ဝိဉာဉ်လွင့်ပြေး အဝေး
ဟယအို မိယဇခိ ရိုက်ကူးသော ၂၀၀၁ ခုနှစ် ကာတွန်းရုပ်ရှင် / From Wikipedia, the free encyclopedia
ဝိဉာဉ်လွင့်ပြေး အဝေး (Spirited Away (千と千尋の神隠し, Sen to Chihiro no Kamikakushi?, 'Sen and Chihiro’s Spiriting Away') သည် ဟယအို မိယဇခိ (Hayao Miyazaki) က ရေးသား၊ ရိုက်ကူးသော၂၀၀၁ ခုနှစ် ဂျပန် အန်နီမေးရှင်း စိတ်ကူးယဉ် ရုပ်ရှင် ဖြစ်သည်။ တိုခမ ရှောတင်း၊ နိပွန် တယ်လီဗေးရှင်းနက်ဝပ်၊ ဒဲင်းတျူး၊ ဘုအဲန ဗွီစတာဟုမ်း အင်တာတိန်းမန့်တို့အတွက် စတူဒီယို ဂစ်ဘလီ (Studio Ghibli) က ကာတွန်းအရှင် ရေးဆွဲသည်။ ရုပ်ရှင်ထဲတွင်၊ ရူမိ ဟီးရငိ၊ မိယု အိရီနို၊ မာရိ နတျုကိ၊ တကဲရှိ နိုင်းတို၊ ယစုကို စာဝငုချိ၊ တျုနဲဟိကို ကမိဂျော၊ တကဲဟိကို အိုနို နှင့် ဘွန်းတ စုငဝါရ တို့ ပါဝင်သည်။ ဝိဉာဉ်လွင့်ပြေး အဝေးသည် အိမ်သစ် ပြောင်းရွှေ့နေစဉ်၊ မမျှော်လင့်ဘဲ ခမိလောက (Kami, ဂျပန်ရှင်တိုဘာသာ ရိုးရာပုံပြင်ထဲမှ နတ်ဝိဉာဉ်များ) သို့ ဝင်ရောက်မိသွားသူ ၁၀ နှစ်သား ကလေးမလေး ချိဟိရို အိုငိနို အကြောင်းကို ပုံဖော်ထားသည်။ သူမ၏ မိဘနှစ်ပါးသည် စုန်းမကြီး ယုဘာဘာကြောင့် ဝက်များအဖြစ် ပြောင်းလဲသွားပြီးနောက်၊ ချိဟိရိုသည် ယုဘာဘာပိုင်သော ရေချိုးရုံတွင် အလုပ် ရှာဖွေ လုပ်ကိုင်ရကာ၊ သူမကိုယ် သူမနှင့် မိဘနှစ်ပါးပါ လွတ်မြောက်ရန် နည်းလမ်းကိုလည်းကောင်း၊ လူ့လောကသို့ ပြန်လာရန် နည်းလမ်းကိုလည်းကောင်း ရှာဖွေရလေသည်။
ဝိဉာဉ်လွင့်ပြေး အဝေး | |
---|---|
Chihiro, dressed in bathhouse work clothes is standing in front of an image containing a group of pigs and the city behind her. Text below reveal the title and film credits, with the tagline to Chihiro's right. Japanese theatrical release poster | |
အခြေခံအချက်အလက် | |
ဒါရိုက်တာ | Hayao Miyazaki |
ထုတ်လုပ်သူ | Toshio Suzuki |
စာရေးသူ | Hayao Miyazaki |
သရုပ်ဆောင် |
|
ဂီတမှူး | Joe Hisaishi |
ဓာတ်ပုံ | Atsushi Okui |
တည်းဖြတ် | Takeshi Seyama |
ထုတ်လုပ်ရေး ကုမ္ပဏီ | Studio Ghibli |
ကြာမြင့်ချိန် | 125 minutes[1] |
နိုင်ငံ | Japan |
ဘာသာစကား | Japanese |
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း | |
ဖြန့်ချိသည့်နေ့ | ၂၀ ဇူလိုင် ၂၀၀၁; ၂၂ နှစ် အကြာက (၂၀၀၁-၀၇-20) |
ထုတ်ဝေသူ | Toho |
ကုန်ကျငွေ | |
ရောင်းရငွေ | US$၃၅၂.၃ million (worldwide)[5] |
