From Wikipedia, the free encyclopedia
"အမျိုးသမီးငယ်တစ်ဦး၏ နေ့စဉ်မှတ်တမ်း" (သို့) "အာနာဖရန့်၏ နေ့စဉ်မှတ်တမ်း" (အင်္ဂလိပ်: The Diary of a Young Girl or The Diary of Anne Frank) သည် အာနာ ဖရန့် ဒတ်ချ်ဘာသာဖြင့် ရေးသားခဲ့သော နေ့စဉ်မှတ်တမ်းစာအုပ်တစ်အုပ်ဖြစ်သည်။ နာဇီများ နယ်သာလန်နိုင်ငံကို ကျူးကျော်သိမ်းပိုက်စဉ် မိသားစုနှင့်အတူ ပုန်းခိုနေရစဉ်၌ ရေးသားခဲ့ခြင်းဖြစ်သည်။ အာနာတို့၏ မိသားစု ၁၉၄၄ ၌ နာဇီများက ဖမ်းမိသွားခဲ့၍ ဘယ်ရာဂန် ဘယ်လ်ဆန် စစ်အကျဉ်းစခန်းသို့ ပို့ဆောင်ခဲ့ရာ အာနာသည် အူရောင်ငန်းဖျား (ယူဆသည့်ရောဂါ) ဖြင့် ၁၉၄၅ တွင် တိမ်းပါးခဲ့သည်။ သူမ၏နေ့စဉ်မှတ်တမ်းကို မစ်ပ် ဂစ်က ထိမ်းသိမ်းထားရှိပြီးနောက် အာနာ၏ ဖခင် အော်တိုထံသို့ စစ်ကြီးပြီးသည့်နောက်၌ ပေးအပ်ခဲ့သည်။ ထိုစာအုပ်ကို ယနေ့အချိန်ထိ ဘာသာစကားပေါင်း (၇၀) ကျော်ဖြင့် ပြန်ဆိုထုတ်ဝေခဲ့ကြ၏ ပထမဆုံးမူမှာ ဒတ်ချ်ဘာသာဖြင့် 'Het Achterhuis. Dagboekbrieven 14 Juni 1942 – 1 Augustus 1944 ဖြစ်၍ ၁၉၄၇ တွင် ကောန်တက်ထုတ်ဝေရေးက ဖြန့်ချိခဲ့သည်။ ဤနေ့စဉ်မှတ်တမ်းစာအုပ်ကို Anne Frank: The Diary of a Young Girl အမည်ဖြင့် အမေရိက၌ Doubleday & Company ကလည်းကောင်း ယူကေ၌ Vallentine Mitchell ကလည်းကောင်း ၁၉၅၂ တွင် အသီးသီးထုတ်ဝေခဲ့ကြ၏ ။ အင်္ဂလိက်ဘာသာပြန်စာအုပ်ထွက်ပေါ်လာခြင်းကြောင့် ဝေဖန်အကဲဖြတ်မှုနှင့် လူကြိုက်များမှု အများအပြားရရှိခဲ့သော စာအုပ်ဖြစ်သည်။ ၁၉၅၅ တွင် The Diary of Anne Frank အမည်ဖြင့် ပြဇာတ်၊ ထိုပြဇာတ်ကိုပင် မှီငြမ်းပုံဖော်၍ The Diary of Anne Frank အမည်ဖြင့်ပင် ၁၉၅၉ ၌ ရုပ်ရှင်ဇာတ်ကားအဖြစ် တင်ဆက်မှုများသည် စာအုပ်၏ စေ့ဆော်မှုများပင်ဖြစ်သည်။၂၀ ရာစု၏ ထိပ်တန်းစာအုပ်စာရင်း၌လည်း ပါဝင်ခဲ့လေသည်။[1][2][3][4][5][6]
၁၉၄၇ ပထမမူ | |
စာရေးသူ | အာနာ ဖရန့် |
---|---|
မူလခေါင်းစဉ် | Het Achterhuis |
