အက်ဒမန် ကတ္တရိုက်
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
အက်ဒမန် ကတ္တရိုက် သည် အင်္ဂလိပ်လူမျိုး တီထွင်သူတစ်ယောက်ဖြစ်သည်။[1] ၁၈ ရာစုနှစ် အလယ်ပိုင်းအလွန်လောက်တွင် ခြည်ငင်စက်များပေါ်ထွက်လာပြီ ဖြစ်သော်လည်း အထည်ရက်လုပ်ရေးတွင်ကား ရှေးဟောင်း လက်ရက်ကန်းစင်များဖြင့်သာ ရက်လုပ်နေကြသေးသဖြင့် ခရီး ရောက်သင့်သလောက် မရောက်သေးပေ။ ချည်ငင်စက်များမှ ချည်မျှင် အထွက်များသလောက် လက်ရက်ကန်းသမားများက နိုင်အောင်မရက်လုပ်နိုင်သောကြောင့် လက်ရက်ကန်းများကို စက်ရက်ကန်းများ အဖြစ် ပြုပြင်ပြောင်းလဲပေးရန် အချိန်ကျရောက်လာသည့်အားလျော်စွာ လက်ရက်ကန်းလုပ်ငန်းများကို တစ်မျိုးတစ်ဖုံပြောင်းလဲစေမည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်သည် အင်္ဂလန်ပြည်တွင် အချိန်မှီပေါ် ပေါက်လာခဲ့လေသည်။ ထိုသူမှာ အင်္ဂလန်နိုင်ငံသား အက်ဒမန် ကတ္တရိုက် ဖြစ်သည်။
အက်ဒမန် ကတ္တရိုက်သည် အင်္ဂလန်နိုင်ငံ နော့တင်ဂမ်ရွိုင်ယာနယ် မန်းဟမ်းရွာတွင် ၁၇၄၃-ခုနှစ် ဧပြီလ ၂၄-ရက်နေ့၌ ဖွားမြင်သည်။ သူသည် ကြွယ်ဝချမ်းသာသောမျိုးရိုးမှ ဆင်းသက်လာသူဖြစ်သဖြင့် စာပေကို ကောင်းမွန်စွာ သင်ကြားနိုင်ခဲ့သည်။ သူသည် အောက်စဖို့ တက္ကသိုလ်မှ စာပေနှင့် အယူဝါဒရေးကို အထူးလေ့လာ အားထုတ်ခဲ့သည်။ ထို့ကြောင့် ရေဖျန်းဂိုဏ်းဝင်ဘုန်းတော်ကြီး ဖြစ်လာခဲ့သည်။
သူ့ခေတ်သူ့အခါက ချည်ငင်စက်များ ပေါ်ထွက်နေပြီဖြစ်သော်လည်း အထည်ရက်လုပ်ရေးတွင်ကား ရှေးဟောင်း လက်ရက်ကန်းစင်များဖြင့်သာ ရက်လုပ်နေကြသည်။ ချည်ငင်စက်များမှ ချည်မျှင်အထွက်များသလောက် လက်ရက်ကန်းသမားများက နိုင်အောင် မရက်လုပ်နိုင်သောကြောင့် အကျပ်အတည်းများ တွေ့ကြုံလျက် ရှိနေကြသည်။
၁၇၈၄ ခုနှစ် သာယာသောနေ့တစ်နေ့တွင် မန်ချက်စတာ အထည်သည်အချို့ စကားလက်ဆုံကျနေခိုက် ခြည်ငင်စက် ထွင်သူ အတ်ကရိုက်အကြောင်းကို ရောက်သွားရာ ကတ္တရိုက်သည် ရက်ကန်းလုပ်ငန်းတွင် အတော်ပင် စိတ်ဝင်စားမိ လေသည်။ ရှေးရှေးက စာပေနှင့် အယူဝါဒရေးတွင်သာ ပျော်မွေ့ လာခဲ့သော်လည်း ချည်ငင်စက်သာမက လက်ရက်ကန်းမှ စက်ရက်ကန်းဖြစ်အောင် ကြံဆောင်လုပ်ကိုင်သင့်သည်ဟုအဆိုပါ မိတ်ဆွေများအား ကတ္တရိုက်က ပြန်ပြောလိုက်မိပေသေးသည်။
အတ်ကရိုက် ချည်ငင်စက်အကြောင်းကို ကြားရသည့်နေ့မှ စ၍ စက်ရက်ကန်းတီထွင်ရန် ကတ္တရိုက်စိတ်ကူးခဲ့သည်။ ရှေးက ရက်ကန်းစက်ကို မပြောထားဘိဦး၊ ချည်ငင်စက်ကိုပင် မတွေ့ မြင်ဘူးသော ကတ္တရိုက်သည် ထိုမိတ်ဆွေများနှင့် တွေ့သည့် နေ့မှစ၍ အယူဝါဒရေးနှင့် စာပေကို လုံးဝစွန့်လွှတ်ပြီးလျှင် စက်ရက်ကန်းကို စတင်လုပ်ကိုင်ရာ တစ်နှစ်အတွင်း ထမြောက် အောင်မြင်၍ ၁၇၈၅ ခုနှစ်တွင် မူပိုင်ခွင့် မှတ်ပုံ တင်ခဲ့လေသည်။
