ကီးဘုတ်တူရိယာတစ်မျိုး From Wikipedia, the free encyclopedia
ဟာ့ပ်ဆီကော့ဒ် သို့မဟုတ် ချမ်ဘလို[မှတ်စု 1] (အင်္ဂလိပ်: harpsichord၊ အီတလီ: clavicembalo၊ ပြင်သစ်: clavecin၊ ဂျာမန်: Cembalo၊ စပိန်: clavecín၊ ပေါ်တူဂီ: cravo) သည် စန္ဒရားကဲ့သို့သော ကီးဘုတ်တူရိယာတစ်မျိုးဖြစ်သည်။ ပိုက်အော်ဂန်နှင့်နည်းတူ ဟာ့ပ်ဆီကော့ဒ်တွင် မန်နူအယ် (manual) ခေါ်ကီးဘုတ်ခလုတ်အလွှာ တစ်ခုထက်ပို၍ပါရှိနိုင်ပြီး စတေ့ာပ် (stop) ခေါ် အသံပြောင်းခလုတ်များလည်း ပါရှိနိုင်သည်။ ထိုစတော့ပ်များသည် အသံကိုအောက်တေ့ဗ် (octave) တစ်ဆင့်မြှင့်ပေးခြင်း သို့မဟုတ် နှိမ့်ပေးခြင်း၊ လု(တ်) (Lute) ဟုခေါ်သော တူရိယာ၏အသံဖြင့် တီးခတ်နိုင်အောင်ပြုလုပ်ပေးခြင်း စသည်တို့ကိုပြုလုပ်ပေးနိုင်သည်။ စန္ဒရားနှင့်မတူညီသောအချက်မှာ ယင်းတူရိယာသည် ကြိုးကိုလက်ချောင်းများဖြင့်ခတ်သည့်ပုံစံမျိုးကို အခြေခံထားသည်။
ဟာ့ပ်ဆီကော့ဒ်သည် ဉာဏ်သစ်အရေးတော်ပုံခေတ်နှင့် ဘားရော့ခ်ခေတ်များတွင် အသုံးတွင်ကျယ်ခဲ့သည်။ တူရိယာတစ်ခုတည်းဖြင့် ဖျော်ဖြေရာတွင်လည်းကောင်း အခြားတူရိယာများနှင့် တွဲ၍သော်လည်းကောင်း တီးခတ်ကြသည်။ ယခုအခါတွင် တီးခတ်မှုမရှိသော်လည်း အချို့သောဖျော်ဖြေပွဲများတွင် တီးခတ်ကြသေးသည်။ ဒစ်ဂျစ်တယ်စန္ဒရားအများစုတွင် ယင်းတူရိယာအသံကို ထည့်သွင်းထားကြသည်။
ဟာ့ပ်ဆီကော့ဒ်၏ဝေါဟာရသည် လက်တင်စကားလုံးများ ဖြစ်ကြသော "harpa" (စောင်း) နှင့် "chorda" (ကြိုး) တို့ကိုပေါင်းစပ်ရာမှ "harpechorde" ဟူသောပြင်သစ်စကားလုံး ဖြစ်လာသည်။[မှတ်စု 2] ထိုမှတစ်ဆင့် "harpsichord" ဟူ၍ဖြစ်လာသည်။
ဥရောပဘာသာစကားအများစုသည် ချမ်ဘလို (Cembalo) အခေါ်အဝေါ်ကိုအသုံးပြုကြသည်။ ယင်းဝေါဟာရသည် လက်တင်စကားလုံးများဖြစ်ကြသော "clavis" (ကီးခလုတ်) နှင့် "cymbalum" (ခွက်ခွင်း) တို့ပေါင်းစပ်ရာမှ "clavicymbalum" ဟူ၍ဖြစ်လာသည်။ ထိုစကားလုံးမှ အီတာလျံစကားလုံး "clavicembalo" ဟူ၍ဖြစ်လာရာ "cembalo" ဟု အတိုချုံ့ခဲ့သည်။