ဘာသာပြန်သူ | B. M. Mooyaart-Doubleday |
မျက်နှာဖုံး သရုပ်ဖော် | Helmut Salden |
နိုင်ငံ | နယ်သာလန် |
ဘာသာစကား | ဒတ်ချ် |
အကြောင်းအရာ |
|
အမျိုးအစား | ကိုယ်ရေးအထုပ္ပတ္တိ |
ထုတ်ဝေသူ | Contact Publishing |
ထုတ်ဝေသည့်ရက် | ၂၅ ဇွန် ၁၉၄၇ |
အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခြင်း | ၁၉၅၂ |
OCLC | 1432483 |
Dewey Decimal | 949.207 |
LC Class | DS135.N6 |
မူရင်းစာသား | Het Achterhuis ⇒ ဒတ်ချ ဝီကီရင်းမြစ် |
၁၉၄၇ တွင် ထုတ်ဝေခဲ့သော ဒတ်ချ်ဘာသာဖြင့် မူပိုင်ခွင့်သည် ၂၀၁၆ ဇန်နဝါရီ ၁ တွင် ဥရောပသမ္မဂမူပိုင်ခွင့် ဥပဒေအရ ကုန်ဆုံးခဲ့သောကြောင့် ထိုဒတ်ချ်မူရင်းစာအုပ်ကို အွန်လိုင်းတွင် ဖတ်ရှုနိုင်စေရန် လုပ်ဆောင်ခဲ့မှုများလည်း ရှိကြသည်။[7][8]
ဤစာအုပ်ကို စရေးစဉ်က သူသည် အသက် ၁၄ နှစ်သာရှိသေးသည်။ သူသည် နာဇီခေတ်အတွင်းမှာပေါက်ဖွားလာသော "ဂျူး" အမျိုးသမီးဖြစ်သည်။ အမ်စတာဒမ်မြို့ရှိ အိမ်တစ်အိမ်တွင် ၁၉၄၂ ဇွန်လ ၁၂ နေ့မှစ၍ ၁၉၄၄ ဩဂုတ်လ ၁ ရက်နေ့အထိ နာဇီတို့၏လက်မှ ရှောင်ပုန်းနေခဲ့ရသည်။
ထိုနှစ်နှစ်တာ ကာလအတွင်းတွင် သူနေ့စဉ် ကြုံတွေ့ခဲ့ရတဲ့ အကြောင်းများကို မှတ်တမ်းအဖြစ် ပြုစုခဲ့သည်။ ထိုအချိန်တွင် နာဇီအစိုးရက ဂျာမနီမှာတွင်မက ဥရောပအတွင်းတွင်ရှိသော အိမ်နီးနာချင်းနိုင်ငံများကို သိမ်းပိုက်ကာ၊ ထိုနိုင်ငံများရှိ ဂျူးလူမျိုးတွေကိုပါမကျန် လိုက်လံဖမ်းဆီး သတ်ဖြတ်နေသောအချိန် ဖြစ်သည်။ အာနယ်က ၁၄ နှစ်အရွယ်သာရှိသေးသည်။ သူ့မိသားစုနှင့်အတူ အခြား ဂျူးလူမျိုးမိတ်ဆွေအချို့လည်း သူတို့ နှင့်အတူ ပုန်းအောင်းနေသည့်အထဲတွင် ပါဝင်ခဲ့ကြသည်။
ဤအပိုင်းကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤအပိုင်းအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
