အသုံးပြုသူ:Soee Linn Hteik
From Wikipedia, the free encyclopedia
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (အင်္ဂလိပ်: Committee Representing Pyidaungsu Hluttaw, CRPH) သည် ၂၀၂၀ မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကို ကိုယ်စားပြုသည့် ဥပဒေပြုအဖွဲ့ဖြစ်သည်။ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ ဦးဆောင်သော ကော်မတီတွင် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးပါဝင်သည်။[1]
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း | |
---|---|
![]() | |
ကော်မတီ အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ၅ ဖေဖော်ဝါရီ ၂၀၂၁; ၃ နှစ် အကြာက (၂၀၂၁-၀၂-05) |
ယခင်အဖွဲ့အစည်း | ပြည်ထောင်စုလွှတ်တော် |
ဝက်ဘ်ဆိုက် | crphmyanmar.org |
၂၀၂၀ မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ကျော် တွေ့ဆုံကြသည့် အွန်လိုင်းဇူးမ်(Zoom) အစည်းအဝေး၌ အဖွဲ့ဝင် ၁၅-ဦးဖြင့် ၂၀၂၁-ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။[2][3][4]
ပြည်သူလူထုက ရွေးကောက်တင်မြှောက်သော ပြည်ထောင်စု အစိုးရကို ဖျက်သိမ်းရန် တပ်မတော်က အားထုတ်ကြိုးပမ်းမှုသည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ အခန်း (၆) ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းပြီး ရာဇဝတ်မှုမြောက်သောလုပ်ရပ်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်နေ့တွင် CRPH က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး[5][6] တပ်မတော်အစိုးရ သည် တရားမဝင်ကြောင်း ပြောဆိုခဲ့သည်။[5] ကုလသမဂ္ဂသံတမန်များနှင့် နိုင်ငံတကာအနေဖြင့် တရားဝင် အစိုးရဆိုင်ရာ ကိစ္စရပ်များအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဖြင့်သာ ဆက်သွယ်ဆောင်ရွက်ရန်လည်း အကြံပြုခဲ့သည်။[5]
ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေကို ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်နေ့အထိ နောက်ထပ် ၅ နှစ်သက်တမ်းတိုးခဲ့သည်။[6] ထိုနေ့မှာပင် ဆန္ဒပြမှုများအား စစ်အစိုးရက ဖြိုခွင်းမှုများနှင့် ပတ်သက်၍ အကြမ်းဖက်မဖြိုခွင်းရန် ထုတ်ပြန်ခဲ့ကာ ဝန်ထမ်းများ၏ အာဏာဖီဆန်ရေး လှုပ်ရှားမှုများကို ထောက်ခံခဲ့သည်။[7]
ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် တအောင်း (ပလောင်) အမျိုးသားပါတီနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်နှစ်ဦးကို ကော်မတီဝင်များအဖြစ် ထပ်မံပေါင်းထည့်ခဲ့သည်။[8]