![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/0/0d/16-09-17-WikiLovesCocktails-Zutaten-Img0144.jpg/640px-16-09-17-WikiLovesCocktails-Zutaten-Img0144.jpg&w=640&q=50)
သံပရာ
From Wikipedia, the free encyclopedia
သံပရာသည် ရှောက်၊ လိမ်မော်၊ ကျွဲကော၊ ရှောက်ချိုစသည်တို့နှင့်အတူ ရူတေးစီအီးမျိုးရင်းတွင် ပါဝင်၍ ယင်း၏ရုက္ခဗေဒအမည်မှာ စစ်ကြပ်အော်ရင် တီဖောလီး ယား ဖြစ်သည်။ သံပရာပင်၏မူလပေါက်ရာဒေသမှာ အရှေ့အိန္ဒိယကျွန်းစုဖြစ်သည်ဟုယူဆကြ၍ထိုမှတဆင့် မြန်မာနိုင်ငံအပါအဝင် အာရှတိုက်အရှေ့တောင်ပိုင်း တိုင်းပြည် များသို့ ယူဆောင်စိုက်ပျိုးကြလေသည်။ အာရှတိုက်မှ တဖန် အာဖရိကမြောက်ပိုင်းနှင့် ဥရောပတောင်ပိုင်းရှိ မြေထဲပင်လယ် ကမ်းခြေတလျှောက် တိုင်းပြည်များသို့ ပျံ့နှံ့သွားလေသည်။ ၁၆ ရာစု ခေတ်ဦးပိုင်းလောက်တွင် စပိန်နှင့်ပေါ်တူဂီလူမျိုးတို့ သည် သံပရာပင်မျိုး ကိုအမေရိကတိုက်နှင့် အနောက်အိန္ဒိယ ကျွန်းစုများသို့ စတင်ယူဆောင်စိုက်ပျိုးခဲ့ကြသဖြင့် ယခုအချိန်၌ အမေရိကန်ပြည်ထောင်စုမက္ကဆီကိုပြည်နယ်နှင့်အနောက်အိန္ဒိယ ကျွန်းစုများတွင် သံပရာပင်ကို အမြောက်အမြားစိုက်ပျိုးထား ကြသည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/0/0d/16-09-17-WikiLovesCocktails-Zutaten-Img0144.jpg/640px-16-09-17-WikiLovesCocktails-Zutaten-Img0144.jpg)
သံပရာပင်ကိုမြန်မာနိုင်ငံတွင်အနှံ့အပြားစိုက်ပျိုးကြ၍ မြစ်ငယ်၊ ရွှေကျင်၊ မုတ္တမနှင့် တောင်ငူ နယ်များတွင် အမြောက်အမြား စိုက်ပျိုးကြသည်။ ထိုနယ်များမှ အခြားနယ်များသို့တင်ပို့ရောင်းချကြသည်။ မြန်မာနိုင်ငံတွင် သံပရာပင်ကို အစေ့စိုက်၍လည်းကောင်း၊ မြေထုပ်စည်းနည်းဖြင့်လည်းကောင်း မျိုးပွားယူကြသည်။ မြေထုပ် စည်းနည်းဖြင့်စိုက်ပျိုးပါက အပင်ကြီးထွားမြန်၍ အသီးလည်းသီးမြန်သော်လည်း ဤနည်းဖြင့်မစိုက်ပဲ အစေ့မှစိုက်ပျိုးကြသည်သာများကြသည်။
သံပရာပင်စိုက်ပျိုးသောအခါ အတန်းလိုက် တပင် နှင့် တပင် အနည်းဆုံး ၁၅ပေခန့်ခွာစိုက်ပျိုးမှသာ အသီးများစွာသီးနိုင်သည်။ သံပရာပင်သည်အပင်ပုမျိုးဖြစ်၍ အပင်အမြင့်ရှစ်ပေမှ ၁၅ပေအထိသာရှိသည်။ အရွက်မှာငယ်၍စိမ်းဖျော့ဖျော့အရောင်ရှိ သည်။ ဆူးတက်ကလေးများပေါသောအပင်ဖြစ်သည်။ စ၍စိုက်သည်မှ သုံးနှစ် သို့မဟုတ် လေးနှစ်တွင်စ၍ သီးတော့ သည်။ အသီးသည်အချို့ငယ်၍ အချို့ကြီးလျက် အချို့မှာလုံး၍ အချို့သည် ဘဲဥပုံမျိုးဖြစ်သည်၊အရည်ရွှမ်း၍ရှောက်သီးထက်ပို၍ ချဉ်၏။ အခွံပါး၍ အသီးမှည့်လာသောအခါအရောင်မှာ စိမ်းဝါဝါ ဖြစ်လာသည်။ သံပရာသီးမှ သံပရာရည်ကိုထုတ်ယူ၍ဖျော်ရည် ပြုလုပ်ရန်နှင့် စားသောက်ဖွယ်ရာတို့၌ အနံ့အရသာဖြည့်စွက်ရန် အသုံးပြုကြသည်။ ဟင်းလျာများ ချက်ပြုတ်ရာ၌လည်း သံပရာရည်ကိုအသုံးပြုကြသည်။ သံပရာခွံမှအဆီထုတ်၍ရသဖြင့် အနောက်အိန္ဒိယကျွန်းစုသည်ထိုသံပရာဆီထုတ်သည့်လုပ်ငန်း၏ အချက်အချာဒေသဖြစ်သည်။
သံပရာပင်သည်တစ်ဆယ့်နှစ်ရာသီပတ်လုံးအသီးမပြတ်ဟု ဆိုရသော်လည်း မိုးလများဖြစ်သည့် ဇွန်လမှ အောက်တိုဘာလ အထိသည် အပင်၌အသီးလှိုင်ဆုံးအချိန်ဖြစ်၍ အလုံးကလည်း ကြီးလာသည်။ မြန်မာနိုင်ငံမှထွက်သောသံပရာသီးမှာ ပြည်တွင်းသုံးအတွက်မလုံလောက်သဖြင့် အိန္ဒိယနိုင်ငံမဒရပ်ပြည်နယ်မှ ဝယ်ယူတင်သွင်းခဲ့ရသေးသည်။
ယခုအခါ ပြည်တွင်းသုံး လုံလောက်အောင် ပိုမိုစိုက်ပျိုးလာကြသည်။ သံပရာသီးကို သနပ်၊ ယို၊ စသည်ဖြင့်လည်းပြုလုပ်ကြသည်။ သံပရာဖျော်ရည်ကိုလည်း ပူပြင်းသည့် နွေအခါ၌ လူတို့သောက်သုံးကြသည်။[1]