အသက် တစ်ဆယ့်သုံးနှစ် ပြည့်သော အာနယ်ရဲ့မွေးနေ့ (၁၉၄၂ခု ဇူလိုင်လ ၁၂ရက်နေ့) တွင် သူသိပ်ချစ်သော သူ့ကိုလည်း သိပ်ချစ်သော သူ့ဖခင်က အာနယ့်ကို "မှတ်စုစာအုပ်" ကလေးတစ်အုပ် လက်ဆောင်ပေးလာသည်။ ထိုစာအုပ်ကလေးကို စတိုးဆိုင်၏ ရှိုးကေ့စ်ထဲတွင် ပြသထားစဉ်ကတည်းက အာနယ်က တွေ့ဖူးခဲ့သည်ဟု ဆိုသည်။
အဖြူအနီ အကွက်ကြားစ ကလေးနှင့်ဖုန်းထားပြီး သော့လည်းခတ်လို့ရသော ထိုစာအုပ်ကလေးသည် ဒိုင်ယာရီစာအုပ်ကလေးတစ်အုပ်တော့ မဟုတ်ခဲ့ပါ။ အမှတ်တရများ၊ မိတ်ဆွေအပေါင်းအသင်းများအကြောင်း၊ ဓာတ်ပုံများ ကဗျာများ ရေးမှတ်ကြရန် ရည်ရွယ်ချက်ဖြင့် ချုပ်ထားသော စာအုပ်တစ်အုပ်မျှသာ ဖြစ်သည်။ သို့သော် ထိုစာအုပ်ကို အာနယ်က နေ့စဉ်မှတ်တမ်း ရေးရန်စာအုပ်အဖြစ် သုံးမည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။
စာအုပ်ကလေး လက်ဆောင်ရခဲ့သော ဇွန် ၂ရက်နေ့တွင် တော့သူက တစ်ကြောင်းစနှစ်ကြောင်းစ အစပျိုးခဲ့ပြီး သူ့မွေးနေ့ပြီး၍ နှစ်ရက်မြောက်သောနေ့မှာတော့ စာအုပ်ထဲမှာ သူ့အကြောင်း၊ သူ့မိသားစု၊ သူငယ်ချင်းတွေအကြောင်း၊ ကျောင်းစာသင်ခန်းကြီးနဲ့အိမ်နီးနားချင်းတွေအကြောင်း စ၍ရေးပါတော့ သည်။
သူ့ဘဝနှင့် သူ့ပတ်ဝန်းကျင်အကြောင်းတွေကို ရေးလက်စမှာပင် အာနယ်က နယ်သာလန်ကို ပြောင်းလာခဲ့ရသော ဂျူးလူမျိုးတို့၏တစ်နေ့တခြား ဆိုးဝါးလာသည့် ဒုက္ခတွေအကြောင်းကို တစေ့တစောင်း တင်ပြလာသည်။ သူရေးသည့် အကြောင်းများထဲတွင် ဂျူးတွေက ခြောက်ထောင့်ကြယ်ပုံစံ ဂျူးတံဆိပ်ကို အင်္ကျီမှာ မချိတ်မနေရ ချိတ်ဆွဲရခြင်းမှအစ ဂျာမန်တို့၏ အုပ်ချုပ်မှုအောက်တွင် တစတစ လက်လွှတ်ဆုံးရှုံး လိုက်ရသော ဂျူးပြည်သူတို့၏ လွတ်လပ်ခွင့်တွေကိုပါ ဖော်ပြထားသည်။
ထိုမှတ်စုစာအုပ်ကလေး၏ အရေးအပါဆုံး အပိုင်းတစ်ခုကတော့ သူတို့မိသားစု ၁၉၄၂ခု ဇူလိုင်လ ၆ရက်နေ့ ပရင်ဆန်ဂရတ်ခ်ဒ် ၂၆၃ (Prinsengracht 263) မှာရှိသော အိမ်နောက်ခြမ်းမှာ စတင်ပြီး ပုန်းခိုရဖို့ဖြစ်လာသည့် အချိန်မှစတင်ခဲ့သည်။ ပုန်းခိုနေကြရသော ရက်တွေကြာလာလေလေ၊ ပုန်းနေရသူတွေ၏ အသက်ရှုတွေဟာလည်း ကြပ်လာလေလေပဲဖြစ်သည်။ ပုန်းနေရင်း ဘာကိုမှ ဟုတ်တိပတ်တိ လုပ်စရာ မရှိသည့်အပြင် မလှုပ်သာ မလှည့်သာ အခြေအနေတွေသည် ပုန်းနေသူတွေ၏ကြားတွင် ပြဿနာများကို စတင်စေခဲ့သည်။