သူ့အိမ်သို့ နွေရာသီရောက်တိုင်း လာလည်တတ်သော၊ ရုပ်ရှင်လက်ထောက်ထုတ်လုပ်သူလည်း ဖြစ်ထသော သူ့သူငယ်ချင်း ဆေးဂျိ အိုကုဒါ ၏ ၁၀ နှစ် သမီးအပေါ် ရုပ်ရှင်ဇာတ်အိမ်ကို တည်လိုက်ရန် ဆုံးဖြတ်ချက် ကျပြီးနောက်၊ မိယဇခိသည် ဇာတ်ညွှန်း ရေးတော့သည်။ ထိုအချိန်က မိယဇကိမှာ ကိုယ်ပိုင် ပရောဂျက် နှစ်ခု လုပ်နေဆဲ ဖြစ်ပြီး၊ နှစ်ခုလုံး အပယ်ခံရသည်။ ဘတ်ဂျက် ကန်ဒေါ်လာ ၁၉ သန်းဖြင့်၊ ဝိဉာဉ်လွင့်ပြေး အဝေး၏ ထုတ်လုပ်မှုကို ၂၀၀၀ ပြည့်နှစ်တွင် စသည်။ မိယဇခိ၏ မိတ်ဆွေလည်းဖြစ်၊ ပရိသတ်လည်း ဖြစ်သူ Pixar အန်နီမေတာ ဂျွန် လက်ဆစ်တာက ၎င်းရုပ်ရှင်၏ မြောက်အမေရိက ဖြန့်ချိရေးမူပိုင်ကို ဝယ်ယူရန် ဝေါလ်ဒစ္စနေထုတ်လုပ်ရေးကို ဆွဲဆောင်နိုင်ခဲ့ကာ၊ သူကမူ ရုပ်ရှင်ကို အင်္ဂလိပ်အသံထပ် မူ၏ စီမံရေး ထုတ်လုပ်သူအဖြစ် တာဝန်ယူသည်။ ထို့နောက် ဒါရိုက်တာအဖြစ် ကီးယာ့ဝိုက်၊ ထုတ်လုပ်သူအဖြစ် ဒေါ်နယ် ဝ. အားနက် တို့ကို လက်ဆစ်တာက ငှားရမ်းပြီး၊ ဇာတ်ညွှန်းခွဲသူ စင်ဒီနှင့် ဒေါ်နယ် ဟဝစ်တို့က ဇာတ်ကောင်များ၏ မူရင်း ဂျပန်စကား နှုတ်ခမ်းလှုပ်ရှားမှုကို လိုက်ကာ အင်္ဂလိပ်ဘာသာ ဒိုင်ယာလော့များကို ပြန်ရေးသည်။
၂၀၀၁ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ဂျပန်၌ တိုဟိုဖြန့်ချိရေးက စတင်ရုံတင်လိုက်ရာ၊ ကမ္ဘာတဝန်း ဒေါ်လာ ၃၅၂ သန်း မြတ်စွန်းလျက်၊ ကောင်းလှပေသည်ဟု အများ ချီးကျူးခြင်းကို ခံရပြီး၊ ထုတ်လုပ်ခဲ့သမျှတွင် အကြီးကျယ်ဆုံး အန်နီမေးရှင်း ရုပ်ရှင်များထဲ အဆင့်သတ်မှတ်ခြင်း မကြာခဏပင် ခံရသည်။ ထိုက်သည့်အားလျော်စွာ၊ ၎င်းရုပ်ရှင်သည် ဂျပန်ရုပ်ရှင်ဇယားတွင် တိုက်တန်းနစ် (ထိုစဉ်က ကမ္ဘာတွင် ထိပ်ဆုံးက အမြတ်ရနေသော ကား) ကို ကျော်လွန်ကာ၊ ယန်း ၃၀.၈ ဘီလျံနှင့် ဂျပန်သမိုင်းတွင် အအောင်မြင်ဆုံးနှင့် အမြတ်အစွန်း အမြင့်ဆုံး ရုပ်ရှင် ဖြစ်လာသည်။ ၇၅ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲ၌၊ အကောင်းဆုံး အန်နီမဲအတွက် အကယ်ဒမီဆုကို ရရှိခဲ့၍၊ ၎င်းကာတွန်းရုပ်ရှင်သည် ပထမဦးဆုံးနှင့် (ယနေ့ထိ တခုတည်းသော) လက်ဖြင့်ဆွဲပြီး အင်္ဂလိပ်ဘာသာ မဟုတ်သော အန်နီမေးရှင်းကား ဖြစ်လာသည်။ ၂၀၀၂ ဘာလင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၌ ရွှေဝက်ဝံဆု (Golden Bear) ကို သွေးစွန်းသော တနင်္ဂနွေ(Bloody Sunday) ရုပ်ရှင်နှင့် ပူးတွဲ ရရှိသည်။ ဗြိတိန်ရုပ်ရှင်ကုမ္ပဏီ၏ “အသက် ၁၄ နှစ်ထိ ကလေးများအတွက် ထိပ်ဆုံး ရုပ်ရှင်ကား ၅၀” စာရင်းတွင် အထူး ၁၀ စာရင်းဝင်သည်။ ၂၀၁၆ တွင် ဘီဘီစီက ကမ္ဘာတဝန်းမှ ရုပ်ရှင်ဝေဖန်ရေးဆရာ ၁၇၇ ဦးကို ရွေးခိုင်းရာ၊ ၎င်းသည် ၂၁ ရာစု၏ စတုတ္ထမြောက် အကောင်းဆုံး ရုပ်ရှင်ဟု မဲပေးခံရပြီး၊ စာရင်းတွင် တန်းအမြင့်ဆုံး ကာတွန်းရုပ်ရှင် ဖြစ်သွားသည်။ ၂၀၁၇ တွင်၊ ၂၁ ရာစု၏ အကောင်းဆုံး ရုပ်ရှင်စာရင်းတွင် နံပါတ်နှစ်အဖြစ် နယူးယောက်တိုင်းစ်က စာရင်းသွင်းခြင်းကို ခံရသည်။