သဘာဝပတ်ဝန်းကျင်
ကမ္ဘာမြေ (သို့) ယင်း၏အချို့သောဒေသများတွင် သဘာဝအတိုင်းဖြစ်ပေါ်နေသည့် သက်ရှိနှင့် သက်ရှိ-မဟု / From Wikipedia, the free encyclopedia
သဘာဝပတ်ဝန်းကျင် သို့မဟုတ် သဘာဝလောကသည် သဘာဝအတိုင်းဖြစ်ပေါ်နေသည့် သက်ရှိများနှင့် သက်ရှိ-မဟုတ်သည်များ အားလုံးအပါအဝင် အရာခပ်သိမ်းအပေါ် လွှမ်းခြုံထားသည့် လူသားများ ဖန်တီးပြုလုပ်ထားခြင်း-မဟုတ်သော အရာများကို ခေါ်ဆိုခြင်းဖြစ်သည်။ ဤဝေါဟာရအား ကမ္ဘာမြေ သို့မဟုတ် ကမ္ဘာမြေ၏ အချို့သောအစိတ်အပိုင်းများအပေါ် ရည်ညွှန်းသုံးနှုန်းလေ့ရှိသည်။ ထိုပတ်ဝန်းကျင်သည် သက်ရှိမျိုးစိတ်များ၊ ရာသီဥတု၊ မိုးလေဝသ နှင့် သဘာဝရင်းမြစ်များ စသည့်အရာအားလုံးတို့၏ အပြန်အလှန် အကျိုးသက်ရောက်မှုအပေါ် လွှမ်းခြုံနေပြီး လူသားတို့၏ ရှင်သန်ရေးနှင့် စီးပွားရေးလုပ်ငန်းများအပေါ်သို့လည်း သက်ရောက်မှုရှိလေသည်။[1]
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အယူအဆအား အစိတ်အပိုင်းများအဖြစ် အောက်ပါအတိုင်းခွဲခြမ်းကြည့်နိုင်သည် -
- ၎င်းတို့၏ သက်ဆိုင်ရာ သဘာဝနှင့် နယ်နိမိတ်များအတွင်း ဖြစ်ပေါ်နေသည့် သဘာဝပေါက်ပင်များ၊ အဏုဇီဝသက်ရှိများ၊ မြေဆီလွှာ၊ ကျောက်စိုင်ကျောက်သားများ၊ လေထု နှင့် သဘာဝဖြစ်စဉ်များ အားလုံးအပါအဝင် ယဉ်ကျေးမှုထွန်းကားပြီး လူသားများ၏ ကြီးကြီးမားမား ဝင်ရောက်စွက်ဖက်မှုမရှိဘဲ သဘာဝအလျောက်ဖြစ်ပေါ်နေသည့် စနစ်များဖြစ်သော ပြီးပြည့်စုံသည့် ဂေဟစနစ်ယူနစ်များ။
- လေ၊ ရေ၊ ရာသီဥတုတို့သာမက ယဉ်ကျေးမှုထွန်းကားပြီး လူသားတို့၏ လုပ်ဆောင်မှုများမှ ကနဦးအစပြုခဲ့ခြင်းမဟုတ်သော စွမ်းအင်၊ ဓာတ်ရောင်ခြည်၊ လျှပ်စစ်ဓာတ်အားနှင့် သံလိုက်ဓာတ်တို့ကဲ့သို့ ၎င်းတို့၏ သက်ဆိုင်ရာနယ်နိမိတ် တိတိကျကျ ပိုင်းခြားသတ်မှတ်ထားခြင်းမရှိသည့် ရုပ်ပိုင်းဆိုင်ရာ ဖြစ်ရိုးဖြစ်စဉ်များ နှင့် တလောကလုံးနှင့်သက်ဆိုင်သည့် သဘာဝရင်းမြစ်များ။