အပြင်သို့လည်းထွက်ခွင့်မရ၊ နေ့ခင်းဘက်တွင်ပင် တံခါးများလိုက်ကာများကို အလုံပိတ်ပြီးနေနေရပြီး သူငယ်ချင်းဟူ၍လည်း ရှိခွင့်မရတော့သော အာနယ်အတွက် သူ့ရဲ့မွေးနေ့လက်ဆောင် "နေ့စဉ်မှတ်တမ်း" စာအုပ် ကလေးသည် သူ့အတွက် စကားပြောစရာ၊ ရင်ဖွင့်စရာ၊ အားထားယုံကြည်စရာ မိတ်ဆွေအဖော်မွန်ကောင်း တစ်ယောက်ဖြစ်လာပါတော့သည်။
စက်တင်ဘာလကုန်ပိုင်းကတည်းကစ၍ အာနယ်သည် သူ့စာတွေကို "ပို့စာ" အသွင်နဲ့ရေးခဲ့တာကို တွေ့ကြရသည်။ သူ့စာများကို လိပ်မူသောအခါ သူဖတ်ဖူးသော ဝတ္တုထဲမှ "ကစ်တီ၊ ကော်နီ၊ အယ်မီ၊ ပေါ့ပ် နဲ့ မာရီယာ" စသော မိန်းကလေး နာမည်များကို သုံးခဲ့ကြောင်းတွေ့ရသည်။ စာရေးသောအခါတွင်လည်း သူ၏ စိုးရိမ်ပူပန်နေမှုများနှင့် ချစ်ခင်နှစ်သက်မှုများကြောင်းကို သူ့ သူငယ်ချင်းဖြစ်သူများထံ တိုင်တည်ပြီးရေးဟန်မျိုးနှင့် ရေးလေ့ရှိသည်။
ပထမပိုင်းတွင်တော့ အာနယ်က သူတို့၏သာမန်မဟုတ်သော ဘဝအကြောင်း - ပုန်းအောင်းနေရခြင်း၏ ကျဉ်းကြပ်မှုများ အကြောင်း၊ ပွဲတော်ရက်မျိုးမှာ သူထင်မထားသော အံ့ဩဝမ်းသာစရာအကြောင်းတချို့၊ အခန်းဖော်တို့ အတူနေသူတို့နှင့် ကြုံတွေ့ရတဲ့ ပြဿနာအမျိုးမျိုး စတာတွေကို မှတ်တမ်းတင်ထားသည်။
တရံတခါမှာ ပတ်ဝန်းကျင်မှ လူတွေသည် သူ့ကို နားမလည်ကြဘူးလို့ သူ့ကိုယ်သူထင်ကြောင်း အာနယ်က ဆိုသည်။ သူဖြည့်စွက်ရေးသားထားသော စာအုပ်၏ နိဒါန်းတွင် သူသည် သူတွေးမိသမျှ၊ သူခံစားရသမျှတွေကို ယုံယုံကြည်ကြည်နဲ့ ရင်ဖွင့်တိုင်တည်စရာ "မိတ်ဆွေစစ်" တစ်ဦးကို အလိုရှိသည့်အကြောင်း ရေးသားထားသည်။
