[1]
(၁) အာရုံ။ (က) စိတ်စေတသိက်တရား–တို့သည် ဆွဲကိုင်အပ် ထောက်မှီအပ်သောတို့၏ ကျက်စားရာဖြစ်သော-တို့၏ လာရောက် မွေ့လျော်ရာ ဖြစ်သော-တရား၊ (ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ ဟူသော အာရုံခြောက်ပါးတည်း။) [2]
အာရမ္မဏပစ္စည်းလည်း ကြည့်ပါ။
- ထိုခြောက်ပါးတို့တွင် အဖြူရောင် အနီရောင် အဝါရောင်စသော အဆင်းရောင် အမျိုးမျိုးသည် ရူပါရုံမည်၏၊
- သက်ရှိသတ္တဝါနှင့် သက်မဲ့အရာဝတ္ထုတို့၏ အသံအမျိုးမျိုးသည် သဒ္ဒါရုံမည်၏၊
- ကောင်းကောင်းဆိုးဆိုး အနံ့အမျိုးမျိုးသည် ဂန္ဓာရုံမည်၏၊
- ချို, ချဉ်, စပ်, ငန်, ခါး, အဖန်ဟူသော အရသာခြောက်ပါးသည် ရသာရုံမည်၏၊
- ပထဝီ, တေဇော, ဝါယော ဟူသော တွေ့ထိ၍ ရကောင်းသော ဓာတ် သုံးပါးသည် ဖောဋ္ဌဗ္ဗာရုံမည်၏၊
- ထိုအာရုံငါးမျိုးမှ အလွတ်ဖြစ်သော ပသာဒရုပ်, သုခုမရုပ်, စိတ်, စေတသိက်, နိဗ္ဗာန်, ပညတ်တို့သည် ဓမ္မာရုံမည်၏။ ([3]
ထိုအာရုံ ခြောက်ပါးကိုပင် ကာမအာရုံ, မဟဂ္ဂုတ်အာရုံ, လောကုတ္တရာ အာရုံ, ပညတ် အာရုံ ဟု၎င်း၊
အတိတ် အာရုံ, အနာဂတ် အာရုံ, ပစ္စုပ္ပန်အာရုံ, ကာလဝိမုတ်အာရုံဟု၎င်း၊
အဇ္ဈတ္တအာရုံ, ဗဟိဒ္ဓအာရုံ, အဇ္ဈတ္တဗဟိဒ္ဓအာရုံ, နဝတ္တဗ္ဗအာရုံဟု၎င်း နာမည်အမျိုးမျိုးဖြင့် ထပ်မံခွဲခြားရာ၏။
- ထိုတွင် ကာမစိတ် စေတသိက် ရုပ်ဟုဆိုအပ်သော ကာမာဝစရ တရားဖြစ်သော အာရုံခြောက်ပါးသည် ကာမ အာရုံမည်၏၊ ပရိတ္တာရုံဟုလည်း ခေါ်၏။
ရူပါဝစရ အရူပါဝစရ စိတ် စေတသိက်ဟူသော မဟဂ္ဂုတ်တရားဖြစ်သော ဓမ္မာရုံသည် မဟဂ္ဂုတ်အာရုံမည်၏။
လောကုတ္တရာစိတ် စေတသိက် နိဗ္ဗာန်ဟုဆိုအပ်သော ဓမ္မာရုံသည် လောကုတ္တရာအာရုံမည်၏၊ အပ္ပမာဏ အာရုံဟုလည်းခေါ်၏။
- ကသိုဏ်းပညတ် ဆယ်ပါး,
- အသုဘပညတ်ဆယ်ပါး,
- ကာယဂတာ သတိ၏ အာရုံဖြစ်သော ဆံပင် အမွေးစသော ကောဋ္ဌာသပညတ်,
- အာနာပါနဿတိ၏အာရုံ ဖြစ်သော ထွက်သက်ဝင်သက်ပညတ်,
