အမေရိကန် သတင်းစာဆရာ From Wikipedia, the free encyclopedia
အမေရိကန် သတင်းစာဆရာတစ်ဦးဖြစ်သူ အဂ္ဂါပတ်စနိုးသည် သတင်းစာလောကတွင်သာမက စာရေးဆရာလောကတွင်လည်း ကျင်လည်ခဲ့သူတစ်ဦးဖြစ်သည်။ တရုတ်ပြည်ရေးရာ ပါရဂူတစ်ဦးအဖြစ် လူသိများခဲ့သည်။ စနိုးကို အမေရိကန် ပြည်ထောင်စု ကန်းဆပ်မြို့၌ ၁၉ဝ၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ အဘ၏မျိုးနွယ်သည် အိုင်းရစ်နှင့် အင်္ဂလိပ်မျိုးနွယ်ဝင်ဖြစ်သည်။ အမိ၏မျိုးနွယ်မှာ အိုင်းရစ်နှင့် ဂျာမန်မျိုးနွယ်ဝင် ဖြစ်သည်။
အဂ္ဂါစနိုးသည် ငယ်ရွယ်စဉ်က အမေရိကန် ပြည်ထောင်စု ကန်းဆပ်ဂျူနီယာ ကောလိပ်၌ပညာဆည်းပူးခဲ့ပြီးနောက် မစ်ဆူးရီတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့လေသည်။ စနိုး၏ ဖခင်ဖြစ်သူသည် စီးပွားရေးသတင်းစာ တစ်စောင်၏ အယ်ဒီတာအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး စာပုံနှိပ်စက် တစ်လုံးကို တည်ထောင်ထားရှိခဲ့သည်။
အဂ္ဂါစနိုးသည် ဖခင်ဖြစ်သူ၏ စာပေလုပ်ငန်းများကို ဝင်ရောက်တာဝန်ယူ ဆောင်ရွက်ရင်း စာပေလောကနှင့် ရင်းနှီးမှုများ ရရှိခဲ့သည်။ သတင်းစာလောကတွင် ကျင်လည်ကာ ကမ္ဘာအရပ်ရပ်သို့ လှည့်လည်၍ ဗဟုတုတများကို ရှာဖွေလိုသော စနိုးသည် ငယ်စဉ်ကပင် ကမ္ဘာ့အရှေ့တိုင်းဖျား ဒေသများသို့ စွန့်စားသွားလို စိတ်ရှိခဲ့သူတစ်ဦးဖြစ်လေသည်။
တက္ကသိုလ်တွင် ရှိစဉ်က သတင်းစာဆရာသင်တန်းများလည်း တက်ခဲ့သည်။ ကန်းဆပ်မြို့ထုတ် သတင်းစာတစ်စောင်တွင်လည်း အလုပ်လုပ်ခဲ့ဖူးသည်။ ထို့နောက်နယူးယော့မြို့သို့ ပြောင်းရွှေ့လာပြီးသတင်း စာတိုက်တစ်ခုတွင် အလုပ်လုပ်နေစဉ် ၁၉၂၈ ခုနှစ်တွင် စွန့်စားလိုစိတ်ရှိ၍၎င်း၊ နိုင်ငံရပ်ခြား ဗဟုသုတကို ရလို၍ တစ်ကြောင်း ကမ္ဘာ့အရှေ့ဖျားနိုင်ငံများသို့ ခရီးထွက်ခဲ့သည်။ ထိုစဉ်က အဂ္ဂါစနိုးသည် အသက် ၂၂ နှစ်မျှသာ ရှိသေးသည်။
တရုတ်နိုင်ငံသို့ရောက်ရှိသောအခါ ရှန်ဟဲမြို့ထုတ် ချိုင်းနား ဝိကလီးရီဗြူး စာစောင်တွင် လက်ထောက်အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ အမေရိကန်သတင်းစာရှီကာဂိုထရီဗြွန်း အတွက် လက်ထောက် သတင်းထောက်အဖြစ်လည်း ဆောင်ရွက်သည်။ အဂ္ဂါစနိုးသည် ယင်းသို့လုပ်ငန်းတာဝန်ကို တစ်ဖက်မှ ဆောင်ရွက်ရင်း တစ်ဖက်မှလည်း တရုတ်နိုင်ငံနှင့် ပြည်သူလူထု၏ အခြေအနေကို လေ့လာသည်။ တရုတ်ဘာသာစကားကိုလည်း သင်ယူတတ်မြောက်ထားလေသည်။
