From Wikipedia, the free encyclopedia
အလံ ဆိုသည်မှာ နိုင်ငံ တစ်နိုင်ငံ (သို့မဟုတ်) ပြည်နယ်တစ် ပြည်နယ် (သို့မဟုတ်) ဒေသ တစ်ခု (သို့) လူမျိုးစု တစ်စု၏ ကိုယ်ပိုင်အမှတ်အသားနှင့် စိတ်ဓာတ်တို့ကို ပြဆိုသည့် အထိမ်းအမှတ်တစ်ခုဖြစ်သည်။ တစ်နည်းဆိုရလျှင် မိမိတို့၏ လူမျိုး (သို့မဟုတ်) နယ်မြေအား ပိုင်ဆိုင်ခွင့်ရှိကြောင်း ပြသသည့် အမှတ်အသားဖြစ်သည် ဟုလည်းဆိုနိုင်သည်။ အလံကို ရှေးယခင်က လူမျိုးစုများ အချင်းချင်းတိုက်ခိုက်ကြကတည်းကပင် စတင်သုံးစွဲသဖြင့် ရှေးအကျဆုံးနိုင်ငံရေး၊ အမျိုးသားရေး အသုံးအဆောင်အဖြစ် သတ်မှတ်နိုင်သည်။ အလံကိုလေ့လာသည့်ဘာသာရပ်ကို အလံဗေဒဟုခေါ်သည်။
အလံဟူသည်မှာ ရည်ရွယ်ချက်တစ်ခုခု၊ သို့မဟုတ် အကြောင်းရင်းတစ်ခုခု၊ သို့မဟုတ် အကြောင်း တစ်ခုခုအတွက် အမှတ်အသား၊ သို့မဟုတ် အထိမ်းအမှတ်အဖြစ် အသုံးပြုကြသော ရောင်စုံခြယ်ပိတ်စမျိုး ဖြစ်သည်။ အလံဟူသောစကားမှာ လေထဲ၌ လှုပ်ရှားနေသည့်အရာဟူ၍ အဓိပ္ပာယ်ရ၏။
နိုင်ငံတစ်နိုင်ငံ၏ အလံတော်သည် ထိုနိုင်ငံကို ကိုယ်စားပြုသော သဘောရှိသည်။ နိုင်ငံ၏ အချုပ်အခြာ သဘောကိုလည်း ဆောင်သည်။ လွတ်လပ်သော လက္ခဏာကိုလည်း ပြသည်။ နိုင်ငံမှာ လွတ်လပ်ရေး ပျောက်ကွယ်သွားပါလျှင် အချုပ်အခြာ အာဏာလည်း ပျက်သုဉ်းသွားမည်။ နိုင်ငံတော်ကို ကိုယ်စားပြုသော အလံတော်လည်း ပျောက်ကွယ် ပျက်သုဉ်းသွား၏။
ထို့ပြင် အလံသည် သမိုင်းကိုလည်း ဖွင့်လှစ်ရှင်းလင်းသည်။ ခရူးဆိတ် စစ်ပွဲများ တိုက်ခိုက်ကြစဉ်က ခရစ်ယာန်နိုင်ငံများဘက်မှ လက်ဝါးကပ်တိုင်ပုံပါသော အလံများကို သုံးစွဲကြရာမှ ယနေ့ အနောက်နှင့် မြောက်ဘက် ဥရောပနိုင်ငံ အတော်များများ၏ အလံများမှာ လက်ဝါးကပ်တိုင်ပုံပါဝင်နေခဲ့သည်။
အရောင်အဆင်းနှင့် ပတ်သတ်၍လည်း နိုင်ငံနှင့် လူမျိုး၏ စရိုက်နှင့် အုပ်ချုပ်သူအစိုးရ၏ မူဝါဒတို့ကို ဖော်ညွှန်းသည်။ ဥပမာ- ကွန်မြူနစ်နိုင်ငံများသည် များသောအားဖြင့် အနီရောင်ရင့်ရင့်ကို အောက်ခံအဖြစ်ထားရှိလေ့ရှိကြသည်။
အမျိုးသားအလံ (ဝါ) နိုင်ငံတော်အလံမှာ နိုင်ငံတစ်နိုင်ငံ အတွက် အမှတ်အသားကြီးတစ်ခု ဖြစ်၏။ ဘုရင်အတွက် အမှတ်အသား၊ တက္ကသိုလ်ကျောင်း၏ အမှတ်အသား၊ စစ်တပ်၏အမှတ်သား၊ အယူဝါဒဆိုင်ရာ အဖွဲ့အစည်းများအတွက် အမှတ်အသား၊ အချက်ပြရန် အမှတ်အသား စသည်ဖြင့် အကြောင်းခံ အမျိုးမျိုးကိုပြရန် ပြုလုပ်ထားသော အခြားအလံပေါင်းများစွာလည်း ရှိသည်။ ယခုခေတ် နိုင်ငံတိုင်း၌ရှိသော အမျိုးသားအလံ (ဝါ) နိုင်ငံတော် အလံ အသီးအသီးသည် မိမိတို့လူမျိုး၏ ဇာတိသွေး ဇာတိမာန် ပြင်းထန်တက်ကြွစေရန် အလို့ငှာ မိမိတို့ တိုင်းပြည်နှင့် သက်ဆိုင်ဆီလျော်စွာ သတ်မှတ် ပြဋ္ဌာန်းထားသည့် အလံများဖြစ်၏။ နိုင်ငံတော်အလံသည် သက်ဆိုင်ရာနိုင်ငံ၊ နိုင်ငံသူနိုင်ငံသား၊ နိုင်ငံအစိုးရနှင့် ထိုအစိုးရ၏ ရည်မှန်းချက်များကို ကိုယ်စားပြုသည်။ လူအများပင် မိမိတို့နှင့် သက်ဆိုင်ရာ နိုင်ငံတော်အလံ၏ အသရေမညှိုးရလေအောင် ကာကွယ်စောင့်ရှောက် ယင်း အသက်စွန့်ခဲ့ကြပြီး ဖြစ်သည်။ မိမိနိုင်ငံ၏ အလံကို ဂုဏ်ပြုရန်မှာ နိုင်ငံသားတိုင်း၏ အရေးကြီးသော တာဝန်တစ်ရပ် ဖြစ်လေသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.