လက်ရက်ကန်းတွင် အတိုင်နှင့် အဖောက်ဟူ၍ ချည်နှစ်မျိုး ထားသည်။ တိုင်ခြည်ကို အလျားလိုက်ထားပြီးလျှင် ဖောက်ချည်က ထိုတိုင်ခြည်ကို ကန့်လန့်ဖြတ်ပြီး ရက်ရသည်။ ထိုဖေါက် ခြည်ကို လွန်းတွင်ထည့်ကာ တိုင်ချည်များကြားမှ ရှေ့နောက် အပြန်အလှန် တက်ဖြင့် ထိုးသွင်းပေးရသည်။ ကတ္တရိုက်၏စက်ရက်ကန်းသည် လက်ရက်ကန်းနှင့် အလားတူ စီမံထားသော်လည်း လွန်းကို ရေအားဖြင့်လည်စေသော စက်ဖြင့် အလိုအလျောက် ရှေ့နောက်အပြန်အလှန်သွားအောင် စီမံထားလေသည်။ ၁၇၈၆ နှင့် ၁၇၈၇ ခုနှစ်များတွင်မူကား သူ၏စက်ရက်ကန်းတွင် လိုအပ်သောအချက်များကို ထပ်လောင်းဖြည့်စွက်လိုက်သဖြင့် လွန်းသာလျှင် အလိုအလျောက် အပြန်အလှန်သွားနိုင်သည် မဟုတ်သေး၊ တိုင်ချည်များကိုလည်း လွန်းဖောက်သည့်အခါ အသင့်ဖြစ်စေရန် အထက်အောက်လမ်းခွဲ၍ ပေးထားနိုင်အောင် စီမံထားလေသည်။ နောက်ဆုံး ချွတ်ယွင်းချက်ကလေးများကို ထပ်လောင်းဖြည့်စွက် လိုက်သောအခါ ယခုခေတ်သုံး စက်ရက်ကန်းမျိုး ဖြစ်လာလေသည်။
ယင်းကဲ့သို့ ကတ္တရိုက်၏ စက်ရက်ကန်းများ ပေါ်ထွက်လာသည်နှင့်တပြိုင်တက် လက်ရက်ကန်းသမားများက သူတို့၏စားလမ်းပိတ်ပြီဟု ယူဆသဖြင့် သူ့အား ရန်သူကြီးပမာ သဘောထားကြတော့သည်။ သို့ဖြင့် ၁၇၉၁-ခုနှစ်တွင် မန်ချက်စတာမြို့ရှိ သူ၏စက်ရုံကို မီးတင်ရှို့ကြရာ သူ၏ စက်ရက်ကန်းပေါင်းများစွာ မီးလောင်ကျွမ်းသွားလေသည်။
သို့သော် သူသည် စိတ်ပျက်ခြင်း အလျဉ်းမရှိပေ။ ၁၇၈၉-ခုနှစ်တွင် သိုးမွေးချည်ဖြီးစက် တခုကိုပင် အသစ်တီထွင်လိုက်ပေသေးသည်။ ထိုစက်ကို မူပိုင်တင်ရန် အစိုးရသို့ လျှောက်ထားရာ အမှုအခင်းဖြစ်သဖြင့် ငွေအမြောက်အမြားကုန်ဆုံးသွားရရှာသည်။
သူသည် ကြိုးကျစ်စက်နှင့် လယ်ယာစိုက်ပျိုးရာတွင် အသုံးပြုသော စက်ကိရိယာအမျိုးမျိုးတို့ကိုလည်း တီထွင်ခဲ့သည်။ သူ၏တီထွင်မှုများမှာ လူ့လောကကြီးတွင် အဖိုးမဖြတ်နိုင်အောင် အသုံးဝင်သည်။ သို့သော် လူမသမာတို့၏ လက်ချက်ဖြင့် ပျက်စီးဆုံးရှုံးရသော သူ့စက်ရုံများ၏ တန်ဖိုး မကာမိအောင်ရှိနေသဖြင့် အခက်ကြုံတွေ့နေရသည်။ သို့ဖြင့် ၁၈၀၉-ခုနှစ်တွင် သူ၏တီထွင်မှုများကို အားပေးသောအားဖြင့် ဗြိတိသျှပါလီမန်က သူ့အား ပေါင် ၁၀,၀၀၀-ဆုငွေ ချီးမြှင့်လိုက်သည်။
ထိုရရှိသောငွေဖြင့်ပင် ကင့်နယ်၌ မြေယာတခုဝယ်ပြီးနောက် သိပ္ပံပညာဆိုင်ရာ တီထွင်မှုနှင့် လက်တွေ့စမ်းသပ်မှုများကိုသာ ကြံစည်လုပ်ကိုင်ခြင်းဖြင့် သူသည် အချိန်ကို ကုန်လွန်စေခဲ့သည်။ သို့ဖြင့် သူ အသက် ၈၀-နှစ်၊ ၁၈၂၃-ခုနှစ် အောက်တိုဘာလ ၃၀-ရက်နေ့တွင် ဟေးစတင်းမြို့၌ ကွယ်လွန်အနိစ္စ ရောက်လေသည်။ [2][3]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.