အပြင် ၃၇ မင်း
From Wikipedia, the free encyclopedia
ယခုအခါမြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက်အရ သုံးဆယ့်ခုနစ်မင်း နတ်ဟူ၍ အထင်အရှားရှိနေရာ၊ အချို့ကနှစ်သက်စွာလက်ခံကြ၍၊ ဗုဒ္ဓတရားတော်ကိုပြတ်သားစွာ လက်ခံကျင့်သုံးသူ အချို့တို့ကမူဝေဖန်ရှုတ်ချကြသည်။ သုံးဆယ့်ခုနစ်မင်းဆိုရာ၌ အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်းဟူ၍ရှိရာတွင် ယခုအခါ ယုံကြည်ကိုးကွယ်နေကြသော ၃၇ မင်းကား အပြင် ၃၇ မင်းပင်ဖြစ်သည်။
နတ်ကိုးကွယ်ခြင်းသည် ရှေးခေတ်ကတည်းက အစဉ်အလာရှိခဲ့ရာ အနော်ရထာမင်း မတိုင်မီအထိ နန်းစဉ်အသိအမှတ်ပြုခဲ့သော အရေအတွက်မှာ ၃၆ မင်းသာရှိခဲ့သည်။ ထိုနတ်တို့ အနက် မဟာဂိရိနတ်သည် ပထမဆုံးနတ်ဖြစ်သဖြင့် နတ်တို့၏အကြီးအကဲဖြစ်ခဲ့သည်။
သို့သော်လည်း အနော်ရထာမင်းလက်ထက်တွင် မဟာဂိရိနတ်ကို နတ်အကြီးအကဲနေရာတွင်မထားလို ရကား ဗုဒ္ဓဘာသာနတ်ဖြစ်သည့် သိကြားနတ်အား နတ်တို့၏အကြီးအကဲအဖြစ်ထား၍ နတ်တို့၏အရေအတွက်ကို ၃၇ သို့ပြောင်းလိုက်ပြီးလျှင် ယင်းတို့၏ရုပ်ပုံများကို ထုလုပ် ကာရွှေစည်းခုံဘုရား၏ တံတိုင်းအပြင်ဘက်၌ ထားရှိကိုးကွယ်လေသည်။ သို့ဖြင့် အပြင် ၃၇ မင်း နတ်ဟူ၍ ဖြစ်ပေါ်လာ လေသည်။ အနော်ရထာမင်း နတ်ရွာစံတော်မူပြီးသည့်နောက်၌ကား ၃၇ မင်း၏ အရေအတွက်ကို မည်သည့်မင်းမျှ မပြောင်းဝံ့ကြချေ။ သို့သော်အနော်ရထာမင်း လက်ထက်က ပြုလုပ်ခဲ့သော ၃၇ မင်း နတ်စာရင်းသည်ကာလကြာမြင့်လတ်သော် မူလစာရင်းအတိုင်းမရှိတော့ဘဲ အချို့နတ်ဟောင်းများ နေရာတွင် နတ်သစ်များဖြင့်အစားထိုးခဲ့ကြပြီးလျှင် အချို့ အမည်တူသည့်ရှေးနတ်များနှင့် နောက်နတ်သစ် များကိုလည်း ပေါင်းလိုက်ကြပြန်သည်။ သို့ဖြင့်အခါအား လျော်စွာမင်း အဆက်ဆက်တို့၏အမိန့်ဖြင့် ၃၇ မင်းနတ်စာရင်းကို သတ်မှတ်လာခဲ့ကြသည်။ အင်းဝ--ငါးထပ်ကြီးဒါယကာမင်း (ပင်းတလဲ) (မြန်မာ ၁ဝ၁ဝ-၁ဝ၂၃) လက်ထက်တွင် စာရင်းဟောင်းတို့ကို သုတ်သင်ပြင်ဆင်၍ အပြင်၃၇ မင်း စာရင်းသစ်တစ်ခု ရေးသည်ဟုမှတ်တမ်း ရှိသည်။ ထိုမှတ်တမ်းကိုမတွေ့ရသော်လည်း သက္ကရာဇ် ၁၁၆ဝ ပြည့်နှစ်တွင်နန်းတက်သော မာန်အောင်ဒါယကာစနေမင်း၊ နောက်တနင်္ဂနွေမင်း၊ နောက် ဟံသာဝတီ ရောက်မင်း ဤမင်းသုံးဆက်မီသောဝန်ကြီးပဒေသရာဇာသည် ၃၇မင်း နတ်ချင်းများကိုရေးခဲ့ရာဝန်ကြီး ပဒေသရာဇာ၏ ၃၇ မင်း နတ်သံစာရင်းမှာ ထိုသို့ပြင်သည်ဆိုသော စာရင်းအရ ရေးသားခြင်းဖြစ်မည်ဟု တွေးရန်ရှိ၏။ ဘိုးတော်လက်ထက် ၁၁၆၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ၅ရက်နေ့တွင် ရှေးအစဉ် အဆက်က ပသခဲ့သော ၃ရမင်းနတ်တို့ကိုပွဲကနားပေးရာ၌ မည်သို့ ကခုန်သည့် အချက်အလက် တို့ကိုနတ်ထိန်း နတ်နေအတီးသမားတို့အား မေးစစ်မှတ်သားရမည်ဟု အိမ်ရှေ့ဘုရားအမိန့်တော်နှင့် ဦးစ (နောင်မြဝတီမင်းကြီးဦးစ) သည်ဆိုင်းဆရာဦးမြသာ၊ ဦးတရုတ်စသည်တို့ကို မေးစစ်ရသည်။ ထိုနောက် ဘကြီးတော်လက်ထက် ၁၁၈၂ခုနှစ်သီတင်းကျွတ်လဆန်း ၄ရက်နေ့တွင်ဒုတိယ အကြိမ်အားဖြင့် ၃၇ မင်းနတ်အကြောင်းကိုဦးစ စုံစမ်းရပြန်သည်။ ယင်စုံစမ်းချက်မှာ ယခင် ၁၁၆၇ ခုနှစ်ကစုံစမ်း ချက်တို့၏အဆက်ဖြစ်၏။ နတ်ထိန်းကြီး ကဝိဒေဝကျော်၊ ရာဇဝင်ဦးနုစသော ရာဇဝင်တတ်တို့နှင့် ညှိနှိုင်း၍ ၃၇မင်းနတ်စဉ်အမျိုးအမည် အတ္ထုပ္ပတ္တိ ဆင်ယင် ပသနည်း၊ တီးမှုတ်နည်း နှင့်နတ်သံများကို ရွှေနန်းတော်သို့ရေးမှတ်အစီရင်ခံရလေသည်။