From Wikipedia, the free encyclopedia
ပရမ်ဂျီသည် အိန္ဒိယနိုင်ငံရှိ တတိယအကြီးဆုံး ဆောဖ့်ဝဲလ် ကုမ္ပဏီ Wipro (ဝိုင်ပရို) တက္ကနိုလိုဂျီအပါအဝင် ဝိုင်ပရို ကုမ္ပဏီအုပ်စုကြီး၏ ဥက္ကဋ္ဌ၊ အိန္ဒိယထိပ်သီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။ သူ၏ သဒ္ဓါတရားအလွန်ထက်သန်ပြီး ပရဟိတလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်သူအဖြစ်လည်း လူသိများသည်။ Forbes ဖော့်ဘ်စ် စီးပွားရေးမဂ္ဂဇင်းမှ ဖော်ပြချက်များအရ ၂၀၁၀ ခုနှစ်တွင် သူ၏ပိုင်ဆိုင်မှုစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ (၁၇)သန်းခန့်ရှိပြီး တတိယမြောက်အချမ်းသာဆုံး အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် ဖြစ်လာသည်။ ၂၀၀၀ ခုနှစ်တွင် Asiaweek (အေးရှားဝီးခ်) မဂ္ဂဇင်းမှ ရွေးချယ်သော ကမ္ဘာ့ဩဇာအရှိဆုံးပုဂ္ဂိုလ် ၂၀ စာရင်းတွင်ဖော်ပြခြင်းခံရသည်။ Forbes ဖော့်ဘ်စ်စီးပွားရေးမဂ္ဂဇင်းမှပင် ၂၀၀၁ခုနှစ်မှ ၂၀၀၃ခုနှစ်အတွင်း အချမ်းသာဆုံးပုဂ္ဂိုလ် ၅၀ ကိုဖော်ပြခဲ့ရာတွင်လည်း ပါဝင်ခဲ့သည်။
အဇင်မ် ပရမ်ဂျီ | |
---|---|
ဒါဗို့စ်တွင် ကျင်းပသော ၂၀၀၇ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်မှ အဇင်မ် ပရမ်ဂျီ |
|
မွေးသက္ကရာဇ် | |
လူမျိုး | အိန္ဒိယ |
ကြွယ်ဝမှု | အမေရိကန်ဒေါ်လာ ၁၇ ဘီလျံ |
မွေးရပ်ဇာတိ | ကာရာချီ ဗြိတိန် အိန္ဒိယ |
ကြင်ဖော် | ရက်စ်မင်းန် ပရမ်ဂျီ |
သားသမီး | ၂ ဦး |
လက်မှတ် | |
ဝက်ဘ်ဆိုက် | Azim Premji |
၂၀၀၄ခုနှစ်၊ ဧပြီလတွင် Times တိုင်းမ်းစ်မဂ္ဂဇင်းမှ ကမ္ဘာ့ဩဇာအညောင်းဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်း တွင်လည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ ဝိုင်ပရိုကုမ္ပဏီတွင် ပရမ်ဂျီ၏ပိုင်ဆိုင်မှု ရ၄% ရှိပြီး သူ၏ ဦးဆောင်မှု အောက်တွင် ဝိုင်ပရို ကုမ္ပဏီသည် အမေရိကန်ဒေါ်လာ ၂.၅သန်းခန့်တန်ဖိုးရှိသော သာမန်ကုမ္ပဏီလေးအဖြစ်မှ အမေရိကန်ဒေါ်လာ ၁.