် စစ်ဖက်ဆိုင်ရာ လက်ထောက် အတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့လေသည်။ ၁၉၂၉ ခုနှစ်မှ ၁၉၃၁ ခုနှစ်အထိ သက်တမ်းရှည်ခဲ့သော လေဘာအစိုးရအဖွဲ့တွင် လန်ကက်စတာ နယ်စား ဝန်ကြီးအဖြစ်လည်းကောင်း၊ စာတိုက်ဝန်ကြီးအဖြစ် လည်းကောင်း ခန့်အပ်ခြင်းခံရသည်။ ထိုနှစ်များအတွင်း၌ပင် လေဘာအဖွဲ့၏ ဒုတိယခေါင်းဆောင် ဖြစ်လာခဲ့လေသည်။ ၁၉၃၅ ခုနှစ်တွင် အတိုက်အခံခေါင်းဆောင် ဖြစ်လာခဲ့ပြန်၏။ ၁၉၄ဝ ပြည့်နှစ်တွင် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းသောအခါ အက်တလီသည် တံဆိပ်တော်ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့ရ၏။ ၁၉၄၂ ခုနှစ်တွင် ဒိုမီနီယန်နိုင်ငံများဆိုင်ရာ ဝန်ကြီးအဖြစ် လည်းကောင်း၊ ထို့နောက်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ကောင်စီ ဥက္ကဋ္ဌဝန်ကြီးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ရပြန်သည်။ ၁၉၄၅ ခုနှစ်တွင် လေဘာ(အလုပ်သမား) အစိုးရအဖွဲ့တက်လာသောအခါ အက်တလီသည် ဝန်ကြီးချုပ်ဖြစ်လာလေသည်။

၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း အမှူးရှိသော မြန်မာခေါင်းဆောင်များသည် လွတ်လပ်ရေး အတွက် အင်္ဂလန်သို့သွားပြီးလျှင် အက်တလီအစိုးရနှင့် အရေးဆိုကြရသည်။ တစ်နှစ်အတွင်း မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရန် မြန်မာအမျိုးသားခေါင်းဆောင်များနှင့် ဗြိတိသျှအစိုးရတို့၏ သဘောတူညီချက်များ ပါသည့် အောင်ဆန်း-အက်တလီ စာချုပ် ကို ချုပ်ဆိုခဲ့သည်။ အက်တလီ အစိုးရက မြန်မာတို့တောင်းဆိုသော လွတ်လပ်ရေးကို အသာတကြည်ပေးအပ်ရန် သဘောတူပြီးလျှင် အာဏာလွှဲပြောင်းရေးအတွက် နု-အက်တလီ စာချုပ် ကို လက်မှတ်ရေးထိုးခဲ့ရကား အက်တလီ၏အမည်မှာ မြန်မာ့လွတ်လပ်ရေး သမိုင်းတွင် ထင်ရှားရစ်လေတော့မည်ဖြစ်သည်။

၁၉၅ဝ ပြည့်နှစ် နှစ်ဦးတွင် ကျင်းပခဲ့သော ရွေး ကောက်ပွဲကြီး၌လည်း လေဘာပါတီတွင် အနိုင်ရရှိနေသေးသဖြင့် လေဘာအစိုးရအဖွဲ့သည် တည်မြဲလျက်ရှိပြန်ရာ အက်တလီပင် ဝန်ကြီးချုပ်အဖြစ် ဆက်လက် ဆောင်ရွက်ခဲ့ရပြန်လေသည်။ ၁၉၅၁ ခုနှစ်တွင် ရာထူးမှထွက်လိုက်ပြီးနောက် ဒုတိယ အယ်လစ်ဇဗက် ဘုရင်မက ၁၉၅၅ ခုနှစ်တွင် သူ့ကို အားဘွဲ့ဖြင့် ချီးမြှင့်လေသည်။

မစ္စတာအက်တလီသည် ၁၉၅၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရန်ကုန်မြို့မြို့တော်ခန်းမကြီးအာရှဆိုရှယ်လစ်ညီလာခံ ကျင်းပခဲ့စဉ်က ထိုညီလာခံသို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံသို့ ရောက်ခဲ့ဖူးသည်။ အားအက်တလီသည် ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့၌ အသက် ၈၄ နှစ်အရွယ်တွင် ကွယ်လွန်သွားလေသည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.