From Wikipedia, the free encyclopedia
အက်ဒွပ်လီယာ (ခရစ် ၁၈၁၂ - ၁၈၈၈)သည် အင်္ဂလိပ်လူမျိုး ပန်းချီဆရာနှင့်ကဗျာဆရာဖြစ်သည်။ သူစပ်ဆိုသော ကဗျာများမှာ တောက်တီးတောက်တဲ့ ကဗျာဟုဆိုအပ်သော ကြံကြံဖန်ဖန် ရေးစပ်သော ကဗျာများဖြစ်၏။ အင်္ဂလိပ်ဘာသာဖြင့် လင်းမရစ်ကဗျာဟုခေါ်သည်။ သူစပ်ဆိုသော ကဗျာများအတွက် အရုပ်များကို သရုပ်ပါစွာ သူကိုယ်တိုင်ရေးခြယ်သည်။ လီယာသည် လန်ဒန်မြို့၌ ခရစ် ၁၈၁၂ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင်မွေးဖွားသည်။ မွေးချင်း၂၁ ယောက်အနက် အထွေးဆုံးဖြစ်သည်။ ပထမဦးဆုံး လီယာရေးဆွဲသော ရုပ်ပုံများမှာ ငှက်ပုံများဖြစ်၏။ အသက် ၂ဝ အရွယ်တွင် လှပစွာ ဆေးရောင်စုံခြယ်ထားသော ငှက်ပုံအချို့ကို စာအုပ် ထုတ်လေ၏။ ဒါဗီအမတ်ကြီးသည် ထိုစာအုပ်၌ပါသော ပုံများကို အလွန် သဘောကျနှစ်သက်သဖြင့် လီယာအား နိုးစလေ၌ မွေးမြူထားသော တိရစ္ဆာန်များပုံကို ရေးဆွဲခိုင်းလေသည်။
လီယာသည် အမတ်ကြီး၏ အိမ်သားများနှင့် ရင်းနှီးလာသဖြင့် ထိုအမတ်ကြီး၏ ကလေးများအတွက် တောက်တီးတောက် တဲ့ ကဗျာများကို ရေးစပ်ပေးလေသည်။
ငှက်များကို ရေးဆွဲရာမှ တောတောင်တို့၏ ရှုခင်းများရေးဆွဲခြင်းကို လေ့လာပြန်သည်။ ၁၈၃၇ ခုနှစ်ခန့်တွင် လီယာသည် ရောမမြို့၌ ပန်းချီ ခန်းတစ်ခုဖွင့်ကာ ဆယ်နှစ်မျှ နေထိုင်ခဲ့လေသည်။ နွေရာသီများတွင် အီတလီနှင့် စစ္စလီကျွန်းစသော မြေထဲပင်လယ်ဒေသများသို့ အလည်အပတ် သွား၏။ ရံဖန်ရံခါ အင်္ဂလန်နိုင်ငံသို့ ပြန်လာတတ်သည်။
ရောမမြို့၌ ရှိနေစဉ် တောပုံတောင်ပုံ ပန်းချီကားများဖြင့် ဝေဆာနေသော ရုပ်စုံဂျာနယ် တစ်စောင်ကိုထုတ်ဝေသည်။ လီယာရေးခဲ့သော ကလေးများအဖို့ ရယ်ရွှင်ဖွယ်စာအုပ် နှစ်အုပ်မှာ ကမ္ဘာကျော် ဖြစ်လာ၏။ ထိုစာအုပ်များတွင် သူကိုယ်တိုင် ရုပ်ပြောင်များ ရေးဆွဲထားလေသည်။ သူ ရေးဆွဲသော ရုပ်ပုံများမှာ ကလေးမျာအဖို့အလွန် ရယ်စရာကောင်းသောပုံများ ဖြစ်သည်။ ပုံစံအားဖြင့် လူအိုကြီးတစ်ယောက်၏ ကြီးမား ရှည်လျားသော မုတ်ဆိတ်အတွင်း၌ ဇီးကွက်နှစ်ကောင်၊ ကြက်တစ်ကောင်၊ နှံပြည်စုတ်တစ်ကောင်နှင့် မိုးစွေငှက်လေးကောင်တို့ အသိုက်အအုံဖွဲ့နေသည့် ပုံမျိုးဖြစ်သည်။ လီယာသည် ဆီဆေးရေးအတတ်၌ အထူးကျွမ်းကျင်သော်လည်းတောက်တီး တောက်တဲ့ပုံပြင်များကြောင့် ပို၍ကျော်စောလေသည်။ ၁၈၈၈ ခုနှစ်၊ ဇန်နဝါရီလ ၃ဝ ရက်နေ့တွင် ဆန်ရီမိုမြို့၌ ဟာသပုံပြင်ဆရာ အက်ဒွပ်လီယာ ကွယ်လွန်လေသည်။[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.