၄ဘီလီယံတန်ဖိုးရှိသော ဧရာမကုမ္ပဏီကြီး အဖြစ်သို့လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ဝိုင်ပရိုကုမ္ပဏီသည် ဟိုက်ဒရိုဂျင်ဖြင့် ပြုပြင်ထားသော စားသုံးဆီများကို ထုတ်လုပ်နေရာမှ ယခုအခါတွင် အိန္ဒိယနိုင်ငံ၏ အကြီးဆုံးဆော့ဖ်ဝဲလ်ကုမ္ပဏီများထဲတွင် ပါဝင်သော ဝိုင်ပရို တက္ကနိုလိုဂျီကို ပိုင်ဆိုင်ထား ပြီဖြစ်သည်။ ဝိုင်ပရို တက္ကနိုလိုဂျီသည် ကမ္ဘာ့ထိပ်တန်းတက္ကနိုလိုဂျီ ကုမ္ပဏီ ၁၀၀ စာရင်းဝင်လည်းဖြစ်သည်။
ပရမ်ဂျီကို ၁၉၄၅ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်တွင် ပါကစ္စတန်နိုင်ငံ၊ ကာရာချီမြို့၌ မွေးဖွားခဲ့သည်။ Gujarati Khoja( ဂူဂျာရာတီ ခိုဂျာ), Shia Ismaili Muslim Family (ရှိယာ အစ္စမလီ မွတ်စလင် မိသားစု) ဝင်ဖြစ်ပြီး သူ၏ဖခင်မှာ ဟင်းသီးဟင်းရွက်ဆီနှင့် အဆီခဲများထုတ်လုပ်သော Western India PROducts (နောင်တွင် Wipro ကုမ္ပဏီဖြစ်လာ) ၏ပိုင်ရှင်ဖြစ်သည်။ သူ၏အဖိုးမှာမူ မြန်မာနိုင်ငံ ဆန်ဈေးကွက်၏ ဘုရင်တစ်ဆူဖြစ်ခဲ့သည်။ သူ၏ဖခင်သည် Muhammed Ali Jinnah ၏ ပါကစ္စတန်နိုင်ငံသို့လာရောက်ရန် ဖိတ်ကြားချက်ကို ငြင်းဆန်၍ အိန္ဒိယနိုင်ငံတွင်သာ အခြေချခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ပရမ်ဂျီ၏ဖခင်မှာရုတ်တရက်ဆုံးပါးသွားခဲ့ပြီး သူသည်မိသားစုလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်ရန်အတွက် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ စတန်းဖို့ဒ်တက္ကသိုလ်တွင် လျှပ်စစ်အင်ဂျင်နီယာဘာသာရပ် သင်ယူမည့်အစီအစဉ်ကို စွန့်လွှတ်ခဲ့ရသည်။ ထိုအချိန်တွင် ပရမ်ဂျီသည် အသက် ၂၁နှစ်သာရှိသေးပြီး မွန်ဘိုင်းရှိ စိန့်မေရီကျောင်းမှ အခြေခံပညာရေး ပြီးကာစဖြစ်သည်။ သူသည် လျှပ်စစ်အင်ဂျင်နီယာ ဘွဲ့ကို နောင်နှစ်ပေါင်း၃၀ကြာပြီးနောက်မှ ပြန်လည်ရယူနိုင်ခဲ့သည်။ ပရမ်ဂျီသည် ဖခင်နေရာကို ဆက်ခံပြီးနောက် ဝိုင်ပရိုကုမ္ပဏီသည် ဟိုက်ဒရိုဂျင်အဆီခဲများ ထုတ်လုပ်ရာမှ နောက်ပိုင်းတွင် မုန့်ဖုတ်ရာတွင်သုံးသည့် အဆီခဲများ၊ တိုင်းရင်းပစ္စည်းများကိုအခြေခံသည့် ရေချိုးခန်းသုံးပစ္စည်းများ၊ ဆံပင်အလှ ထိန်းသိမ်းရေး ပစ္စည်းများ၊ ကလေးရေချိုးခန်းသုံးပစ္စည်းများ၊ လျှပ်စစ်မီးသီးများနှင့် ဟိုက်ဒရောလစ် ဆလင်ဒါများကို တိုးချဲ့ထုတ်လုပ်ခဲ့သည်။