သူ့အဆိုအရ သူ့မှာ သူငယ်ချင်းဆိုသူ၊ သူ့အတွက် လေးစာလောက်သော မိတ်ဆွေဆိုသူတွေ များစွာရှိကြောင်း၊ သို့သော် သူတို့သည် "မိတ်တွေစစ်" တွေတော့မဟုတ်ကြောင်း ဖော်ပြထားသည်။ "ဂျက်ကလင်း" တို့ဟာ သူ့ရဲ့မိတ်ဆွေစစ် ဂုဏ်ပုဒ်ကို အထိုက်အလျောက်တော့ ပိုင်ဆိုင်ကြကြောင်း၊ "ဟဲလ်မွတ်" ကလည်း သူ့အတွက် သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်နိုင်ခဲ့ကြောင်းလည်း သူက ဖြည့်စွက်ထားသည်။ ဤသို့ဆိုသောအခါ သူ့အတွက် သူ ၏ "မှတ်တမ်းစာအုပ်" လောက် စိတ်ချအပ်သောလူ မရှိဘူးဆိုသည်မှာ သေခြာပါသည်။
သူ့အရေးအသားတွေကိုကြည့်လျှင် သူ ၏ အပျိုဖော်ဝင်စ စိတ်ကစားတတ်မှုအကြောင်းနှင့် သူထက် နှစ်နှစ်သုံးနှစ်လောက်ကြီးသော "ပီတာ" (Peter van Pels) ကို စိတ်ဝင်စားနေခဲ့တဲ့အကြောင်း တွေ့ရှိရသည်။ မည်သို့ပင်ဖြစ်စေ သူတို့၏ ၂၅လ ကြာမြင့်စွာ ပုန်းခိုနေခဲ့ရသော ဘဝမှာ အာနာ၏ မှတ်တမ်းစာအုပ်သည် သူ့အတွက် အကြောက်တရားများကို တိုင်တည်ရာ၊ ယုံကြည်မျှော်လင့်မှုတွေအတွက် အားထားရာ မိတ်ဆွေစစ် မိတ်ဆွေမှန် တစ်ဦးဖြစ်ခဲ့သည်။ ဤစာအုပ်ကပဲ မိန်းကလေးတစ်ယောက်၏ ဖွံ့ဖြိုးရှင်သန်လာသော နှလုံးသည်းပွတ် နှင့် တစ်ခါတစ်ခါမှာ သူ့ကိုယ်ပိုင်အိပ်မက်အတွေးတွေထဲမှာ သူကိုယ်သူနစ်မျောနေခဲ့သည့် အကြောင်းများကို သက်သေထူနေ ခဲ့ပါတော့သည်။
အာနာဟာ စာရေးစာဖတ်ခြင်းကို သူ့အဖေဆီမှ အမွေရကြောင်းနဲ့ သူဟာ ဒီအလုပ်တွေလုပ်နေရရင် မအိပ်နိုင် မစားနိုင် ဖြစ်ရကြောင်း ပြောပြပါသည်။ အိမ်နောက်ခြမ်းမှာ ပုန်းခိုနေရစဉ်အတွင်းမှာပင် သူသည် မြောက်မြားစွာသော စာအုပ်တွေကို ဖတ်ခွင့်ရခဲ့ပြီး အဲဒီစာအုပ်တွေကပဲ သူ ၏ဂန္ထဝင်မြောက်သော အရေးအသားများနှင့် စကားလုံးအသုံးအနှုန်းတွေကို တစနဲ့တစ တိုးတက်ခိုင်မြဲစေခဲ့သည်။
အချိန်နှင့်အမျှ သူ၏ မှတ်တမ်းများသည်လည်း အဆင့်မြင့်သထက်မြင့်လာပြီး အကြောင်းအရာတွေသည်လည်း နက်နဲသထက် နက်နဲလာသည်ကို တွေ့ရသည်။ ဥပမာ ဘုရားသခင်နဲ့ ယုံကြည်မှု ဆိုသည့်အကြောင်းမျိုး။ သူ၏ ဘဝရည်မှန်းချက်အကြောင်းကိုရေးသောအခါ သူသည် တစ်နေ့တစ်ချိန်တွင် စာရေးဆရာတစ်ယောက်အနေနှင့် နာမည်ရလိုကြောင်းပါရှိသည်။ သူရေးနေကျ နေ့စဉ်မှတ်တမ်းအပြင် သူသည် တခြား စာပေများကိုလည်း စတင်ရေးသားခဲ့ပါတော့သည်။ သူ ၏ အရေးအသား အရည်အသွေးကို ကြည့်မည်ဆိုလျှင် အာနယ်သည် အရွယ်နှင့်မလိုက်အောင်ပင် ထူးချွန်ထက်မြက်သူကလေးဖြစ်သည်ဟု ပညာရှင်များက သတ်မှတ်ကြသည်။
အာနယ်သည် သူ၏ ဒိုင်ယာရီကို စတင်ပြုစုကတည်းက သူ၏ ကိုယ်ရေးကိုယ်တာ အတွေးများ၊ စိတ်ကူးများကို ရေးမှတ်ဖို့ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှလည်း ပေးဖတ်ခွင့် မပြုခဲ့ပါ။ ထိုအကြောင်းကိုလည်း သူက သူ့ပတ်ဝန်းကျင်မှ လူများကို ထပ်ကာထပ်ကာ သတိပေးနေခဲ့သည်။
၁၉၄၄ခု မတ်လ ၂၉ ရက်နေ့တွင်တော့ သူ့ရဲ့ စိတ်ကူးကို ပြောင်းပြန်လှန်လိုက်ပါသည်။ နိုင်ငံခြားကို ထွက်ပြေးပုန်းရှောင်နေရသော နယ်သာလန်နိုင်ငံ ပညာရေးဝန်ကြီးဟောင်းက ရေဒီယိုမှတဆင့် ပြည်သူများကို ဟောကြားသည်မှာ စစ်ကြီးအပြီးမှာ နာဇီလက်အောက်ခံ ပြည်သူတို့၏ အတိဒုက္ခများကို မှတ်တမ်းမှတ်ရာနှင့် ပြုစုချင်သည့်အတွက်ကြောင့် တိုင်းသူပြည်သားတို့သည် ဖြစ်နိုင်သလောက် နေ့ စဉ်ဖြစ်ပျက်သမျှကို မှတ်တမ်းရေးသင့်သည် ဆိုသည့်အကြောင်း ဖြစ်သည်။
ထိုအချိန်မှစ၍အာနယ်က သူမ၏ နေ့စဉ်မှတ်တမ်းကို တစ်နေ့တွင် စာအုပ်တစ်အုပ်အဖြစ် ထုတ်ဝေရန်စိတ် ပိုင်းဖြတ်လိုက်ပါသည်။ ဒီရည်ရွယ်ချက်နှင့် သူသည် မေလမှ စ၍သူရေးခဲ့ပြီးသမျှ စာပိုဒ်များကို ပြန်လည် အချောသတ်ခဲ့သည်ဟု သူ့နေ့စဉ်မှတ်တမ်းမှာ သူကိုယ်တိုင်ပဲ ရေးသားခဲ့သည်။ သူသည် စာဖတ်သူတွေ စိတ်မဝင်စားလောက်ဘူးထင်သည့် စာသားများ၊ စာဖတ်သူတွေအတွက် မဆီလျော်ဘူးထင်သော စာပိုဒ်များကို သူ့ဖာသာသူပင် ပြန်လည် ပြုပြင် တည်းဖြတ်ခဲ့ပါသေးသည်။ ထို့အပြင် သူရေးထားပြီးသမျှ ပို့စာများအားလုံးကို လိပ်မူသောအခါ သူ၏မှတ်တမ်းစာအုပ် ဒုတိယပိုင်း မှာကဲ့သို့"ကစ်တီ" တစ်ဦးတည်းကိုသာ ပြင်ဆင် လိပ်မူပါတော့သည်။[9]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.