- မေတ္တာ၏အာရုံဖြစ်သော ပိယမနာပသတ္တဝါပညတ်,
- ကရုဏာ၏ အာရုံဖြစ်သော ဒုက္ခိတသတ္တဝါ ပညတ်,
- မုဒိတာ၏ အာရုံဖြစ်သော သုခိတ သတ္တဝါပညတ်,
- ဥပေက္ခာ၏ အာရုံဖြစ်သော မဇ္ဈတ္တသတ္တဝါပညတ်,
- အာကာသာနဉ္စာယတနစိတ်၏ အာရုံဖြစ်သော ကောင်းကင်ပညတ်,
- အာကိဉ္စညာယတနစိတ်၏ အာရုံဖြစ်သော နတ္ထိဘောပညတ်စသော (ပရမတ္ထဘုရားလေးပါး၌ မပါဝင်သော) ဓမ္မာရုံတို့သည် ပညတ် အာရုံမည်၏၊
- ကုန်လွန်ချုပ်ပျောက်ခဲ့ပြီးသော စိတ် စေတသိက် ရုပ်ဟုဆိုအပ်သော အာရုံ ခြောက်ပါးသည် အတိတ်အာရုံမည်၏၊
- ဖြစ်လတ္တံ့သော စိတ်စေတသိက်ရုပ်ဟူသောအာရုံ ခြောက်ပါးသည် အနာဂတ်အာရုံမည်၏၊
- ယခု ဖြစ်ဆဲ (ဥပါဒ်, ဌီ, ဘင် ခဏသုံးပါးသို့ရောက် ဆဲ)ဖြစ်သော စိတ်စေတသိက်ရုပ်ဟူသော အာရုံခြောက်ပါးသည် ပစ္စုပ္ပန်အာရုံမည်၏၊
- နိဗ္ဗာန် နှင့် ပညတ်ဟူသော ဓမ္မာရုံတို့သည် ထိုအတိတ် အနာဂတ် ပစ္စုပ္ပန်ကာလသုံးပါးမှ အလွတ်ဖြစ်သောကြောင့် ကာလဝိမုတ်အာရုံမည်၏။
- သက်ရှိသတ္တဝါတို့ သန္တာန်၌ဖြစ်သော စိတ် စေတသိက် ရုပ် ဟူသော အာရုံခြောက်ပါးကိုပင် အဇ္ဈတ္တအာရုံ (မိမိသန္တာန်၌ဖြစ်သောအာရုံ) ဟုလည်းကောင်း,
- ဗဟိဒ္ဓအာရုံ(အခြားပုဂ္ဂိုလ်သန္တာန်၌ ဖြစ်သောအာရုံ)ဟုလည်းကောင်း,
- ထိုနှစ်ရပ်ပေါင်းစပ်၍ အဇ္ဈတ္တဗဟိဒ္ဓအာရုံဟု၎င်း ခေါ်၏။ မည်သည့်သတ္တဝါသန္တာန်၌မျှ မဖြစ်မပါဝင်သော အနိန္ဒြိယဗဒ္ဓရုပ် (သက်မဲ့ဖြစ်သော သစ်ပင် တော တောင် ရေ မြေ စသောရုပ်)ဟူသော အာရုံခြောက်ပါးသည်လည်းကောင်း,
- နတ္ထိဘောပညတ် မှတစ်ပါး ကျန်သော ပညတ်အားလုံးနှင့် နိဗ္ဗာန် ဟူသော ဓမ္မာရုံတို့သည်၎င်း ဗဟိဒ္ဓအာရုံများတည်း။
- နတ္ထိဘောပညတ်ကား အဇ္ဈတ္တဗဟိဒ္ဓဟု မဆိုကောင်းသောကြောင့် နဝတ္တဗ္ဗအာရုံ မည်၏။ [4]
ထိုအာရုံခြောက်ပါးကိုပင် ဒိဋ္ဌ, သုတ, ဃာယိတ, သာယိတ, ဖုဋ္ဌ, ဝိညာတဟု ထပ်မံ ခွဲခြားရာ၏။