ထို့နောက်တွင်မူပရမ်ဂျီသည် ဆပ်ပြာထုတ်လုပ်ခြင်းမှ ဆော့ဖ်ဝဲလ်များထုတ်လုပ်ခြင်း သို့စနစ်တကျ ကူးပြောင်းခဲ့သည်။Amalner ကိုအခြေခံသော vanapati ထုတ်လုပ်သော Western India PROducts ကုမ္ပဏီမှ ဝိုင်ပရို ထုတ်ကုန်ပစ္စည်းများလီမိတက်(Wipro Products Ltd)၊ ဝိုင်ပရို တက္ကနိုလိုဂျီ (Wipro Technologies) နှင့် ဝိုင်ပရို ကော်ပိုရေးရှင်း (Wipro Corporation) ဟူသော လုပ်ငန်းစုကြီးများ ဖြစ်လာခဲ့ကြသည်။ ပရမ်ဂျီ၏ မြင့်မားသော ရည်ရွယ်ချက်များဖြင့် ခေါင်းဆောင်မှုအောက်တွင် ဝိုင်ပရိုသည် အဆမတန် ကြီးထွားလာခဲ့သည်။ ဝိုင်ပရိုသည် General Electric နှင့် ပူးပေါင်း၍ လျှပ်စစ်မီးသီးများထုတ်လုပ်ခြင်းနှင့် အခြားလူသုံးကုန်ပစ္စည်းများကို ဆက်လက်ထုတ်လုပ်ခဲ့သည်။
၁၉၇၅ ခုနှစ်မှစတင်၍ Wipro Fluid Power စီးပွားရေးအုပ်စုမှ ဟိုက်ဒရောလစ်ဆလင်ဒါများနှင့် (tipper) တစ်ပ်ပါထရပ်ကားများကို ထုတ်လုပ်ခဲ့သည်။ ပရမ်ဂျီ၏ မြင့်မားသောရည်ရွယ်ချက်များမှာ ဤနေရာတွင်ရပ်တန့်မနေပဲ ၁၉၈၀ခုနှစ်တွင် အိုင်ဘီအမ်ကုမ္ပဏီ အိုင်တီစီးပွားရေးလုပ်ငန်းမှထွက်သွားခြင်းကို အခွင့်ကောင်းယူ၍ အိုင်တီဈေးကွက်တွင် ဝင်ရောက်နေရာယူနိုင်ခဲ့သည်။ ထို့နောက်တွင် Santinel မှ ပေးသော အထူးလိုင်စင်ဖြင့် ကွန်ပျူတာ ဟာ့ဒ်ဝဲလ်များ၊ ဆော့ဖ်ဝဲလ်များနှင်း ဆက်စပ်စ္စည်းများကို ထုတ်လုပ်ခဲ့သည်။ အကျိုးရလဒ်အဖြစ် ဒေါ်လာ ၁.၅သန်းတန် ဟိုက်ဒရိုဂျင်စားသုံးဆီနှင့်အဆီခဲများ ထုတ်လုပ်သော ကုမ္ပဏီလေးသည် ကမ္ဘာအနှ့ံအပြားတွင် အခြေစိုက်ရုံးများရှိသော ဒေါ်လာ ၆၆၂သန်းတန် ကုမ္ပဏီအုပ်စုကြီးဖြစ်လာပြီး ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆေးဘက်ဆိုင်ရာ နည်းစနစ်များ၊ တက္ကနိုလိုဂျီ(နည်းပညာ)သုံးထုတ်ကုန်များ နှင့် လူသုံးကုန်ပစ္စည်းများကို ကမ္ဘာတဝှမ်း ထုတ်လုပ်ဖြန့်ချိလျက်ရှိသည်။
ကုမ္ပဏီ၏ အိုင်တီလုပ်ငန်းဌာနသည် နောက်ဆုံးပေါ်အရည်အသွေးစံနှုန်းအတွက် ချီးမြှင့်သော SEI CMM အဆင့် ၅နှင့် PCMM အဆင့်၅ ဆုများကို ကမ္ဘာ့ပထမဆုံးအနေဖြင့် ရရှိခဲ့သည်။ နှစ်စဉ် ဘဏ္ဍာရေးရှင်းတမ်းအရ ကုမ္ပဏီ၏ ဝင်ငွေရာခိုင်နှုန်း အများဆုံးကို အိုင်တီလုပ်ငန်းမှ ရရှိသည် ဟုဆိုသည်။ ဝိုင်ပရိုသည် အခြားကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးများဖြစ်သော Alcatel (အဲလ်ကတဲလ်)၊ Nokia (နိုကီယာ)၊ Cisco (ဆစ်စ်ကို)၊ Erricsson (အဲရစ်ခ်စ်စင်န်)နှင့် Nortel (နော်တယ်လ်) တို့နှင့် လက်တွဲအလုပ်လုပ်ခဲ့သည်။ General Electric ကုမ္ပဏီနှင့် လည်းအကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့သည်။
ပရမ်ဂျီသည် Yasmeen(ရက်စ်မီးန်) နှင့် အိမ်ထောင်ကျပြီး သားသမီးနှစ်ဦး (Rishad-ရစ်စ်ဟက်ဒ် နှင့် Tariq-တာရစ်ဒ်) ထွန်းကားခဲ့သည်။ ရစ်စ်ဟက်ဒ်သည် Aditi (အဒီတီ) နှင့်အိမ်ထောင်ကျပြီး ယခု အိုင်တီလုပ်ငန်း၏ စီအီးအိုအဖြစ် တာဝန်ယူထားသည်။ ပရမ်ဂျီသည် ချမ်းသာသူတစ်ဦးဖြစ်စေကာမူ ငွေကြေးသုံးရာတွင် စေ့စပ်သေချာသူတစ်ဦး ဖြစ်သည်။ သူသည်ပလွှားခြင်းမရှိပဲ ခြိုးခြံချွေတာသူလည်းဖြစ်ကြောင်းကို သူစီးသော ကားဖြစ်သည့် တိုယိုတာကိုရိုလာကားက သက်သေခံလျက်ရှိသည်။ လေယာဉ်စီးလျှင် ရိုးရိုးတန်းမှ စီးခြင်း၊ ဇိမ်ခံဟိုတယ်ကြီးများတွင် မနေပဲ ကုမ္ပဏီ၏ တည်းခိုဆောင်များတွင်သာ နေထိုင်ခြင်း၊ သူ့သားမင်္ဂလာပွဲနေ့က နေ့လယ်စာကို တစ်ခါသုံးစက္ကူပန်းကန်ဖြင့် သုံးဆောင်ခဲ့ခြင်းတို့က သူ၏ရိုးရိုးနေတတ်သော စရိုက်ကို ထင်ဟပ်လျက်ရှိသည်။
ပရမ်ဂျီ၏ စီမံခန့်ခွဲမှုအောက်တွင် ဝိုင်ပရိုကုမ္ပဏီ အလွန်လျင်မြန်စွာတိုးတက်လာခဲ့ခြင်းကြောင့် Business Week (ဘစ်ဇ်နပ်စ် ဝီးခ်) မှ သူ့အား အထူးချွန်ဆုံးသောစွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များထဲတွင် တစ်ဦးအပါအဝင် အဖြစ် ဂုဏ်ပြုခဲ့သည်။
ဤဖောင်ဒေးရှင်းကို အဇင်းမ် ပရမ်ဂျီ၏ ငွေကြေးထောက်ပံ့မှုဖြင့် တည်ထောင်ခဲ့ပြီ ၎င်း၏ ဆောင်ပုဒ်မှာ “အစိုးရနှင့် အခြားဆက်စပ် လူထုအကျိုးပြု အဖွဲ့အစည်းများနှင့်တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်၍ အဓိကလူမှုရေးပြဿနာများကို ထိထိမိမိကိုင်တွယ် ဖြေရှင်းပြီး ထင်သာမြင်သာသော ရလဒ်များရရှိစေရေး” ဖြစ်သည်။