ဟာ့ပ်ဆီကော့ဒ်ကို အလယ်ခေတ်နှောင်းပိုင်းတွင် တီထွင်ခဲ့သည်ဟု ယူဆကြသည်။ ယင်းတူရိယာသည် ဆော်ထရီ (Psaltery)[မှတ်စု 3] ခေါ် စောင်းတူရိယာတစ်မျိုးမှ ဆင့်ကဲဖြစ်ပေါ်လာသည်။ ဆော်ထရီ၏ ကြိုးတပ်ဆင်ထားမှုမှာ စန္ဒရားအတွင်းကြိုးတပ်ဆင်ထားမှုနှင့် ဆင်တူသည်။ ၁၄၄၀ ခုနှစ် တွင် ဟင်နရီ အာနောက်(တ်) ဒီ ဇဝိုးလဲ (Henri Arnaut de Zwolle) သည် ဂီတတူရိယာကျမ်းကို ပြုစုခဲ့ရာ စောင်းကို လက်ဖြင့်မတီးခတ်ရဘဲ ခလုတ်ဖြင့်သာတီးခတ်နိုင်သော တူရိယာသုံးမျိုးရှိသည်ဟု ရေးသားထားပြီး ခလုတ်၏လုပ်ဆောင်ချက်ကိုလည်းရှင်းပြထားသည်။ ယင်းတူရိယာသုံးမျိုးအနက် "Clavicymbalum" မည်သော တူရိယာသည် ဟာ့ပ်ဆီကော့ဒ်နှင့် အနီးစပ်ဆုံးဖြစ်သည်။
၁၆ ရာစုတွင် အီတလီနိုင်ငံ၌ အလေးချိန်ပေါ့ပါးသော ဟာ့ပ်စီကော့ဒ်များကို ပြုလုပ်လာကြသည်။ နယ်သာလန်နိုင်ငံတောင်ပိုင်းတွင်လည်း ယင်းတူရိယာ၏ အသံပိုမိုကောင်းမွန်စေရန် နာမည်ကြီးဟာ့ပ်ဆီကော့ဒ်ပြုလုပ်သူများ ဖြစ်ကြသော ရုကာစ် (Ruckers) မိသားစုမှ ပြုလုပ်ခဲ့ကြသည်။ ဖလမ်းမစ်ရှ်ဟာ့ပ်ဆီကော့ဒ် (Flemish harpsichord) ခေါ် ဒတ်ခ်ျလူမျိုးတို့ပြုလုပ်သော ဟာ့ပ်ဆီကော့ဒ်သည် နောင်ပြုလုပ်မည့် ဟာ့ပ်ဆီကော့ဒ်များအတွက် စံနမူနာဖြစ်လာခဲ့သည်။
ပြင်သစ်နိုင်ငံတွင် ဟာ့ပ်ဆီကော့ဒ်ကို ကီးဘုတ်တစ်ခုထပ်ဆင့်၍ထည့်ခဲ့ပြီး ကီးဘုတ်အလွှာတစ်လွှာစီတွင် ကြိုးအစုတစ်စုစီသက်သက်ဖြင့် ပြုလုပ်နိုင်ခဲ့ကြသည်။ ပြင်သစ်ဟာ့ပ်ဆီကော့ဒ်ပြုလုပ်သူများတွင် ဘလန်ရှတ် (Blanchet) မိသားစု နှင့် ပါစကယ် တက်စ်ကင် (Pascal Taskin) တို့မှာနာမည်ကြီးပြုလုပ်ကြသူများ ဖြစ်ကြသည်။ အင်္ဂလန်နိုင်ငံနှင့် ဂျာမနီနိုင်ငံ တွင်လည်း ဟာ့ပ်ဆီကော့ဒ်များကို မိမိတို့ကိုယ်ပိုင်နည်းစနစ်များဖြင့် ပြုလုပ်ခဲ့ကြသည်။ ထို့သို့နိုင်ငံအလိုက် ပြုလုပ်နည်းဟန် ကွဲပြားခဲ့သော်လည်း ပြင်သစ်ဟာ့ပ်စီကော့ဒ်များမှာ နာမည်အကြီးဆုံးနှင့် အသုံးအများဆုံးဖြစ်သည်။