- ထိုတွင် ရူပါရုံသည် စက္ခုဝိညာဏ်ဖြင့် မြင်အပ်သောကြောင့် ဒိဋ္ဌအာရုံမည်၏။
- သဒ္ဒါရုံသည် သောတဝိညာဏ်ဖြင့် ကြားအပ်သောကြောင့် သုတအာရုံမည်၏။
- ဂန္ဓာရုံသည် ဃာနဝိညာဏ်ဖြင့် နမ်းရှူအပ်သောကြောင့် ဃာယိတအာရုံ မည်၏။
- ရသာရုံသည် ဇိဝှါဝိညာဏ်ဖြင့် သာယာအပ် လျက်အပ်သောကြောင့် သာယိတအာရုံမည်၏။
- ဖောဋ္ဌဗ္ဗာရုံသည် ကာယဝိညာဏ်ဖြင့် တွေ့ထိအပ်သောကြောင့် ဖုဋ္ဌအာရုံမည်၏။
- ဓမ္မာရုံအပါအဝင် အာရုံခြောက်ပါးလုံးသည်ပင် မနောဝိညာဏ်ဖြင့် သိအပ်သောကြောင့် ဝိညာတအာရုံမည်၏။
ထို့ပြင် ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူသော အာရုံသုံးမျိုးသည် ဆိုင်ရာဆိုင်ရာပသာဒ၏ မှီရာမဟာဘုတ်သို့ တွေ့ထိ ဆိုက်ရောက်မှသာ ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်တို့ဖြင့် သိအပ်သောကြောင့် မုတ အာရုံလည်းမည်၏။ ထို့ကြောင့် ဒိဋ္ဌ, သုတ, မုတ, ဝိညာတဟု လေးချက် ခွဲခြားရသေး၏။ [5]
ပါဠိတော်နှင့် ရှေးအဋ္ဌကထာမှ အလွတ်ဖြစ်သော နည်းအားဖြင့် ဒိဋ္ဌ, သုတ, ဥဘယသမ္မန္ဓ သုံးမျိုး ခွဲနိုင်သေး၏။
ထိုတွင် ကိုယ်တိုင်ဒိဋ္ဌ တွေ့ကြုံခံစားရသော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူသော အာရုံငါးမျိုးကို ဒိဋ္ဌအာရုံဟုခေါ်၏။
ကိုယ်တိုင်မဟုတ်ပဲ တဆင့် ကြားရသော ထိုအာရုံငါးမျိုးကိုပင် သုတ အာရုံဟု ခေါ်၏။
ဒိဋ္ဌနှင့်သုတ နှစ်မျိုးရောစပ်၍ သိရသော ထိုအာရုံနှစ်မျိုးကို ဥဘယသမ္ဗန္ဓ အာရုံဟုခေါ်၏။
“နောင်အနာဂတ်ကာလမှာ ပွင့်တော်မူမည့် ဘုရားရှင်သည် ဤရုပ်အဆင်းသဏ္ဌာန်တော်မျိုး ဖြစ်လိမ့်မည်”ဟု မိမိ မျက်မြင်ဒိဋ္ဌဖြစ်သောအဆင်းရူပါရုံနှင့် တဆင့် ကြားသုတဖြစ်သော အနာဂတ် ဘုရားရှင်၏ အဆင်းရူပါရုံကို ဆက်သွယ်ပေါင်းစပ်၍ ဥဘယသမ္ဗန္ဓဟု ခေါ်ဝေါ်ခြင်း ဖြစ်သည်။ [6][7]