သဘာဝပတ်ဝန်းကျင်၏ ဆန့်ကျင်ဘက်အရာသည် လုပ်ယူဖန်တီးထားသော ပတ်ဝန်းကျင်ဖြစ်သည်။ စိုက်ပျိုးမြေများနှင့် မြို့ပြနေရာများအဖြစ် ပြောင်းလဲခြင်းကဲ့သို့သော လုပ်ယူဖန်တီးထားသည့် ပတ်ဝန်းကျင်များကြောင့် သဘာဝပတ်ဝန်းကျင် ရှုခင်းများသည် အခြေခံကျကျ ပြောင်းလဲထားသည့် ရိုးရှင်းသော လူ့ပတ်ဝန်းကျင်အဖြစ်သို့ ပြောင်းလဲသွားပါသည်။ သဲကန္တာရတွင် ရွှံ့တဲ (သို့) နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ် ဆောက်လုပ်ခြင်းကဲ့သို့ အလွန်အကျွံပြုလုပ်ထားမှု နည်းပါးသည်ဟု ထင်ရသော လုပ်ရပ်များသည်ပင် ပြုပြင်ထားသော ပတ်ဝန်းကျင်သည် အသွင်ယောင်ဖြစ်လာသည်။ တိရစ္ဆာန်များစွာသည် ၎င်းတို့အတွက် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်ကိုပေးစွမ်းနိုင်သည့် အရာများကို ဖန်တီးကြသော်လည်း ၎င်းတို့သည် လူသားများမဟုတ်သောကြောင့် ဘီဗာရှဉ့်ဝံများ၏ ရေကာတာများ နှင့် ခြတောင်ပို့များ ကဲ့သို့သော အရာများအား သဘာဝအတိုင်းဖြစ်တည်မှုအဖြစ်သာ ယူဆကြသည်။
လူတို့သည် ကမ္ဘာမြေပေါ်တွင် အလုံးစုံ သဘာဝအတိုင်းဖြစ်တည်နေသည့် ပတ်ဝန်းကျင်ကို ရှာဖွေတွေ့ရှိနိုင်ရန် မဖြစ်နိုင်သောကြောင့် အများအားဖြင့် သဘာဝတရား၏ ဖြစ်တည်မှုသည် ၁၀၀% မှ ၀% အစွန်းတစ်ဖက်ဆီအထိ ကွဲပြားလေသည်။ အန်သရိုပေါ့ဆင်း(န်) (Anthropocene) အဏုယုဂ် ကာလမှ စတင်ခဲ့သည့် လူသားမျိုးနွယ်၏ ကြီးမားသော ပတ်ဝန်းကျင်ပြောင်းလဲမှုများသည် ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးမှု၊ လေထု နှင့် ရေထုများအား ညစ်ညမ်းမှု ဖြစ်စေသော ပလတ်စတစ် ညစ်ညမ်းမှု နှင့် အခြားဓာတုပစ္စည်းများမှ ညစ်ညမ်းမှုများအပါအဝင် သဘာဝပတ်ဝန်းကျင်အားလုံးကို အကျိုးသက်ရောက်စေခဲ့သည်။ ပို၍တိကျစွာဆိုရလျှင် ကျွန်ုပ်တို့သည် ပတ်ဝန်းကျင်တစ်ခု၏ မတူညီသောသွင်ပြင်လက္ခဏာများ သို့မဟုတ် အစိတ်အပိုင်းများကို သုံးသပ်နိုင်ပြီး ၎င်းတို့၏ သဘာဝအတိုင်းဖြစ်တည်နေမှုသည် တပြေးညီမဟုတ်ကြောင်း သိမြင်နိုင်သည်။[2] ဥပမာအားဖြင့်၊ စိုက်ပျိုးရေးနယ်ပယ်တစ်ခုတွင် ၎င်း၏ မြေဆီလွှာဖွဲ့စည်းပုံ နှင့် ဓာတ်သတ္တုဖွဲ့စည်းပုံသည် အနှောက်အယှက်ကင်းသော သစ်တောတစ်ခု၏ မြေဆီလွှာနှင့် ဆင်တူသော်လည်း တည်ဆောက်ပုံမှာ အလွန်ကွာခြား၏။