၁၈ ရာစုတွင် စန္ဒရားများ ဝင်ရောက်လာမှုကြောင့် ဟာ့ဆီကော့ဒ်များမှာ တဖြည်းဖြည်းမှေးမှိန်လာခဲ့လေသည်။ ၂၀ ရာစုတွင် ဟာ့ပ်ဆီကော့ဒ်ကို ပြန်လည်နာမည်ကြီးစေရန်အတွက် ခေတ်ပြိုင်ဟာ့ပ်ဆီကော့ဒ်မျိုး (Contemporary harpsichord) ကိုပြုလုပ်ခဲ့ကြသည်။ ယခုအခါတွင် တီးခတ်မှုနည်းပါးသော်လည်း ယင်းတူရိယာ၏အကြောင်းကိုမူ ပြောဆိုဆွေးနွှေးကြပါသည်။
ဟာ့ပ်ဆီကော့ဒ်တွင် ကြိုးတစ်ချောင်းစီကို tuning pin ခေါ် အသံချိန်သောပင်အပ်ကို ပတ်၍ချိတ်ထားသည်။[မှတ်စု 4] ယင်းပင်အပ်များသည် တီးခတ်သူဖက်အခြမ်းတွင်ရှိပြီး pinblock ဟုခေါ်သောနေရာ၌ ထည့်သွင်းထားသည်။ ပင်အပ်များကို ကိရိယာတစ်ခုဖြင့်လှည့်ပေးခြင်းဖြင့် ကြိုး၏တင်းအားကို ပြောင်းလဲနိုင်သည်။ အသံဘုတ်ပြား၏ အခြားတစ်ဖက်၌ ကြိုးထိန်း (bridge) တစ်ခုရှိပြီး သစ်သားအထူဖြင့်ပြုလုပ်ထားသည်။ အသံဘုတ်ပြားသည် ကြိုး၏တုန်ခါမှုမှ လေ၏တုန်ခါမှုသို့ လျင်မြန်စွာပြောင်းလဲပေးသည်။ အသံဘုတ်ပြားမရှိပါက တီးခတ်သည့်အသံကို တိုးတိုးသာကြားရမည်ဖြစ်သည်။
ဟာ့ပ်ဆီကော့ဒ်သည် စန္ဒရားနှင့်နည်းတူ သစ်သားဖြင့်ပြုလုပ်သည်။ သိုသော် ကီးခလုတ်များကိုမူ အဖြူအမဲအရောင်မခြယ်ဘဲ ပြောင်းပြန်ဖြစ်သောအမဲအဖြူရောင်ခြယ်သည်။ အချို့ဟာ့ပ်ဆီကော့ဒ်များ၏ ကီးခလုတ်များကိုမူ သစ်သားအရောင်အတိုင်းသာထားသည်။ ထို့အပြင် ဟာ့ပ်ဆီကော့ဒ်များကို ပန်းချီများ၊ ကနုတ်များ စသည်ဖြင့်လှပစေရန် ရေးဆွဲထားလေ့ရှိသည်။ ဖလမ်းမစ်ရှ် ဟာ့ပ်ဆီကော့ဒ်များတွင် လက်တင်စာကြောင်းများကို ထည့်ရေးလေရှိသည်။