- ပဉ္စဒွါရိကစိတ်တို့သည် စိတ်ဓာတ်သတ္တိ များစွာမရှိကြ၍ တိုက်ရိုက်ထင်လာသော ပစ္စုပ္ပန်အာရုံတစ်မျိုးကိုသာ အာရုံပြု၏။
- မနောဒွါရိက စိတ်များသည် အလွန် အစွမ်းသတ္တိထက်ကြ၍ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလဝိမုတ် ဖြစ်သော အာရုံ၆ပါးလုံးကို အာရုံပြုနိုင်၏။ ဈာနဝီထိ, မဂ္ဂဝီထိ, ဖလသမာပတ္တဝီထိ, နိရောဓသမာပတ္တိဝီထိ, အဘိညာဝီထိ သဗ္ဗညုတဉာဏဝီထိများသည် မနောဒွါရိကဝီထိများ ဖြစ်ကြ၏။
- လောကုတ္တရာတရားသည် အလွန်နက်နဲ၍ မနောဒွါရာဝဇ္ဇန်းနှင့် ဉာဏ်နှင့်ယှဉ်သောစိတ်တို့ကသာ လောကုတ္တရာကို အာရုံပြုနိုင်သည်။
- “မဟာကြိယာ ဉာဏသမ္ပယုတ်-၄၊ ရူပကြိယာပဉ္စမဈာန်အဘိညာဉ်-၁၊ မနောဒွါရာဝဇ္ဇန်းသည် အာရုံအားလုံးကို သိ၏”ဟု ဆိုသော်လည်း ဘုရားရှင်၏ သန္တာန်၌ ဖြစ်ခိုက်၌သာ ဖြစ်နိုင်၏။ အလုံးစုံ အကုန်သိနိုင်မှုမှာ သဗ္ဗညုတအရာသာ ဖြစ်သည်။ သဗ္ဗုညုတဉာဏ်ဟူသည်လည်း မဟာကြိယာဉာဏသမ္ပယုတ်စိတ်၌ရှိသော ပညာစေတသိက်တည်း။ သဗ္ဗညုတဉာဏ် ဝီထိကျသောအခါ ဝုဋ္ဌောက မနောဒွါရာဝဇ္ဇန်း ကိစ္စတတ်သောကြောင့် ဝုဋ္ဌောလည်း သဗ္ဗညုတဉာဏ် သိသမျှ ဆင်ခြင်နိုင်ပေသည်။ ထို့အတူ အဘိညာဉ်လည်း ပုဗ္ဗေနိဝါနုဿတိ, အနာဂတံသ အဘိညာဉ်ဖြစ်သောအခါ မိမိသူတပါး၏ ရှေ့နောက်အဖြစ်အပျက် အားလုံးကို သိနိုင်၏။ ထိုစိတ် ၆-ပါးသည် ဘုရားရှင်မှတပါး အခြားသူတို့ သန္တာန်၌ဖြစ်ခိုက်မှာ အလုံးစုံကို ကုန်စင်အောင် အာရုံမပြုနိုင်။ ပစ္စေကဗုဒ္ဓပင်သော်လည်း ပညတ်အားလုံးကို ကုန်အောင်သိတော်မမူ။[8]
ကိုးကား
အာရမ္မဏ (န) [(၁) အာ+လမ္ဗ+ယု၊ လ-ကို ရ-ပြု၊ ဗ-ကို မပြု။ (၂) အာ+မု + ယု]
တိပိဋကအဘိဓာန် အတွဲ-၄ အပိုင်း-၁
အဘိ၊ဓ၊၁၆၂-၃။ အဘိ၊ဋ္ဌ၊၁၊၁၁၃။ သင်္ဂဟ၊၄၉။)
(အဘိ၊ဓ၊၂၁၁-၃၊ ၂၇၃။ အဘိ၊ဋ္ဌ၊၁၊၄၄၇။)
(အဘိ၊ဓ၊၂၀၁။ အဘိ၊ဋ္ဌ၊၁၊၃၇၃။)