ဖောင်ဒေးရှင်း၏ အဓိကစီမံကိန်းမှာ “ကျောင်းပညာရေးအရည်အသွေးကို ထိရောက်စွာ မြှင့်တင်ပေးနိုင်ပြီး လူထုကိုလည်းစိတ်ကျေနပ်မှုပေးနိုင်သော သင်ခန်းစာ မော်ဒယ်လ်များ ရေးသားခြင်း” ဖြစ်သည်။ ထိုစီမံကိန်း၏ ရည်ရွယ်ချက်မှာ အိန္ဒိယနိုင်ငံရှိ မူလတန်းပညာရေးစနစ် တသမတ်တည်း ဖြစ်စေရန်ဖြစ်သည်။ အခြေခံပညာရေးစနစ် အရည်အသွေးတိုးတက်ရေး(အထူးသဖြင့်ကျေးလက်တောရွာရှိကျောင်းများအတွက်)ကို နှစ်ပေါင်းများစွာကပင် အဓိကထားလုပ်ဆောင်ခဲ့သည်။
အဇင်းမ် ပရမ်ဂျီဖောင်ဒေးရှင်းသည် နည်းပညာအသစ်အဆန်းအဖြစ် Personal ကွန်ပျူတာ တစ်လုံးထဲဖြင့် display terminal ၃ခု၊ keyboard ၃ခု၊ mouse ၃ခု ချိတ်ဆက်၍ ကွန်ပျူတာ ၃လုံးအဖြစ် အသုံးပြုနိုင်သော နည်းပညာကို တင်ပြခဲ့သည်။
၂၀၀၅ ခုနှစ် နှစ်ဦးပိုင်းတွင် အိန္ဒိယကျောင်းများအတွက် ပညာရေးအထောက်အကူပြု စီဒီအသစ် ၅မျိုးကို ထုတ်ဝေပေးခဲ့သည်။၎င်းတို့မှာ-
အထက်ပါ စီဒီခွေများကို စာတန်းထိုး ဘာသာစကား ၇၀ ဖြင့်ဖြန့်ချိပေးခဲ့သည်။
ယခုအခါတွင် ကာနာတကနယ်အတွက် စာတန်းထိုး ဘာသာစကား ၆၈ခု၊ အန်ဒရာပရာဒက်ရှ်နယ်အတွက် စာတန်းထိုး ဘာသာစကား ၄၂ခု၊ တမီးလ်နဒုနယ်နှင့် ပွန်ဒီချယ်ရီနယ် အတွက် စာတန်းထိုး ဘာသာစကား ၃၅ခု၊ အူရူဒူးနယ်ရှိ အလယ်တန်းအတွက် စာတန်းထိုး ဘာသာစကား ၁၈ခု၊ အိုရစ်စာနယ်အတွက် စာတန်းထိုး ဘာသာစကား ၆ခု၊ ဂူဂျာရက်နယ်အတွက် စာတန်းထိုး ဘာသာစကား ၁၄ခု၊ ပွန်ဂျက်နယ်အတွက် ၃ခုနှင့် ကီရာလနယ်အတွက် ၁ခု တို့ကို ဘာသာပြန်စာတမ်းထိုးပေးပြီး ဖြစ်သည်။
ဖောင်ဒေးရှင်းအနေဖြင့် အန်ဒရာပရာဒက်ရှ်နယ်တွင် ကောက်ယူခဲ့သော ကွန်ပျူတာနည်းပညာကို အခြေခံပြီး ကောက်ယူခဲ့သော စစ်တမ်း ( ၂၀၀၅ခုနှစ်အစောပိုင်းတွင် ကျောင်းသားပေါင်း ၅၀,၀၀၀ ထံမှ ကောက်ယူ)၊ ပညာလေ့လာသင်ယူခြင်း အာမခံအစီအစဉ် နှင့် ကာနာတာကရှိ ပေါ်လစီရေးဆွဲခြင်းလုပ်ငန်းများတွင် ပါဝင်ခဲ့သည်။
၂၀၁၀ခုနှစ် ဒီဇင်ဘာတွင် အိန္ဒိယနိုင်ငံရှိ ကျောင်းများတိုးတက်ရေးအတွက် ဒေါ်လာ ၂ ဘီလီယံလှူဒါန်းရန် ကတိပြုခဲ့သည်။ ထိုသို့ပြုလုပ်ရန်အတွက် ဝိုင်ပရိုကုမ္ပဏီတွင် ၂၁၃ မီလီယံနှင့်ညီမျှသည့် သူပိုင်ဆိုင်သော ရှယ်ယာများကို အဇင်းမ် ပရမ်ဂျီဖောင်ဒေးရှင်းသို့ လွှဲပြောင်း ပေးရမည်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းမှာ အိန္ဒိယဘီလျံနာ များကြားတွင် ပထမဆုံးအကြိမ် ဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.