ဟာ့ပ်ဆီကော့ဒ်၏ ခလုတ်တစ်ခုကို နှိပ်လိုက်သောအခါ ထိုခလုတ်၏အခြားတစ်ဖက်တွင် ဂျက်ခ် (jack) ကိုမစေသည်။ ယင်းဂျက်တွင် ပလက်ထရမ် (plectrum) မည်သော ကြိုးကိုတုန်ခါစေမည့် အတက်ကလေးပါဝင်သည်။ ထိုအတက်သည် ဂျက်ခ်၏အပေါ်တက်လာမှုကြောင့် ကြိုးကိုထိရာ ကြိုးတုန်ခါမှုကြောင့် အသံဖြစ်ပေါ်လာသည်။ ခလုတ်ကိုလွှတ်လိုက်သောအခါ ဂျက်ခ်သည် အနည်းငယ်တိမ်းစောင်း၍ မူလနေရာသို့ ပြန်ရောက်သည်။ ထိုသို့တိမ်းစောင်းရခြင်းမှာ ပလက်ထရမ်ကိုကြိုးနှင့် နောက်ထပ်မထိစေရန်ဖြစ်သည်။ ဂျက်ခ်သည်မူလနေရာသို့ ပြန်ရောက်သောအခါ ဂျက်ခ်၌ပါဝင်သောဒမ်ပါ (Damper) သည် ကြိုး၏တုန်ခါမှုကိုရပ်တန့်စေသည်။
ဟာ့ပ်ဆီကော့ဒ်၏ ခလုတ်များတွင် နုတ်တစ်ခုကို ပုံမှန်အားဖြင့် ကြိုးတစ်ချောင်းဖြင့် ချိတ်ဆက်ထားသည်။ အချို့ဟာ့ပ်ဆီကော့ဒ်များတွင် နုတ်တစ်ခုလျှင် ကြိုးတစ်ချောင်းထက်ပို၍ပါရှိနိုင်ပြီး ယင်းကြိုးအပိုတို့ကို သံပြိုင် (choir) ဟု တင်စားခေါ်ဝေါ်ကြသည်။ ထိုသို့ကြိုးအပိုများပါရှိသောကြောင့် အသံ၏အရည်အသွေးကို ပိုမိုကောင်းမွန်စေသည့်အပြင် တီးခတ်သူကလည်း မိမိကြိုက်နှစ်သက်ရာ ကြိုးအသံကိုရွှေးချယ်နိုင်စေသည်။ စတော့ပ် (stop) ခေါ် အသံပြောင်းခလုတ်များသည် ထိုအသံရွေးချယ်သည့်အလုပ်ကို ပြုလုပ်ပေးသည်။
ဟာ့ပ်ဆီကော့ဒ်၏ ပုံမှန်ထွက်သောအသံကို "၈ ပေ အသံ" (8-foot pitch) ဟုတင်စားခေါ်ဝေါ်ကြသည်။[မှတ်စု 6] ပုံမှန်အသံထက် အောက်တေ့ဗ် (octave) တစ်ဆင့်မြင့်လျှင် "၄ ပေ အသံ" (4-foot pitch) ဟုခေါ်သည်။ အောက်တေ့ဗ် တစ်ဆင့် နိမ့်လျှင် "၁၆ ပေ အသံ" (16-foot pitch) ဟုခေါ်ဆိုပြီး ယင်းအသံပါဝင်သော ဟာ့ပ်ဆီကော့ဒ်မျိုးမှာ ရှားသည်။ လု(တ်) (Lute) ဟုခေါ်သော တူရိယာတစ်မျိုး၏အသံလည်း ပါဝင်နိုင်ပြီး တီးခတ်ကြည့်လျှင် ယင်းတူရိယာ၏ အသံထွက်လာသည်။[မှတ်စု 7]ထို့သိုအသံပြောင်းပေးနိုင်သည့် ခလုတ်များကို "၈ ပေ စတော့ပ်" (8-foot stop) "လေးပေ စတော့ပ်" (4-foot stop) စသည်ဖြင့် ခေါ်ဆိုကြသည်။
အချို့သောဟာ့ပ်ဆီကော့ဒ်များတွင် မန်နူအယ် (Manual) တစ်ခုထက်ပို၍ (အများဆုံးနှစ်ခု)[မှတ်စု 8] ပါရှိနိုင်ပြီး အသံရွေးချယ်စရာကိုပို၍များစေသည်။ ထိုကဲ့သို့သောဟာ့ပ်ဆီကော့များတွင် မန်နူအယ်များကို လှေကားထစ်ပုံစံ စဉ်ထားရာ ကြိုက်နှစ်သက်ရာအလွှာကို တီးခတ်နိုင်သည်။