(၁) (က) (ခ) ဒုဗ္ဗလပုရိသေန ဒဏ္ဍာဒိ ဝိယ စိတ္တစေတသိကေဟိ အာလမ္ဗီယတိ, တာနိ ဝါ အာဂန္တွာ ဧတ္ထ ရမန္တီတိ အာရမ္မဏန္တိ။ ဝိဘာဝိနီ၊၁၂၉။ အာလမ္ဗိယတီတိ ဂယှတိ။ အာသဒ္ဒဿတ္ထံ ဒဿတိ အာဂန္တွာတိ။ ဧတ္ထ စ ပဌမနယေ ဥပသဂ္ဂေါ ဓာတွတ္ထာနုဝတ္တကော၊ ဂဟဏတ္ထော စ လမ္ဗဓာတု၊ အနသဒ္ဒေါ စ ကမ္မတ္ထော။ “ရူပါလမ္မဏန္တိ ဝတ္တဗ္ဗေ နိရုတ္တိနယေန ရူပါရမ္မဏသဒ္ဒသိဒ္ဓိ ဟောတိ။ ပစ္ဆိမနယေန ပန ဥပသဂ္ဂေါ ဓာတုတွတ္ထဝိသေသကော၊ ကီဠနတ္ထော စ ရမုဓာတု၊ အနသဒ္ဒေါ စ အဓိကရဏတ္ထောတိ စ ဝေဒိတဗ္ဗော။ မဏိမဉ္ဇူ၊၁၊၃၉၇-၈။ အာလမ္ဗိယတိ ဒုဗ္ဗလေန ဝိယ ဒဏ္ဍာဒိကံ စိတ္တစေတသိကေဟိ ဂယှတီတိ အာရမ္မဏံ။ ဝိဘာဝိနီ၊၂၄၁။ အတ္ထိ ရူပံ စက္ခုသမ္မဿဿ အာရမ္မဏံ။ အဘိ၊ဓ၊၁၄၆။ အာရမ္မဏဿ ဂေါစရဋ္ဌော အဘိညေယျော။ ပဋိသံ၊၁၆။ ပစ္စယာရမ္မဏံ ဩလုဗ္ဘာရမ္မဏန္တိ ဟိ ဒုဝိဓံ အာရမ္မဏံ။ ဣမသ္မိံ ပန ဌာနေ ဩလုဗ္ဘာရမ္မဏမေဝ ဓုရံ၊ ပစ္စယာရမ္မဏမ္ပိ လဗ္ဘတိယေဝ။ အဘိ၊ဋ္ဌ၊၂၊၃၈၅။ အာလမ္ဗနီယတော အာရမ္မဏံနာမ။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၂၄။ အာရမ္မဏ(ဒီ၊ဋ္ဌ၊၂၊၆၂) န္တိဩလု ဗ္ဘာရမ္မဏံ။ ဒီ၊ဋီ၊၂၊၆၇။ (အဘိ၊ဝိ၊၃၃၁။ ပဋိသံ၊၁၇၁၊ ၁၈၀။ မိလိန္ဒ၊၃၁၇။ သံ၊၃၊၁၂၈ ။ ဝိ၊ဋ္ဌ၊၁၊၁၁၄၊ ၁၉၃၊ ၂၃၃။ ဝိ၊ဋ္ဌ၊၂၊၁၆၊ ၂၅၊ ၂၆။ ၃၃၊ ၈၂၊ ၈၅၊ ၁၀၈။ ဒီ၊ဋ္ဌ၊၂၊၅၁၊ ၃၄၅။ ဒီ၊ဋ္ဌ၊၃၊၃၁။ မ၊ဋ္ဌ၊၁၊၆၊ ၃၉၊ ၇၄၊ ၁၀၉၊ ၁၃၆။ မ၊ဋ္ဌ၊၂၊၆။ မ၊ဋ္ဌ၊၃၊၁၁၉။ မ၊ဋ္ဌ၊၄၊၃၇။ သံ၊ဋ္ဌ၊၁၊၅၊ ၁၉၊ ၃၅၊ ၄၈။ သံ၊ဋ္ဌ၊၂၊၂၄၉။ အံ၊ဋ္ဌ၊၁၊၅၊ ၁၆၊ ၂၀၊ ၂၅၊ ၁၂၂။ အဘိ၊ဋ္ဌ၊၁၊၁၁၄၊ ၁၄၄၊ ၂၃၅၊ ၂၄၄၊ ၂၅၀။ အဘိ၊ဋ္ဌ၊၂၊၈၊ ၁၈၊ ၇၆။ အဘိ၊ဋ္ဌ၊၃၊၄၁၉၊ ၄၈၆။ ပဋိသံ၊ဋ္ဌ၊၁၊၂၀၇-၉၊ ၂၁၃၊ ၂၉၉။ ခုဒ္ဒက၊ဋ္ဌ၊၁၈။ မဟာနိ၊ဋ္ဌ၊၂၂၅။ သာရတ္ထ၊၁၊၇၃။ ဒီ၊ဋီ၊၁၊၁၄၉၊ ၂၁၇။ သီ၊ဋီ၊သစ်၊၁၊၁၅၁၊ ၃၈၂။ မ၊ဋီ၊၂၊၂၄၊ ၄၄။ မ၊ဋီ၊၃၊၂၂။ သံ၊ဋီ၊၂၊၁၁၈၊ ၃၇၅၊ ၃၇၇။ အံ၊ဋီ၊၁၊၂၇။ အံ၊ဋီ၊၃၊၇။ အနုဋီ၊၁၊၂၀။ အနုဋီ၊၃၊၄၃။ ဝိသုဒ္ဓိ၊ဋီ၊၂၊၂၊ ၃၉၊ ၂၉၉။)
ဆရာတော် ဦးဂရုဓမ္မ။ ကုသလကာရီ ပဋ္ဌာန်းပဉှာဝါရ ပို့ချချက်။