၁၉၃ဝ-၃၄ ခုနှစ်များအတွင်း သတင်းစာ မဟာလီမိတက်အတွက် အိန္ဒိယ၊ တရုတ်နှင့် မန်ချူးရီးယားနိုင်ငံများဆိုင်ရာ သတင်းထောက်အဖြစ်လည်းကောင်း၊ ၁၉၃၄-၃၇ ခုနှစ်များတွင် နယူးယော့ဆန်း သတင်းစာအတွက်လည်းကောင်း၊ ၁၉၃၂-၃၉ ခုနှစ်များတွင် လန်ဒန်မြို့ထုတ် ဒေလီဟယ်ရယ် သတင်းစာအတွက်လည်းကောင်း၊ အထူးသတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။
တစ်ဖက်တွင် သတင်းစာဆရာအဖြစ် ဆောင်ရွက်ရင်း အဂ္ဂါစနိုးသည် ပေပင်မြို့ ယင်ချင်တက္ကသိုလ်တွင်လည်း ကထိကအဖြစ် ၁၉၃၄-၃၅ ခုနှစ်အတွင်း အမှုထမ်းခဲ့သေးသည်။ ထိုစဉ်က စနိုး၏ တပည့်များတွင် ယနေ့တရုတ် ပြည်သူ့သမ္မတ နိုင်ငံ၏ ရှေ့တန်းခေါင်းဆောင်ကြီးများ ဖြစ်နေကြသူများ အတော်များများ ပါဝင်လေသည်။ စနိုးသည် ၁၉၃၆ ခုနှစ်တွင် တရုတ်နိုင်ငံသစ်၏ ဥက္ကဋ္ဌကြီးဖြစ်လာမည့် မော်စီတုံးနှင့် ဝန်ကြီးချုပ် ဖြစ်လာမည့် ချူအင်လိုင်းတို့အား ပထမဆုံး တွေ့ဆုံခွင့်ရခဲ့သော နိုင်ငံခြားသတင်းထောက် ဖြစ်သည်။
တရုတ်နိုင်ငံတွင် နိုင်ငံသားတစ်ဦးကဲ့သို့ ခုနစ်နှစ်ကြာ နေထိုင်ပြီးနောက်မှ အဂ္ဂါစနိုးသည် ကမ္ဘာကျော်ခဲ့သော တရုတ်နိုင်ငံပေါ်မှ ကြယ်နီ(၁၉၃၇) စာအုပ်ကို ရေးသားခဲ့သည်။ အခြားစာအုပ်များလည်း ဆယ်အုပ်မက ရေးသားခဲ့ရာ အရှေ့ဖျားမှ ရှေ့တန်းစစ်မျက်နှာ (၁၉၃၄)၊ လောင်ကျွမ်းထားသည့်မြေ (၁၉၄၁)၊ ဆိုဗီယက်တို့၏ စွမ်းအား (၁၉၄၅)၊ တရုတ်နိုင်ငံ၏ ပြောင်းလဲမှုကြီး (၁၉၆၂)တို့ ပါဝင်သည်။
အဂ္ဂါစနိုးသည် ၁၉၄၂-၄၆ ခုနှစ်များတွင် စစ်အတွင်း အမေရိကန်နှင့် ဗြိတိသျှ သတင်းထောက် အဖြစ်ဖြင့် ရုရှ၊ အိန္ဒိယ၊ မြောက်အာဖရိက၊ ဗြိတန်၊ ပြင်သစ်၊ ဂျာမနီ၊ ဩစတြီးယား၊ တရုတ်နှင့် ဂျပန် နိုင်ငံများသို့ လှည့်လည် တာဝန်ထမ်းဆောင်ခဲ့ရပြီး အမေရိကန် တပ်မတော်၏ အသိအမှတ် ပြုခြင်းကို ၁၉၄၅ ခုနှစ်တွင် ခံယူရသည်။
၁၉၄၇-၄၈ ခုနှစ်တွင် ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသနှင့် အိန္ဒိယနိုင်ငံ များဆိုင်ရာ သတင်းထောက်အဖြစ် ဆောင်ရွက်ရပြန်ပြီး ဆက်လက်၍လည်း သတင်းစာလောကတွင် ကျင်လည်ခဲ့ရသည်။
စစ်ပြီးခေတ်တွင် အဂ္ဂါစနိုးသည် တရုတ်၊ အိန္ဒိယနှင့် ဆိုဗီယက်နိုင်ငံနှင့် စပ်လျဉ်းသော ရေးရာပါရဂူအဖြစ် သတင်းစာလောကတွင် ဆောင်ရွက်သည်။ ၁၉၅၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ဟားဗဒ်တက္ကသိုလ်တွင် သုတေသန အထူး အတိုင်ပင်ခံအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သေးသည်။
အဂ္ဂါစနိုးသည် သတင်းစာလောကတွင် ဆက်လက် ကျင်လည်ကာ တရုတ်ရေးရာ ပါရဂူတစ်ဦးအဖြစ် ဆောင်ရွက်ရင်း ၁၉၇၂ ခု ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဆွစ်ဇာလန် နိုင်ငံတွင် ကွယ်လွန်သွားသည်။[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.