မန်နူအယ်တစ်ခုစီတွင် ကြိုးများသည် မတူညီသောကြောင့်ထွက်သောအသံသည်လည်း မတူကြပေ။ သို့ဖြစ်ရာ ထိုအသံနှစ်ခုကို ပေါင်းစပ်တီးခတ်နိုင်ရန်အတွက် coupling mechanism ခေါ် ပေါင်းစပ်ခြင်းစနစ်ကို ထည့်သွင်းပေးထားသည်။
ပြင်သစ်ဟာ့ပ်ဆီကော့ဒ်များတွင် ပေါင်းစပ်သောစနစ်သည် အကောင်းဆုံးဖြစ်သည် ဟုယူဆကြသည်။ အောက်ပိုင်းမန်နူအယ်တွင် coupler dog ခေါ်သော ပေါင်းစပ်မည့်အတက်ကလေးရှိသည်။ အောက်ပုံတွင် ဖော်ပြထားသည့်အတိုင်း ဂျက်ခ် A၊ B၊ C တစ်ခုခြင်းစီ သို့မဟုတ် သုံးခုလုံးပေါင်း၍မနိုင်သည်။
ပုံမှန်အနေအထားတွင် အောက်ခလုတ်သည် ဂျက်ခ် B သို့မဟုတ် C ကိုသာတီးခတ်နိုင်သည်။ အောက်မန်နူအယ်ကို အနည်းငယ်ဆွဲပေးခြင်းဖြင့် သို့မဟုတ် အပေါ်မန်နူအယ်ကို အနည်းငယ် တွန်းပေးခြင်းဖြင့် မန်နူအယ်နှစ်ခုပေါင်းစပ်ပြီသားဖြစ်ရာ ပေါင်းစပ်မည့်အတက်ကလေးသည် အပေါ်မန်နူအယ်၏ခလုတ်အောက်သို့ ရောက်သွားသည်။[မှတ်စု 9] ထိုအခါ အောက်မှကီးခလုတ်ကိုနှိပ်လျှင် အပေါ်မှကီးခလုတ်သည်လည်း နှိပ်ထားသကဲ့သို့ လိုက်၍နိမ့်လာမည်ဖြစ်သည်။ ပုံပြထားသည့်အတိုင်းဆိုရလျှင် ဂျက်ခ် A နှင့် B၊ A နှင့် C၊ သို့မဟုတ် ဂျက်ခ်သုံးခုလုံးတို့သည် တစ်ခါတည်းတက်လာမည်ဖြစ်သည်။
အင်္ဂလိပ်ဟာ့ပ်ဆီကော့ဒ်၏ ပေါင်းစပ်မှုစနစ်တွင် ပုံတွင်ပြထားသည့်အတိုင်း ဂျက်ခ် A ကို ခြေတံရှည်ပုံစံဖြင့်ပြုလုပ်ထားသည်။ ပြင်သစ်ဟာ့ပ်ဆီကော့ဒ်မှ ပေါင်းစပ်မည့်အတက်ကို မထည့်ထားပေ။
အပေါ်ခလုတ်ကို နှိပ်သောအခါ ဂျက်ခ် A သာတက်လာမည်ဖြစ်ပြီး အောက်ခလုတ်ကို နှိပ်မှသာ ဂျက်ခ် သုံးခုလုံးတက်လာမည်ဖြစ်သည်။
ဟာ့ပ်ဆီကော့ဒ်သည် ရှေးခေတ်တူရိယာဖြစ်သောကြောင့် ပါဝင်သောကီးခလုတ်များမှာ ယခုခေတ်စန္ဒရားကီးခလုတ်အရေအတွက်ထက် နည်းသည်။ နုတ်အကွာအဝေးမှာ အောက်တေ့ဗ် ငါးခုသာပါဝင်ပြီး ကီးခလုတ်အနေဖြင့် F1 မှ F6 အထိ (တစ်နည်း FF မှ f‴) ဖြစ်သည်။
