ဟစ်ဟော့ ဂီတ
From Wikipedia, the free encyclopedia
ဟစ်ဟော့ ဂီတ (hip hop music)[1] သည် ၁၉၇၀ ခုနှစ်လောက်က နယူးယောက်မြို့ရှိ အာဖရိကန်-အမေရိကန် များအစပြုခဲ့သော ယဉ်ကျေးမှု လှုပ်ရှားမှုတစ်ရပ် ဖြစ်သည်။ ဟစ်ဟော့ ယဉ်ကျေးမှုတွင် အဓိကအစိတ်အပိုင်း လေးမျိုး ပါဝင်ပြီး၊ ၎င်းတို့မှာ
- rapping (သီချင်းစာသားများအား ကာရံနှင့်အညီ ရွတ်ဆိုခြင်း)
- DJing (ဓာတ်ပြားများအား ပွတ်ခြင်း၊ ခေတ္တရပ်အောင်လုပ်ခြင်းဖြင့် ဆန်းပြားသောအသံများ ထွက်လာစေခြင်း)
- graffiti (နံရံဆေးရေးပန်းချီတစ်မျိုး) နှင့်
- b-boying (ဘရိတ်ဒန့်(စ်)အက).[2][3][4]
တို့ပါဝင်သည်။ အခြား အစိတ်အပိုင်းများအဖြစ် Beatboxing (ပါးစပ်ဖြင့် စည်းချက်များပြုလုပ်ခြင်း)၊ Fashion (ဝတ်စားဆင်ယင်မှု ပုံစံ) နှင့် Slang (ဗန်းစကားများ အသုံးပြုခြင်း) တို့လည်းပါဝင်သည်။ ပထမဆုံးအကြိမ် Bronx နယ်မြေတွင် ကျင်းပအစပြုရာမှ ဟစ်ဟော့ ယဉ်ကျေးမှုသည် ကမ္ဘာအနှံ့ ကျယ်ပြန့်သွားခဲ့သည်။
ဟစ်ဟော့ဂီတသည် DJs (Disc Jockey) များက Turntables ဟုခေါ်သော ဓာတ်ပြားဖွင့်စက်နှစ်လုံးနှင့် စည်းချက်ညီသော ရိုက်ချက်သံများ ထွက်လာအောင် ဖန်တီးခြင်းဖြင့် စတင်ခဲ့သည်။ နောက်ပိုင်း ထိုရိုက်ချက်များပေါ်တွင် Rap ဟုခေါ်သော ကာရံညီအောင် ရွတ်ဆိုသွားသည့် တေးစာသားများကို ထည့်သွင်း ပေါင်းစပ်ခဲ့သည်။ ထိုကဲ့သို့ရွတ်ဆိုခြင်းကို rapping ဟုခေါ်ကာ သီဆိုသူများကို rapper ဟုသုံးနှုန်းသည်။ နောက်ပိုင်းတွင် သီဆိုသူ Rapper များကို MC ဟုလည်းခေါ်ကြသည်။ ဆန်းကြယ်သော အကပုံစံများနှင့် သီးခြားဝတ်စားဆင်ယင် ပုံစံမျိုးသည် ထိုဂီတသစ်ကို ကြိုက်နှစ်သက်သော လူများကြားတွင် ခေတ်စားလာသည်။ ထိုဝတ်စားဆင်ယင်ပုံစံ များသည် ယဉ်ကျေးမှုသမိုင်းတွင် ဟစ်ဟော့ ယဉ်ကျေးမှုကို အသိမှတ်ပြု လာရအောင် လွှမ်းမိုးလာခဲ့သည်။
မြန်မာနိုင်ငံတွင် rap ဂီတကို မျိုးကျော့မြိုင် မှအစပြု သီဆိုခဲ့သော်လည်း ဟစ်ဟော့ဂီတအဖြစ် ပီပီပြင်ပြင် ပေါ်ပေါက်လာခြင်း မရှိခဲ့ပေ။ မြန်မာနိုင်ငံ၏ပထမဆုံးဟစ်ဟော့ အယ်လဘမ်အဖြစ် အက်စစ်အဖွဲ့၏ စတင်ခြင်း အခွေ ၂၀၀၀ ခုနှစ်တွင် ထွက်လာခဲ့သည်။ ထိုနောက်ပိုင်းတွင် ဟစ်ဟော့ဂီတသည် မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ပေါ်ပြူလာ ဖြစ်နေသော ဂီတအမျိုးအစား ဖြစ်လာသည်။ မြန်မာနိုင်ငံတွင် တခြားသော ဟစ်ဟော့ယဉ်ကျေးမှုများထက် fashion နှင့် rapping တို့ကို လူငယ်များ ပိုကြိုက်နှစ်သက်ကြသည်။