ထိုသို့ရှေးခေတ်တူရိယာ ဖြစ်သောကြောင့် ကြိုးများကို အသံချိန်ခြင်း (Tuning) ပြုလုပ်ရာတွင် ဘားရော့ခ်ခေတ်စံဖြစ်သော A4 = 415 ဟက်ဇ် ဖြင့်ချိန်သည်။ အချို့သော ဟာ့ပ်ဆီကော့ဒ်များကိုမူ ခေတ်သစ်စံဖြစ်သော A4 = 440 ဟက်ဇ် ဖြင့်ချိန်ထားသည်။ ဟက်(ဘ်)ဟာ့ပ် (Hubharp) ကုမ္ပဏီမှ ပြုလုပ်ထားသော ခေတ်သစ်ဟာ့ပ်ဆီကော့ဒ် များတွင် 415 နှင့် 440 ဟက်ဇ် နှစ်မျိုးလုံးထည့်သွင်းထားပြီး ကြိက်နှစ်သက်ရာအသံကို ပြောင်းလဲတီးခတ်နိုင်သည်။
ဗာဂျင်နယ် (virginal) သည် ပိုမိုရိုးရှင်းပြီးသေးငယ်သော ဟာ့ပ်ဆီကော့ဒ် ပုံစံမျိုးဖြစ်၍ ထောင့်မှန်စတုဂံပုံစံ ပြုလုပ်ထားသည်။
စပင်းနက် (spinet) သည် ဟာ့ပ်ဆီကော့ဒ်တစ်မျိုးဖြစ်ပြီး ကြိုးများကို ၃၀ ဒီဂရီခန့် စောင်း၍တပ်ဆင်ထားသည်။ ထိုသို့တပ်ဆင်ထားမှုကြောင့် ကြိုးများမှာအလွန်ကပ်လျက်ရှိပြီး ဂျက်ခ်များကို ကျောခြင်းကပ်၍တပ်ဆင်ထားရသည်။
ကလာဗီစစ်သရီယမ် (Clavicytherium) သည် ဟာ့ပ်ဆီကော့ဒ်ပင်ဖြစ်သော်လည်း ကြိုးများနှင် အသံဘုတ်ပြားများကို အလျားလိုက်မဟုတ်ဘဲ မတ်မတ်တပ်ဆင်ထားသည်။ ထိုသို့တပ်ဆင်ထားခြင်းကြောင့် နေရာသက်သာစေသည်။ ယင်းတူရိယာ၏ အလုပ်လုပ်ပုံမှာ အနည်းငယ် ရှုပ်ထွေးသည်။
အောက်တာဗီနို (Ottavino) သည် စပင်းနက် သို့မဟုတ် ဗာဂျင်နယ် အသေးစားမျိုးဖြစ်သည်။ အသံအားဖြင့် အောက်တေ့ဗ် တစ်ဆင့်မြင့်သည်။ ယင်းတူရိယာမျိုးသည် ၁၉ ရာစုအထိ အီတလီနိုင်ငံ၌ အိမ်တွင်းတူရိယာအဖြစ် နာမည်ကြီးခဲ့သည်။
ပက်ဒယ်ဟာ့ဆီကော့ဒ် (Pedal harpsichord) သည် ပုံမှန်ဟာ့ပ်ဆီကော့ဒ်မျိုးကို ခြေနင်းခလုတ်များဖြင့် ချိတ်ဆက်ထားရာ လက်နှစ်ဖက်အပြင် ခြေထောက်များဖြင့်ပါ တီးခတ်နိုင်သည်။ ယင်းတူရိယာမျိုးကို အော်ဂန်တီးခတ်သူများက နှစ်သက်ကြသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.